၂၀၂၄ ခုနှစ်တွင် ဖင်လန်နိုင်ငံ၌ အိမ်တွင်းအကြမ်းဖက်ခံရမှုကြောင့် ယာယီ ခိုလှုံရေးစခန်းများတွင် နေထိုင်ခဲ့ရသူ အရေအတွက် စံချိန်တင် မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန Finnish Institute for Health and Welfare (THL) က ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် ထုတ်ပြန်သည်။ အိမ်တွင်းအကြမ်းဖက်ခံရသူ စုစုပေါင်း (၅,၇၅၉) ဦး ခိုလှုံရေးစခန်းများတွင် နေထိုင်ခဲ့ရပြီး ထိုအရေအတွက်မှာ ၂၀၂၃ ခုနှစ်ကထက် (၄၀၀) ခန့် တိုးလာခြင်း ဖြစ်သည်။
ဖင်လန်တွင် အိမ်တွင်းအကြမ်းဖက်ခံရမှုအတွက် အကူအညီရယူနိုင်ရန် ခိုလှုံရေးနေရာများ ပိုမို လိုအပ်နေသည့် နယ်မြေများရှိနေဆဲဟု ဆိုသည်။ ၂၀၂၄ ခုနှစ်တွင် Kuopio ၌ ခိုလှုံရေးနေရာ (၅) ခု တိုးချဲ့ခဲ့ပြီး ထိုနယ်မြေမှာ အိမ်တွင်းအကြမ်းဖက်ခံရသူများ ခိုလှုံလာမှု ပိုများလာခဲ့သည်။ အခြားတစ်ဖက်တွင် ဖင်လန်နိုင်ငံ အလယ်ပိုင်းရှိ လူ (၇) ဦးအတွက် ခိုလှုံနိုင်သော Äänekoski ခိုလှုံရေးစခန်းကို ၂၀၂၄ ခုနှစ် ဧပြီလကုန်တွင် ပိတ်သိမ်းခဲ့သည်
“လတ်တလော နှစ်တွေထဲမှာ ခိုလှုံရာ နေရာများ ရရှိနိုင်မှု အခြေအနေက သိသိသာသာ တိုးတက်လာခဲ့ပေမဲ့ လူဦးရေနဲ့ နှိုင်းယှဉ်ရင်တော့ ဒီလိုနေရာတွေ နည်းပါးနေသေးတဲ့ ဒေသတွေ ရှိနေဆဲဖြစ်ပါတယ်" ဟု THL ၏ ခိုလှုံရေးစခန်းဆိုင်ရာ ဖွံ့ဖြိုးရေး မန်နေဂျာ Suvi Nipuli က ပြောခဲ့သည်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ စာရင်းများအရ ဖင်လန်နိုင်ငံတွင် စုစုပေါင်း ခိုလှုံရေးစခန်း (၂၈) ခုရှိပြီး မိသားစုဝင်များနှင့်အတူ သို့မဟုတ် တစ်ဦးတည်း လာရောက်ခိုလှုံသူများအတွက် စုစုပေါင်း နေရာ (၂၂၈) ခု စီစဥ်ပေးထားကြောင်း သိရသည်။
No comments
Post a Comment