Slider

၂၀၂၄ ခုနှစ်တွင် ဖင်လန်နိုင်ငံ၌ နေထိုင်ခွင့်ပေးမှု လျော့နည်းသွားခဲ့

 ဖင်လန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သော စာရင်းများအရ ၂၀၂၄ ခုနှစ်တွင် နေထိုင်ခွင့် လျှောက်ထားမှု အရေအတွက် မြင့်တက်ခဲ့သော်လည်း ဌာနက အခြေချနေထိုင်ခွင့် ထုတ်ပေးမှုမှာ ၂၀၂၃ ခုနှစ်ကထက် လျော့နည်းကြောင်း သိရသည်။ စီးပွားရေးကျဆင်းမှုကြောင့် ဖင်လန်နိုင်ငံသို့ အလုပ်သမား ရွှေ့ပြောင်းနေထိုင်မှု လျော့နည်းလာသော်လည်း နေထိုင်ခွင့် လျှောက်ထားမှု အရေအတွက်မှာ သမိုင်းတလျှောက် မြင့်မားနေဆဲ ဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ကျောင်းသားများနှင့် အလုပ်သမားများ၊ ကျောင်းသားများ၏ မိသားစုဝင်များထံမှ နေထိုင်ခွင့်လျှောက်ထားမှု အရေအတွက် စံချိန်တင်မြင့်တက်ခဲ့သော်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက နေထိုင်ခွင့်ရရှိသူ အရေအတွက် လျော့နည်းခဲ့သည်။ ထို့အတောအတွင်း နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှုအတွက် လျှောက်ထားမှု အရေအတွက်မှာလည်း သိသိသာသာ လျော့နည်းခဲ့ကြောင်း တွေ့ရသည်။

"ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေရှိနေပေမဲ့ ခိုလှုံခွင့် လျှောက်ထားမှု အရေအတွက်က အသင့်အတင့်ပဲရှိပြီး အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ထက်ဝက်နီးပါးလျော့နည်းသွားပါတယ်။ အရှေ့အလယ်ပိုင်းဒေသရဲ့ အခြေအနေက ဖင်လန်နိုင်ငံမှာ ခိုလှုံခွင့် လျှောက်ထားမှု အရေအတွက်ကို သက်ရောက်မှု မရှိပါဘူး" မထင်ဟပ်ပါ" ဟု ဖင်လန် လူဝင်မှုကြီးကြပ်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ilkka Haahtela က ပြောခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ဖင်လန် လူဝင်မှုကြီးကြပ်ရေးဌာနက စုစုပေါင်း လျှောက်လွှာ (၁၉၆,၀၀၃) ကို လက်ခံရရှိခဲ့သည်။ ဌာနက ၂၀၂၄ ခုနှစ်အတွင်း နေထိုင်ခွင့် ဆုံးဖြတ်ချက် (၁၈၈,၄၅၄) ခုကို ထုတ်ပြန်ခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးဌာနက နေထိုင်ခွင့် လျှောက်ထားမှုဆိုင်ရာ ဆုံးဖြတ်ချက် (၁၁၉,၂၉၈) ခု၊ ခိုလှုံခွင့်ဆိုင်ရာ ဆုံးဖြတ်ချက် (၄,၁၇၆) ခုနှင့် ယာယီ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဆုံးဖြတ်ချက် (၁၃,၃၇၃) ခုကို ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်တွင် နေထိုင်ခွင့် သက်တမ်းတိုးရန် ခွင့်ပြုချက် လျှောက်ထားမှု အရေအတွက်မှာ ယခင်နှစ်ထက် (၂၀) ရာခိုင်နှုန်းကျော် ပိုများခဲ့သည်။ အလုပ်အကိုင် အခြေခံ ရွှေ့ပြောင်းနေထိုင်ခွင့် လျှောက်ထားမှုမှာ ၂၀၂၄ ခုနှစ်တွင် ၂၀၂၃ ခုနှစ်ကထက် (၁၂) ရာခိုင်နှုန်းခန့် လျော့နည်းခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ဖင်လန်နိုင်ငံ၌ အလုပ်အကိုင်အတွက် နေထိုင်ခွင့် လျှောက်ထားမှုများတွင် ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ တရုတ်နှင့် ဗီယက်နမ် နိုင်ငံတို့မှ အများဆုံး ဖြစ်သည်။



0

No comments

Post a Comment

blogger