Kansallinen Kokoomus (National Coalition Party-NCP) ဦးဆောင်သော (4) ပါတီ ညွန့်ပေါင်းအစိုးရက လူဝင်မှုကြီးကြပ်ရေးဥပဒေကို တင်းကျပ်လိုက်ပြီးနောက် ဖင်လန်နိုင်ငံသားအဖြစ် လျှောက်ထားမှုများ သိသိသာသာ လျော့နည်းသွားခဲ့သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် ဥပဒေ ပြင်ဆင်ချက်များ စတင် သက်ရောက်ခဲ့ပြီးနောက် နိုင်ငံသားအဖြစ် လျှောက်ထားမှု အရေအတွက် လျော့နည်းသွားကြောင်း ဖင်လန် လူဝင်မှုကြီးကြပ်ရေးဌာန (Migri) က ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဖင်လန်နိုင်ငံသားဖြစ်ခွင့် ရရှိရန် လိုအပ်ချက်များကို ပြောင်းလဲမည်ဟု အစိုးရက ကြေညာခဲ့ရာ နိုင်ငံသားအဖြစ် လျှောက်ထားမှုအရေအတွက် သိသိသာသာ တိုးလာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ဖင်လန်နိုင်ငံသား အသစ် (၁၃,၉၇၃) ဦး ရှိလာခဲ့ပြီး ၎င်းတို့အနက် (၁၂,၄၁၇) ဦးကို လျှောက်ထားမှုများမှ (၂၀၂၃ ခုနှစ်တွင် ၁၁,၅၉၄ ဦး) နှင့် (၁,၅၃၂) ဦးကို ကြေညာချက်အရ (၂၀၂၃ ခုနှစ်တွင် ၁,၄၈၃ ဦး) နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့သည်။
ဖင်လန်နိုင်ငံတွင် နေထိုင်သော အသက် (၁၈) နှစ်အထက် နိုင်ငံခြားသားများနှင့် ၎င်းတို့၏ အုပ်ထိန်းမှုအောက်ရှိ အရွယ်မရောက်သေးသော ကလေးများသည် ဖင်လန်နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ကြောင်း သိရသည်။ နိုင်ငံသားအဖြစ် ကြေညာမှုမှာ လျှောက်ထားသူ၏ မိဘက ဖင်လန်နိုင်ငံသားဖြစ်မှု၊ လျှောက်ထားသူမှာ ယခင်က ဖင်လန်နိုင်ငံသားဖြစ်ခဲ့မှု သို့မဟုတ် လျှောက်ထားသူမှာ ဖင်လန်နိုင်ငံ သို့မဟုတ် အခြား Nordic နိုင်ငံတစ်ခုခုတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့မှုတို့အပေါ် အခြေခံနိုင်သည်။
၂၀၂၄ ခုနှစ်တွင် နိုင်ငံသားအဖြစ် လျှောက်ထားသူ စုစုပေါင်း (၁၇,၀၆၃) ဦး ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၁၈,၂၉၆ ဦး ရှိခဲ့သည်။ နိုင်ငံသားအဖြစ် ကြေညာမှု စုစုပေါင်းမှာ ၂၀၂၄ ခုနှစ်တွင် (၁,၃၂၄) ဦး ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် (၁,၅၁၃) ဦး ဖြစ်သည်။ ဖင်လန်နိုင်ငံတွင် နိုင်ငံသားအဖြစ် လျှောက်ထားမှု အများဆုံးမှာ ရုရှား၊ အီရတ်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယားနှင့် ဆိုမာလီယာ နိုင်ငံတို့မှ နိုင်ငံသားများဖြစ်ကြောင်း သိရသည်။ နိုင်ငံသားအဖြစ် လျှောက်ထားသူများ၏ (၂၅) ရာခိုင်နှုန်းခန့်သည် အပြည်ပြည်ဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု ရရှိထားသူများ ဖြစ်သည်။ နိုင်ငံသားအဖြစ် ကြေညာခံရသူ အများဆုံးမှာ ဆွီဒင်၊ အက်စတိုးနီးယားနှင့် ရုရှားနိုင်ငံတို့မှ နိုင်ငံသားများမှ ဖြစ်သည်။
No comments
Post a Comment