Slider

ဖင်လန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ပြုမှု သတ်မှတ်ချက်များ တင်းကျပ်ရန် စီစဉ်

 Kansallinen Kokoomus (National Coalition Party - NCP) ဦးဆောင်သော (၄) ပါတီ ညွန့်ပေါင်းအစိုးရက ဖင်လန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် လက်မှတ်ရရှိရန် သတ်မှတ်ချက်များကို ပိုမိုတင်းကျပ်စေရန် အဆိုပြုထားသည်။  အမြဲတမ်းနေထိုင်ခွင့် လက်မှတ်အတွက် သက်တမ်း ဆက်တိုက်တိုးခြင်း၊ ဖင်လန် သို့မဟုတ် ဆွီဒင်ဘာသာစကား ကျွမ်းကျင်မှုနှင့် သတ်မှတ်ကာလ အလုပ်အကိုင်ရာဇဝင်တို့ လိုအပ်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရက ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အက်ဥပဒေ Aliens Act ကို ပြင်ဆင်ရန် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့တွင် အကြံပြုချက်များ တောင်းခံခဲ့သည်။ "အစိုးရအစီအစဥ်ရဲ့ ရည်ရွယ်ချက်တစ်ခုက ရွှေ့ပြောင်းနေထိုင်သူတွေ ဖင်လန်လူ့အဖွဲ့အစည်း၏ စည်းမျဉ်းများကို လိုက်နာဖို့၊ အလုပ်လုပ်ဖို့နှင့် ဘာသာစကားကို လေ့လာဖို့ တွန်းအားပေးတာ ဖြစ်ပါတယ်။ အနာဂတ်မှာ ဖင်လန်လူ့အဖွဲ့အစည်းနဲ့ အောင်အောင်မြင်မြင် ပေါင်းစည်းမှုက အမြဲတမ်းနေထိုင်ခွင့်လက်မှတ် ရရှိဖို့ ကြိုတင်လိုအပ်ချက်တစ်ခု ဖြစ်လာပါမယ်" ဟု ပြည်ထဲရေးဝန်ကြီး Mari Rantanen က ပြောခဲ့သည်။
အစိုးရ၏ အဆိုပြုချက်အရ အမြဲတမ်းနေထိုင်ခွင့်လက်မှတ်အတွက် လိုအပ်သော ဆက်တိုက် နေထိုင်လာမှု ကာလကို ပုံမှန် အခြေအနေများတွင်(၄) နှစ်မှ (၆) နှစ်အထိ တိုးမြှင့်မည် ဖြစ်သည်။ (၆) နှစ်ကြာ ဆက်တိုက် နေထိုင်မှုလာ ကာလအပေါ် အခြေခံ၍ အနာဂတ်တွင် ဖင်လန် သို့မဟုတ် ဆွီဒင်ဘာသာစကား လုံလောက်သော ကျွမ်းကျင်မှုနှင့် (၂) နှစ်ကြာ အလုပ်အကိုင်ရာဇဝင်ရှိသည့် လျှောက်ထားသူအား အမြဲတမ်းနေထိုင်ခွင့်လက်မှတ် ထုတ်ပေးနိုင်ကြောင်း သိရသည်။
ဖင်လန်နိုင်ငံတွင် (၄) နှစ်ကြာ နေထိုင်လာမှု ကာလအပေါ် အခြေခံ၍ အမြဲတမ်းနေထိုင်ခွင့်လက်မှတ် လျှောက်ထား ရရှိနိုင်သေးသော်လည်း လျှောက်ထားသူမှာ နောက်ထပ် လိုအပ်ချက် (၃) ခုအနက်မှ တစ်ခုနှင့် ကိုက်ညီရမည် ဖြစ်သည်။ ၎င်းတို့မှာ နှစ်စဉ်ဝင်ငွေ ယူရို (၄၀,၀၀၀) အနည်းဆုံး ရရှိခြင်း၊ ဖင်လန်နိုင်ငံတွင် အသိအမှတ်ပြုထားသော မဟာဘွဲ့ သို့မဟုတ် ဘွဲ့လွန်ဒီဂရီနှင့် (၂) နှစ်ကြာ အလုပ်အကိုင်ရာဇဝင်ရှိခြင်းနှင့် ဖင်လန် သို့မဟုတ် ဆွီဒင်ဘာသာစကားတွင် အထူးကောင်းမွန်သော တတ်ကျွမ်းမှုနှင့် (၃) နှစ်ကြာ အလုပ်အကိုင် မှတ်တမ်းရှိခြင်းတို့ ဖြစ်သည်။


0

No comments

Post a Comment

blogger