ခန္ဓာကိုယ် ဘေးဘက် နာကျင်မှုမှာ စူးခနဲ ထိုးနာခြင်း၊ ကိုက်ခဲခြင်း သို့မဟုတ် တစ်ခါတစ်ရံ ဖိထားသကဲ့သို့ ခံစားရသော ခံစားမှုမျိုး ဖြစ်နိုင်သည်။ ဝမ်းဗိုက် သို့မဟုတ် ကျောဘက်တွင် နာကျင်မှုမှာ ခန္ဓာကိုယ် ဘေးဘက်သို့ပါ ပျံ့နှံ့နိုင်သော်လည်း နာကျင်မှု၏ မူလနေရာကို အတိအကျ မသတ်မှတ်နိုင်ပါ။ ခန္ဓာကိုယ် ဘေးဘက် နာကျင်မှုမှာ တစ်ခုတည်း ဖြစ်လေ့မရှိဘဲ အခြား လက္ခဏာများနှင့် အတူတွဲ၍လည်း ဖြစ်နိုင်သည်။
၁။ ကြွက်သား ဆန့်တင်းမှုများ
ကြွက်သားဒဏ်ရာအမျိုးမျိုးက ဘေးဘက်နာကျင်မှု ဖြစ်နိုင်ခြေ အကြောင်းရင်းများ ဖြစ်သည်။ ကြွက်သားနာကျင်မှုမှာ အလွန်ပြင်းထန်နိုင်သော်လည်း နာကျင်မှု ပြင်းထန်ခြင်းက ဒဏ်ရာပြင်းထန်မှုကို အတိအကျ ညွှန်ပြနေသည်ဟု မဆိုနိုင်ပါ။ ကျောရိုးဆိုင်ရာ ပြဿနာများ ဥပမာ- ကျောရိုးအဆစ်ကျွံခြင်းကြောင့်လည်း ခန္ဓာကိုယ် ဘေးဘက်သို့ ပျံ့နှံ့လာသော နာကျင်မှုများ ဖြစ်ပေါ်နိုင်သည်။
၂။ ကြွက်သား ရောင်ရမ်းခြင်း
အများအားဖြင့် သေးငယ်သော နေရာတစ်ခုတွင် ခံစားရသော နာကျင်မှုမှာ ကြွက်သား ရောင်ရမ်းခြင်းကို ညွှန်ပြနိုင်သည်။ ၎င်းမှာ ဥပမာအားဖြင့် ပြင်းထန်သော ချောင်းဆိုးခြင်း၊ အားကစားလှုပ်ရှားမှု သို့မဟုတ် မှားယွင်းသော အနေအထားဖြင့် ကားပေါ်မှဆင်းခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ တစ်ခါတစ်ရံ ဥပမာအားဖြင့် ပြင်းထန်သော ချောင်းဆိုးခြင်းက နံရိုးကျိုးခြင်းကိုပင် ဖြစ်စေနိုင်သည်။ နံရိုးကျိုးခြင်းမှာ ဥပမာအားဖြင့် အရိုးပွရောဂါရှိသူများ သို့မဟုတ် အသက်ကြီးသူများတွင် ပိုမို ဖြစ်ပွားနိုင်သည်။ နံရိုးကျိုးသွားသော ခန္ဓာကိုယ်ဘက်ခြမ်း ဖိလိုက်သည့်အခါ ချက်ချင်း စူးခနဲနာကျင်မှုကို ခံစားရနိုင်သည်။
၃။ အူမကြီး နာကျင်ခြင်း
ညာဘက် နံရိုးအောက်တွင် ခံစားရသော နာကျင်မှုမှာ များသောအားဖြင့် အူမကြီး နာကျင်ခြင်းကြောင့် ဖြစ်လေ့ရှိသည်။ ထိုနေရာတွင် လေများက အူကို ဆန့်ထုတ်နိုင်ရာ နာကျင်မှုအဖြစ် ခံစားရတတ်သည်။ အကြောင်းရင်းမှာ အူလမ်းကြောင်းတွင် ဖြစ်ပွားသော ရောဂါလက္ခဏာစု (IBS) ဖြစ်နိုင်ပြီး ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်တင်းခြင်းနှင့် လေပွခြင်းတို့ ဖြစ်စေနိုင်သည်။
၄။ ကျောက်ကပ်ရောဂါများ
ကျောက်ကပ်ရောဂါကြောင့် ကျောဘက် သို့မဟုတ် ဘေးဘက်တွင် နာကျင်မှု ခံစားရနိုင်သည်။ ကျောက်ကပ်တင်ပါးဆုံတွင်းနှင့် ကျောက်ကပ် ရောင်ရမ်းခြင်းမှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှ စတင်နိုင်သည်။ ပုံမှန်လက္ခဏာများတွင် (၃၈) ဒီဂရီ ဆဲလ်စီးယပ်ထက်မြင့်သော အဖျားနှင့် ခန္ဓာကို ဘေးဘက် သို့မဟုတ် ကျောဘက် နာကျင်မှုတို့ ပါဝင်သည်။ လူနာအချို့တွင်သာ ဆီးသွားခြင်းနှင့်ဆိုင်သော ပြဿနာများကို ခံစားရနိုင်သည်။
အသက်ကြီးသူများတွင် ပျို့အန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် ခန္ဓာကိုယ်အခြေအနေ ရုတ်တရက် ကျဆင်းခြင်းတို့ ပါဝင်နိုင်သည်။ ထိုလက္ခဏာများမှာ တစ်ပြိုင်နက်တည်း သို့မဟုတ် တစ်ခုချင်းစီ ဖြစ်ပေါ်နိုင်သည်။
ဥပမာအားဖြင့် မျိုးရိုးလိုက်သော polycystic ကျောက်ကပ်ရောဂါတွင် ဝမ်းဗိုက်၊ ကျောဘက် သို့မဟုတ် ဘေးဘက် နာကျင်မှုမှာလည်း ဖြစ်လေ့ရှိသော လက္ခဏာတစ်ခု ဖြစ်သည်။ ထိုရောဂါတွင် ကျောက်ကပ်များ၌ အရည်များပြည့်နေသော အရည်အိတ်များ ဖြစ်ပေါ်လာသည်။ သို့သော် အမှန်တကယ် ကျောက်ကပ်ပျက်စီးခြင်းမှာ များသောအားဖြင့် လက္ခဏာများ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာလေ့ရှိသည်။ ထိုရောဂါမှာ ကြာရှည်စွာ လက္ခဏာမပြဘဲ ဖြစ်နေနိုင်သည်။
ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းကြောင့်လည်း ဘေးဘက်နာကျင်မှု ဖြစ်နိုင်သည်။ ထို့အပြင် ဆီးလမ်းကြောင်း ကျောက်တည်ခြင်းက ဝမ်းဗိုက်အောက်ပိုင်းနှင့် ကျောဘက်တွင် ပြင်းထန်သော နာကျင်မှုများ ခံစားရနိုင်သည်။
၅။ အဆုတ်ရောင်ခြင်း
အဆုတ်ရောင်ခြင်း၏ လက္ခဏာများမှာ မြန်မြန်ဆန်ဆန် အဖျားတက်ခြင်း၊ ခန္ဓာကိုယ် ဘေးဘက် သို့မဟုတ် ဝမ်းဗိုက်ပိုင်း နာကျင်ခြင်း၊ ချောင်းဆိုးလာခြင်း သို့မဟုတ် ချောင်းပိုဆိုးလာခြင်းနှင့် အသက်ရှူကျပ်ခြင်းတို့ ပါဝင်သည်။ အဆုတ်အမြှေးပါးရောင်ခြင်းကြောင့် ရင်ဘတ်နှင့် နံရိုးနေရာတွင် ထိုးနာခြင်းကို ဖြစ်စေနိုင်သည်။ ထိုလက္ခဏာမှာ များသောအားဖြင့် အသက်ရှူကျပ်ခြင်း သို့မဟုတ် ရင်ဘတ်တွင် လေးလံသည်ဟု ခံစားရခြင်းတို့နှင့်အတူ ဖြစ်ပေါ်လေ့ရှိသည်။
အဆုတ်အမြှေးပါးတွင် အရည်များစုခြင်းမှာ အဆုတ် သို့မဟုတ် အဆုတ်အမြှေးပါး ရောဂါအမျိုးမျိုး သို့မဟုတ် အခြား ကိုယ်တွင်းအင်္ဂါများ၏ ရောဂါများ ဥပမာအားဖြင့် နှလုံးချို့ယွင်းခြင်း၊ အသည်းခြောက်ခြင်း သို့မဟုတ် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ အဆုတ်တွင် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးဝင်ခြင်းများကြောင့်လည်း အဆုတ်အမြှေးပါးတွင် အရည်များ စုပုံလာနိုင်သည်။ ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးဝင်ခြင်းနှင့် ဆက်စပ်နေပါက ချောင်းဆိုးခြင်းနှင့် အဖျားတက်ခြင်းတို့ မကြာခဏ ဖြစ်ပေါ်တတ်သည်။
၆။ အဆုတ် သွေးကြောပိတ်ခြင်း/သွေးခဲခြင်း
အဆုတ်သွေးကြောပိတ်ခြင်းမှာ များသောအားဖြင့် အောက်ခြေအစွန်းအပိုင်းရှိ သွေးပြန်ကြောများမှ စတင်ဖြစ်ပေါ်တတ်ပြီး ထိုနေရာမှ သွေးခဲများက အဆုတ်သွေးလွှတ်ကြောများဆီသို့ ရောက်သွားနိုင်သည်။ အဆုတ်သွေးကြောပိတ်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများတွင် အသက်အရွယ်၊ ဆက်တိုက်ထိုင်နေခြင်း သို့မဟုတ် လှဲနေခြင်း၊ အဝလွန်ခြင်းနှင့် မျိုးရိုးလိုက်ခြင်းတို့ ပါဝင်သည်။ သတိပေး လက္ခဏာများမှာ ရုတ်တရက် သို့မဟုတ် တဖြည်းဖြည်း ပိုဆိုးလာနိုင်သော အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ ဘေးဘက် နာကျင်ခြင်းနှင့် ခန္ဓာကိုယ်အခြေအနေ ရုတ်တရက် ဆိုးရွားလာခြင်းတို့ ဖြစ်သည်။
၇။ အသည်းအဆီဖုံးခြင်း
အသည်းအဆီဖုံးခြင်းမှာ အသည်း၏ ဆဲလ်များအတွင်း အဆီပမာဏ များစွာ စုပုံလာခြင်း ဖြစ်သည်။ အသည်းအဆီဖုံးခြင်းကြောင့် များသောအားဖြင့် မည်သည့် လက္ခဏာမျှ မဖြစ်စေသော်လည်း အသည်းမှာ ညာဘက် နံရိုးအောက်တွင် တည်ရှိသောကြောင့် အချို့လူများတွင် အသည်းအဆီဖုံးလာသည့်အခါ အသည်း ကြီးမားလာသောကြောင့် ဝမ်းဗိုက်ညာဘက်အပေါ်ဘက် သို့မဟုတ် ညာဘက်ဘေးတွင် ဖိထားခံရသော ခံစားမှုကို ခံစားရနိုင်သည်။ အသည်းမှာ များသောအားဖြင့် ပျက်စီးပြီးမှသာ လက္ခဏာများကို ဖြစ်ပေါ်လေ့ရှိသည်။
ဖင်လန်နိုင်ငံတွင် အဖြစ်များသော အသည်းအဆီဖုံးခြင်း ပုံစံမှာ အရက်နှင့်မဆိုင်သော အသည်းအဆီဖုံးခြင်း ဖြစ်သည်။ အရက်နှင့်မဆိုင်သော အသည်းအဆီဖုံးခြင်းမှာ များသောအားဖြင့် ကျန်းမာရေးနှင့် မညီညွတ်သော နေထိုင်မှုပုံစံများနှင့် ထို့နေထိုင်မှုပုံစံကြောင့် ဖြစ်ပေါ်လာသော အဝလွန်ခြင်း၊ ဆီးချိုရောဂါ အမျိုးအစား (၂) သို့မဟုတ် ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါလက္ခဏာစုတို့ကြောင့် ဖြစ်သည်။
၈။ ရေယုန်
ရေယုန်သည် ရေကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး များသောအားဖြင့် ဘေးတစ်ဖက်တွင် ရုတ်တရက် နာကျင်မှု ခံစားရနိုင်သည်။ ပူလောင်သော သို့မဟုတ် စူးရှသော နာကျင်မှုနှင့်အတူ အနီရောင်အဖုများ ပေါ်လာတတ်သည်။ နာကျင်မှုမှာ အရေပြား နီမြန်းလာပြီး အရည်ကြည်ဖုများ ထွက်မလာမီ (၁) ရက်မှ (၈) ရက်အလိုတွင် စတင်နိုင်သည်။ ရှားပါးသော ဖြစ်စဥ်များတွင် နာကျင်မှုကသာ တစ်ခုတည်းသော လက္ခဏာဖြစ်ပြီး အရည်ကြည်ဖုထွက်ခြင်း မတွေ့ရတတ်ပါ။ ရေယုန်ပေါက်ခြင်းမှာ များသောအားဖြင့် ခန္ဓာကိုယ်ပေါ်တွင် ဖြစ်လေ့ရှိသော်လည်း လူ (၆) ဦးတွင် (၁) ဦးခန့်က မျက်နှာပေါ်တွင် ဖြစ်ပေါ်နိုင်သည်။
၉။ ပန်ကရိယရောဂါများ
ပန်ကရိယရောဂါများကြောင့် ဝမ်းဗိုက်၊ ကျောဘက်နှင့် ဘေးဘက်တို့တွင်လည်း ခံစားရနိုင်သည်။ ပန်ကရိယရောင်ခြင်း၏ ပြင်းထန်သော လက္ခဏာအဖြစ် ဝမ်းဗိုက်အပေါ်ပိုင်းတွင် တစ်ပတ်လည် နာကျင်မှုမှာ သိသာပြီး ထိုနာကျင်မှုက ကျောဘက်သို့ ပျံ့နှံ့နိုင်သည်။ ထို့အပြင် မအီမသာဖြစ်ခြင်း၊ အန်ခြင်းနှင့် ရောင်ရမ်းမှု ပိုဆိုးလာသည်နှင့်အမျှ အဖျားတက်ခြင်းနှင့် အားနည်းခြင်းတို့ ဖြစ်ပေါ်လာသည်။ ဖင်လန်နိုင်ငံတွင် ပန်ကရိယရောင်ခြင်းမှာ အရက်ကြောင့် အများဆုံးဖြစ်ပြီး ဒုတိယမှာ သည်းခြေကျောက်တည်ခြင်းကြောင့် ဖြစ်သည်။
၁၀။ သည်းခြေကျောက်
သည်းခြေအိတ်မှာ ညာဘက်နံရိုးအောက်တွင် ရှိသည်။ သည်းခြေကျောက်ရောဂါ၏ ပုံမှန်လက္ခဏာမှာ ဝမ်းဗိုက်အပေါ်ပိုင်းတွင် အတန်အသင့် ရုတ်တရက်နာကျင်မှု စတင် ခံစားရခြင်းဖြစ်ပြီး ထိုနာကျင်မှုကို ညာဘက်နံရိုးအောက် သို့မဟုတ် ဝမ်းဗိုက်အပေါ်ပိုင်း အလယ်တွင် ခံစားရနိုင်သည်။ နာကျင်မှုသည် ကျောဘက်အပေါ်ပိုင်း၊ ညာဘက်လက်ပြင်သို့ ပျံ့နှံ့နိုင်သည်။ ထိုသို့ ခံစားရနေရစဥ် သက်သောင့်သက်သာရှိသော အနေအထားဖြင့် နေထိုင်ရန် ခက်ခဲသည်။ မအီမသာဖြစ်ခြင်းနှင့် အန်ခြင်းတို့လည်း ဖြစ်နိုင်သည်။
ဆရာဝန်နှင့် ဘယ်အချိန်ပြသင့်သလဲ?
ခန္ဓာကိုယ် ဘေးဘက် နာကျင်မှုနှင့်အတူ အောက်ပါ လက္ခဏာများ ဖြစ်ပေါ်ခံစားရပါက ဆရာဝန်နှင့် ပြသင့်သည်။
- - အဖျားတက်ခြင်း
- - အသက်ရှူကျပ်ခြင်း
- - ရင်ဘတ်နာကျင်ခြင်း
- - ချောင်းဆိုးသွေးပါခြင်း
- - မျက်လုံးနှင့်အရေပြားဝါခြင်း
- - အန်ခြင်း
- - ဆီးသွားစဉ် နာကျင်ခြင်း သို့မဟုတ် သွေးပါခြင်း
- - ထိခိုက်ဒဏ်ရာပြီးနောက် ဘေးဘက်နာကျင်ခြင်း
- - ကိုယ်ဝန်ဆောင်ခြင်း
- - နာကျင်သော အနီကွက်များထွက်ခြင်း
- - အပြင်းအထန် နာကျင်မှု ပိုဆိုးလာခြင်း
- - ခြေထောက်များ ထုံကျင်ခြင်း သို့မဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
No comments
Post a Comment