ဖင်လန်နိုင်ငံတွင် အလုပ်အကိုင်ရှိ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးအတွက် အခြေချ နေထိုင်ခွင့်ပြုချက် ထုတ်ပေးပြီးနောက်ပိုင်း အလိုအလျောက် စောင့်ကြည့်စနစ်ကို ဖင်လန် လူဝင်မှုကြီးကြပ်ရေးဌာန (Migri) က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့၌ စတင်အသုံးပြုနေပြီဟု သတင်းထုတ်ပြန်သည်။ ထိုစနစ်၏ ရည်ရွယ်ချက်မှာ အလုပ်အကိုင်အပေါ် အခြေခံသော အခြေချ နေထိုင်ခွင့်ပြုချက် ရရှိထားသူမှာ ထိုခွင့်ပြုချက်အတွက် လိုအပ်ချက်များနှင့် ကိုက်ညီနေဆဲဟုတ် မဟုတ် အတည်ပြုရန်ဖြစ်ကြောင်း သိရသည်။
အလိုအလျောက် စောင့်ကြည့်စနစ်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ သို့မဟုတ် ထို့နေ့ နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ထုတ်ပေးခဲ့သော ခွင့်ပြုချက်များနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ သို့မဟုတ် ထိုနေ့ နောက်ပိုင်းတွင် သက်တမ်းတိုးခဲ့သော နေထိုင်ခွင့်ပြုချက်များ အကျုံးဝင်သည်။ ဖင်လန်နိုင်ငံသား အလုပ်ရှင်အတွက် သို့မဟုတ် ဖင်လန်နိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသော အလုပ်အတွက် အလုပ်လုပ်ကိုင်ရန် ဖင်လန်နိုင်ငံသို့ ရောက်ရှိလာသည့် လျှောက်ထားသူတစ်ဦးကို အလုပ်အကိုင်ရှိ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးအတွက် အခြေချ နေထိုင်ခွင့်ပြုချက် ထုတ်ပေးနိုင်ကြောင်း သိရသည်။
နေထိုင်ခွင့်ပြုချက် ထုတ်ပေးပြီးနောက် အလိုအလျောက် စောင့်ကြည့်စနစ်ကို ကျောင်းသူကျောင်းများ၊ စွန့်ဦးတီထွင်သူများနှင့် ကျွမ်းကျင်သူများ၏ နေထိုင်ခွင့်ပြုချက်များကို စောင့်ကြည့်ရန် ယခင်ကတည်းက အသုံးပြုနေခဲ့သည်။ ဖင်လန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက နေထိုင်ခွင့်ပြုချက် ရရှိသူများအား စောင့်ကြည့်မှုကို ၂၀၁၇ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး ယခုအခါ အလိုအလျောက် စောင့်ကြည့်စနစ်ကို အသုံးပြုနေပြီ ဖြစ်သည်။
No comments
Post a Comment