၂၀၂၄ ခုနှစ်တွင် ဖင်လန်နိုင်ငံ၌ လူကုန်ကူးခံရသူ နောက်ထပ် (၃၇၁) ဦး တိုးလာကြောင်း လူကုန်ကူးခံရသူများအတွက် ဖွဲ့စည်းထားသည့် National Assistance System (NAS) က မှတ်တမ်းတင်ခဲ့ပြီး ထိုအရေအတွက်မှာ ယခင်နှစ်ကထက် (၂၇) ရာခိုင်နှုန်း လျော့နည်းသွားခြင်းဖြစ်ကြောင်း ဖင်လန် လူဝင်မှုကြီးကြပ်ရေးဌာန Finnish Immigration Service (Migri) ၏ ၂၀၂၅ ခုနှစ် မတ်လ (၅) ရက်နေ့တွင် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
NAS က လူကုန်ကူးခံရသူ (၂၀၇) ဦးကို စာရင်းသွင်းခဲ့ပြီး ၎င်းတို့အနက် (၆၁) ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များ ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများတွင် အဓမ္မ ခိုင်းစေမှုမှာ အဖြစ်အများဆုံး ပုံစံဖြစ်ပြီး (၄၅) ရာခိုင်နှုန်း ဖြစ်သည်။ အတင်းအကျပ် လက်ထပ်စေခြင်းမှာ ဒုတိယ အဖြစ်အများဆုံး လူကုန်ကူးမှုပုံစံဖြစ်ပြီး (၃၂) ရာခိုင်နှုန်း ဖြစ်ကြောင်းနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုမှာ တတိယ အဖြစ်အများဆုံးဟု ဆိုသည်။
အတင်းအကျပ် လက်ထပ်စေခြင်း၏ အချိုးအစားမှာ တိုးလာခဲ့သော်လည်း အတင်းအကျပ် လက်ထပ်ခဲ့ရသူများ အရေအတွက်မှာ နှစ်ပေါင်းများစွာအတွင်း တူညီနေဆဲဖြစ်သည်။ လူကုန်ကူးခံရသူများ စာရင်းတွင် အသစ်ပါဝင်လာသူများ အားလုံး၏ (၂၀) ရာခိုင်နှုန်းမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံကြရသူများ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ နှိုင်းယှဉ်မှုအရ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုမှာ လူကုန်ကူးမှု၏ အဖြစ်များဆုံး ပုံစံဖြစ်ပြီး လူကုန်ကူးမှု ဖြစ်ရပ်အားလုံး၏ (၅၀) ရာခိုင်နှုန်းကျော် ဖြစ်သည်။ ဖင်လန်နိုင်ငံတွင်မူ ထိုရာခိုင်နှုန်းမှာ ထူးခြားစွာ နည်းပါးသည်။ ၂၀၂၄ ခုနှစ်တွင် လူကုန်ကူးခံရသူ လူသစ်များ၏ (၄၄) ရာခိုင်နှုန်းခန့်သည် ဖင်လန်နိုင်ငံတွင် အမြတ်ထုတ်ခံခဲ့ရသည်။ ၎င်းတို့ထဲမှ အများစုဖြစ်သည့် (၆၀) ရာခိုင်နှုန်းမှာ အဓမ္မ ခိုင်းစေခံရသူများ ဖြစ်ကြသည်။
ဖင်လန်တွင် အဓမ္မ ခိုင်းစေမှုများရှိသည့် လုပ်ငန်းများတွင် စားသောက်ဆိုင်၊ ဆောက်လုပ်ရေး၊ သစ်တောနှင့် သန့်ရှင်းရေး လုပ်ငန်းတို့ ပါဝင်သည်။ ဖင်လန်နိုင်ငံတွင် အမြတ်ထုတ်ခံခဲ့ရသူများအနက် (၂၃) ရာခိုင်နှုန်းမှာ အတင်းအကျပ် လက်ထပ်ခံခဲ့ရသူများ ဖြစ်သည်။ ကျန်သူများမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရသူများ (၁၃) ရာခိုင်နှုန်း သို့မဟုတ် ရာဇဝတ်မှုများတွင် ပါဝင်ရန် အဓမ္မ ခိုင်းစေခံရသူများ ဖြစ်သည်။
"ကျွန်မတို့ရဲ့ စာရင်းတွေအရ လူကုန်ကူးခံရသူ အရေအတွက်က ပုံမှန်အဆင့်ကို ပြန်ရောက်လာပါတယ်။ ဒါပေမဲ့ လူကုန်ကူးခံရသူက အများအပြား ရှိနေဆဲပါ။ ဖင်လန်မှာ အမျိုးသားတွေက အမျိုးသမီးတွေထက် အဓမ္မ ခိုင်းစေခံရတာ ပိုများနိုင်ပါတယ်။ တစ်ဖက်မှာလည်း အမျိုးသမီးတွေက များသောအားဖြင့် အတင်းအကျပ် လက်ထပ်ခံရသူတွေ ဖြစ်နေပါတယ်။ လူကုန်ကူးမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို ၂၀၂၄ ခုနှစ်မှာ အာဏာတည်စေခဲ့ပါတယ်။ ဒါကြောင့် အတင်းအကျပ် လက်ထပ်စေမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တယ်ဆိုတာ ယခင်ကထက် ပိုမိုရှင်းလင်းလာပါတယ်" ဟု NAS လက်ထောက်ညွှန်ကြားရေးမှူး Katri Lyijynen က ပြောသည်။
၂၀၂၀ ခုနှစ် နှစ်ကုန်တွင် NAS က စုစုပေါင်း လူဦးရေ (၁,၆၁၀) ဦးကို မှတ်တမ်းတင်ခဲ့ပြီး ၎င်းတို့အနက် (၁,၃၃၁) ဦးကို လူကုန်ကူးခံရသူများအဖြစ်နှင့် (၂၇၉) ဦးကို ၎င်းတို့၏ အရွယ်မရောက်သေးသော ကလေးငယ်များအဖြစ် သတ်မှတ်ခဲ့သည်။ NAS က သတ်မှတ်ခဲ့သည့် လူကုန်ကူးခံရသူများအနက် အရွယ်မရောက်သေးသူ (၁၀) ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
No comments
Post a Comment