Slider

ဖင်လန်နိုင်ငံ အစိုးရက ရွှေ့ပြောင်းနေထိုင်သူများ၏ မိသားစု ပြန်လည်ပေါင်းစည်းရေးအတွက် သတ်မှတ်ချက်ကို တင်းကျပ်ရန် လုပ်ဆောင်လာ

ဖင်လန်နိုင်ငံတွင် NCP (National Coalition Party) ပါတီမှ Kansallinen Kokoomus ဦးဆောင်သော (၄) ပါတီ ညွှန့်ပေါင်းအစိုးရက ရွှေ့ပြောင်းနေထိုင်သူများ၏ မိသားစု ပြန်လည်ပေါင်းစည်းရေးအတွက် သတ်မှတ်ချက်များကို တင်းကျပ်သွားရန် ရည်ရွယ်သည့် အဆိုပြုချက်တစ်ရပ်ကို လွှတ်တော်သို့ ၂၀၂၅ ခုနှစ် မတ်လ (၆) ရက်နေ့၌ တင်သွင်းခဲ့သည်။

ရွှေ့ပြောင်းနေထိုင်သူများ၏ မိသားစု ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ သတ်မှတ်ချက်များ တင်းကျပ်ရန် အဆိုပြုချက်ကို အစိုးရ အစီအစဥ်နှင့်အညီ လုပ်ဆောင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ လွှတ်တော်သို့ တင်သွင်းထားသည့် အဆိုပြုချက်အရ ခင်ပွန်း သို့မဟုတ် ဇနီးကို မိသားစု တော်စပ်မှုအရ အခြေချနေထိုင်ခွင့်ပြုပါက ခင်ပွန်းနှင့် ဇနီး (၂) ဦးလုံးမှာ အနည်းဆုံး အသက် (၂၁) နှစ်ပြည့်ပြီးသူများ ဖြစ်ရမည်။
သို့သော် အဆိုပါ အသက်ကန့်သတ်ချက်မှာ ဖင်လန်နိုင်ငံသားတစ်ဦး၏ အိမ်ထောင်ဖက်က အခြေချနေထိုင်ခွင့် လျှောက်ထားရာတွင်မူ သက်ရောက်မှု မရှိဟု ဆိုသည်။ နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှုရရှိထားသော အရွယ်မရောက်သေးသူ၏ မိသားစုဝင်တစ်ဦးကို အခြေချနေထိုင်ခွင့်ပေးရာတွင် လုံလောက်သော ငွေကြေးအရင်းအမြစ်ရှိရန် လိုအပ်ချက်ကို သတ်မှတ်ချက်တစ်ခုအဖြစ် ကျင့်သုံးသည့် Finnish Aliens Act ကို ပြန်လည် စတင်ရန်လည်း အစိုးရက အဆိုပြုထားသည်။
နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှုရရှိထားသူများမှာ ၎င်းတို့၏ မိသားစုဝင်များက မိသားစု ပြန်လည်ပေါင်းစည်းရေး လျှောက်ထားနိုင်မည့် အချိန်မတိုင်မီ ဖင်လန်နိုင်ငံတွင် (၂) နှစ်ကြာ နေထိုင်ပြီးဖြစ်ရမည်။ ယခု ဥပဒေပြင်ဆင်ချက်များက ရွှေ့ပြောင်းနေထိုင်သူများ အနေဖြင့် ၎င်းတို့၏ ပေါင်းစည်းရေးအတွက် ပိုမိုတာဝန်ယူလာစေရန် ရည်ရွယ်ကြောင်း သိရသည်။
ထို့အပြင်  နိုင်ငံသို့ဝင်ရောက်ရန် လမ်းကြောင်းအဖြစ် ကလေးများကို အသုံးချခြင်း၊ အတင်းအကျပ် လက်ထပ်ခြင်းနှင့် အယုံသွင်း လက်ထပ်ခြင်းကဲ့သို့သော လူ့အဖွဲ့အစည်းနှင့် တစ်ဦးချင်းစီကို ထိခိုက်နစ်နာစေသည့် လုပ်ဆောင်မှုများကို အဆုံးသတ်ရန်လည်း ဖြစ်သည်။ ဥပဒေပြင်ဆင်ချက်များက ဖင်လန်နိုင်ငံ၏ ပြည်တွင်းလုံခြုံရေးကို တိုးတက်စေလိမ့်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ မိသားစု ပြန်လည်ပေါင်းစည်းမှုမှာ မိသားစု တော်စပ်မှုအပေါ် အခြေခံ၍ နိုင်ငံခြားသားတစ်ဦးအား ခွင့်ပြုပေးသည့် ဖင်လန်နိုင်ငံတွင် နေထိုင်ခွင့်ပြုမှုကို ရည်ညွှန်းသည်။
နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရာတွင် နိုင်ငံခြားသားတစ်ဦး သို့မဟုတ် ဖင်လန်နိုင်ငံသားတစ်ဦးက အာမခံပေးသူ ဖြစ်နိုင်သည်။ ဖင်လန်နိုင်ငံသား၏ နိုင်ငံခြားသား အိမ်ထောင်ဖက်၊ ဖင်လန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော သို့မဟုတ် ပညာသင်ကြားနေသော နိုင်ငံခြားသား၏ မိသားစုဝင်၊ သို့မဟုတ် ဖင်လန်နိုင်ငံတွင် နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှု ရရှိထားသူ၏ မိသားစုဝင်များ အနေဖြင့် မိသားစု ပြန်လည်ပေါင်းစည်းရေး လျှောက်ထားနိုင်ကြောင်း သိရသည်။
ဖင်လန်နိုင်ငံတွင် အာဏာရ ညွန့်ပေါင်းပါတီများ၏ ခေါင်းဆောင်များက ပိုမိုတင်းကျပ်သည့် လူဝင်မှုကြီးကြပ်ရေး၊ အခြေချနေထိုင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေများ ပါဝင်သော အစီအစဥ်ကို ၂၀၂၃ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် ကြေညာခဲ့သည်။ မတူညီသော အုပ်စုများက အပြင်းအထန် ဆန္ဒပြကြသော်လည်း အစိုးရက လူဝင်မှုကြီးကြပ်ရေး မူဝါဒကို တင်းကျပ်ခဲ့သည်။


0

No comments

Post a Comment

blogger