၂၀၂၃ ခုနှစ်တွင် ဖင်လန်နိုင်ငံ၌ လူဦးရေ (၉၃၀,၀၀၀) သို့မဟုတ် အိမ်ထောင်စု လူဦးရေ၏ (၁၆.၉) ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးမှု သို့မဟုတ် လူမှုရေးဖယ်ကျဥ်ခံရမှု အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဖင်လန် စာရင်းအင်းဌာနက ထုတ်ပြန်ခဲ့သည်။ ထိုလူဦးရေမှာ ယခင်နှစ်ကထက် ပိုမိုများပြားလာခဲ့ခြင်းလည်း ဖြစ်သည်။
အထူးသဖြင့် ကလေးငယ်များတွင် ဆင်းရဲနွမ်းပါးမှု သို့မဟုတ် လူမှုရေးဖယ်ကျဥ်ခံရမှု အန္တရာယ် ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။ လူနေမှုဘဝ လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အခက်အခဲ ကြုံတွေ့ရသည်ဟု ခံစားရသူများ အရေအတွက်လည်း ပိုမိုများပြားလာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု သို့မဟုတ် လူမှုရေးဖယ်ကျဥ်ခံရမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသူများ၏ အရေအတွက် (၅၇,၀၀၀) တိုးလာခဲ့သည်။
ကလေးများတွင် ဆင်းရဲနွမ်းပါးမှု သို့မဟုတ် လူမှုရေးဖယ်ကျဥ်ခံရမှု အန္တရာယ်သည် (၁၄.၁) ရာခိုင်နှုန်းမှ (၁၇.၃) ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့သည်။ (၇၅) နှစ်အထက် လူကြီးများတွင်မူ ဆင်းရဲနွမ်းပါးမှု သို့မဟုတ် လူမှုရေးဖယ်ကျဥ်ခံရမှု အန္တရာယ် လျော့နည်းလာခဲ့သည်။ ပြင်းထန်သော ပစ္စည်းဥစ္စာနှင့် လူမှုရေးဆိုင်ရာ ချို့တဲ့မှုများကို ကြုံတွေ့နေရသူများ အရေအတွက်မှာ (၅၀,၀၀၀) အထိ အများဆုံး တိုးလာခဲ့သည်။
ဖင်လန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်စွမ်း အားနည်းသူ အရေအတွက်မှာလည်း (၂၆,၀၀၀) တိုးလာခဲ့ပြီး ဝင်ငွေနည်းပါးသော အိမ်ထောင်စုများတွင် နေထိုင်သူ အရေအတွက်မှာ (၂၅,၀၀၀) တိုးလာခဲ့သည်။ လူနေမှုဘဝ လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အခက်အခဲကြုံတွေ့နေရသည်ဟု ခံစားရသူများ ရာခိုင်နှုန်းမှာ တတိယနှစ်အဖြစ် ဆက်တိုက် မြင့်တက်လာခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အိမ်ထောင်စုများတွင် မဖြစ်မနေ ကုန်ကျစရိတ်များကို ဖြည့်ဆည်းရာ၌ အခက်အခဲများ သို့မဟုတ် ကြီးမားသော အခက်အခဲများ ကြုံတွေ့နေရသည့် အိမ်ထောင်စုများတွင် နေထိုင်သူများ ရာခိုင်နှုန်းမှာ (၉) ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
No comments
Post a Comment