Slider

ဒုက္ခသည် ခွဲတမ်းကိစ္စနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး အယုံအကြည်မရှိ အဆိုတင်သွင်းရန် လှုပ်ရှားမှုနှင့် ရင်ဆိုင်ရ

ဖင်လန်နိုင်ငံတွင် ဒုက္ခသည် အရေအတွက် ခွဲတမ်းသတ်မှတ်ရေး လုပ်ငန်းစဥ် ကိုင်တွယ်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး Mari Rantanen မှာ လွှတ်တော်တွင် သူမအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းရန် လှုပ်ရှားမှုနှင့် ရင်ဆိုင်နေရသည်။ ဝန်ကြီး Mari က ခရစ်ယာန်အများစုဖြစ်သော နိုင်ငံများမှ ဒုက္ခသည်များကို ပိုမိုဦးစားပေး လက်ခံရန် ညွှန်ကြားခဲ့ကြောင်း သတင်းထွက်ပေါ်နေသည်။

အစိုးရဌာနများအပေါ် ကျေနပ်မှုမရှိသဖြင့် တိုင်ကြားလာသော အမှုကိစ္စများကို စုံစမ်းစစ်ဆေးရေးရသည့် စစ်ဆေးရေး အရာရှိက ၂၀၂၅ ခုနှစ် မတ်လ (၆) ရက်နေ့တွင် ဒုက္ခသည် ခွဲတမ်းကိစ္စ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပြီးနောက် အတိုက်အခံ Vihreä liitto ပါတီ (Finnish Green League ပါတီ) က ပြည်ထဲရေးဝန်ကြီး Mari အပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းရန် အဆိုပြုချက်ကို လွှတ်တော်သို့ ၂၀၂၅ ခုနှစ် မတ်လ (၇) ရက်နေ့၌ တင်ပြခဲ့သည်။
စစ်ဆေးရေး အရာရှိ၏ အစီရင်ခံစာတွင် ပြည်ထဲရေးဝန်ကြီး Mari က ခရစ်ယာန်အများစုဖြစ်သော နိုင်ငံများမှ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများကို ဦးစားပေးခဲ့ကြောင်း စွပ်စွဲထားသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် အစ္စလာမ်ဘာသာရေးအပေါ် ကြောက်ရွံ့မှုနှင့် ပတ်သက်သော Finns Party (Perussuomalaiset) ၏ ရည်ရွယ်များက မူဝါဒချမှတ်ခြင်းကို ထိခိုက်စေကြောင်း စစ်ဆေးရေး အရာရှိ၏ အစီရင်ခံစာက ပြောထားသည်။ Finns Party မှာ ပြည်ထဲရေးဝန်ကြီး Mari ၏ နိုင်ငံရေးပါတီ ဖြစ်သည်။
Vihreä liitto ပါတီ လွှတ်တော်အမတ် Saara Hyrkkö က ပြည်ထဲရေးဝန်ကြီး Mari အပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းရန် အဆိုပြုချက်ကို တင်ပြခဲ့သည်။ ပြည်ထဲရေးဝန်ကြီး Mari က (၁၅) ရက်အတွင်း လွှတ်တော်ရှေ့မှောက်တွင် မေးခွန်းများကို တုံ့ပြန်ဖြေကြား ဆွေးနွေးသွားမည် ဖြစ်သည်။ ထို့နောက်တွင် လွှတ်တော်က ယခုကိစ္စကို အချေအတင် ဆွေးနွေးပြီး ဝန်ကြီး Mari အပေါ် အယုံအကြည်မရှိ အဆိုကို ဆက်လက် လုပ်ဆောင်ရန်အတွက် ဆုံးဖြတ်သွားမည်ဟု ဆိုသည်။
ပြည်ထဲရေးဝန်ကြီး Mari မှာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း ဒုက္ခသည် ခွဲတမ်းကိစ္စနှင့် ပတ်သက်၍ အလားတူ အယုံအကြည်မရှိ အဆိုတင်သွင်းရန် လှုပ်ရှားမှုနှင့် ရင်ဆိုင်ခဲ့ရသေးသော်လည်း ကျော်ဖြတ်နိုင်ခဲ့သည်။ Kansallinen Kokoomus (National Coalition Party-NCP) ဦးဆောင်သော (၄) ပါတီ ညွှန့်ပေါင်းအစိုးရက ၂၀၂၅ ခုနှစ်တွင် ဒုက္ခသည် (၅၀၀) ကို လက်ခံသွားရန် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ဆုံးဖြတ်ထားကြောင်း သိရသည်။


0

No comments

Post a Comment

blogger