Slider

ဖင်လန်နိုင်ငံ၏ အိုးအိမ်မဲ့ဦးရေ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် မြင့်တက်

 ဖင်လန်နိုင်ငံတွင် အိုးအိမ်မဲ့ဦးရေမှာ (၁၁) နှစ်အတွင်း ပထမဆုံးအကြိမ် မြင့်တက်လာခဲ့ကြောင်း Finnish Housing Finance and Development Centre (ARA) မှ အချက်အလက်များအရ သိရှိရသည်။ ထိုအချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် အိုးအိမ်မဲ့ အခြေအနေနှင့် ကြုံနေရသူ (၃,၈၀၆) ဦးရှိပြီး ယခင်နှစ်ကထက် (၃၇၇) ဦး တိုးလာခြင်း ဖြစ်သည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာ အိုးအိမ်မဲ့ဦးရေ ပုံမှန် ကျဆင်းနေခဲ့ပြီးနောက် အိုးအိမ်မဲ့ဦးရေ မြင့်တက်လာခြင်းဖြစ်ပြီး ဖင်လန်နိုင်ငံ၏ အိုးအိမ်မဲ့ ပြဿနာ ဖြေရှင်းရာတွင် ရေရှည်အောင်မြင်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိလာသည်။ လမ်းပေါ်တွင် အိုးအိမ်မဲ့ဘဝနှင့် နေထိုင်ကြရသူ အရေအတွက် သိသိသာသာ တိုးလာသည်ကို တွေ့ရပြီး အဆောက်အအုံ အပြင်ဘက်၊ လှေကားထစ်များတွင် သို့မဟုတ် အရေးပေါ် ခိုလှုံရေးနေရာများတွင် နေထိုင်သူ (၆၉၄) ဦးရှိခဲ့သည်။
ထိုအရေအတွက်မှာ ယခင်နှစ်ကထက် (၅၀) ရာခိုင်နှုန်းကျော် ပိုများလာခြင်းလည်း ဖြစ်သည်။ “ဒီအခြေအနေ ပြောင်းလဲမှုက စိုးရိမ်စရာ အချက်ပြမှုတစ်ခုဖြစ်ပြီး ဆုံးဖြတ်ချက်ချမှတ်သူများ အနေနဲ့ အလေးအနက်ထား ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီကိန်းဂဏန်းတွေနောက်မှာ ကြီးမားတဲ့ လူသား ဆင်းရဲဒုက္ခတွေနဲ့ လက်မခံနိုင်စရာ မညီမျှမှုတွေ ရှိနေပါတယ်" ဟု ဖင်လန်နိုင်ငံရှိ အကျိုးအမြတ်မယူသော အိမ်ရာပိုင်ဆိုင်သူ အဖွဲ့အစည်းဖြစ်သည့် Y-Säätiö ၏ အမှုဆောင်အရာရှိချုပ် Teija Ojankoski က ပြောခဲ့သည်။
ဖင်လန်နိုင်ငံရှိ အိုးအိမ်မဲ့များမှာ မြို့ပြဒေသများတွင် စုစည်းရှိနေကြဆဲ ဖြစ်ပြီး အိုးအိမ်မဲ့ဦးရေ တိုးလာမှု အများစုမှာ မြို့တော် ဟယ်ဆင်ကီး၊ Turku နှင့် Tampere မြို့များတွင် ဖြစ်သည်။ Tampere မြို့တွင် အိုးအိမ်မဲ့ဦးရေ အများဆုံး တိုးလာသည်ကို တွေ့ရပြီး အိုးအိမ်မဲ့ဘဝနှင့် ရင်ဆိုင်နေရသူ နောက်ထပ် (၁၁၇) ဦး တိုးလာခဲ့သည်။ နှိုင်းယှဥ်မှုအရ Espoo နှင့် Vantaa မြို့များတွင်မူ အိုးအိမ်မဲ့ဦးရေ လျော့နည်းလာကြေင်း တွေ့ရသည်။
ဖင်လန်နိုင်ငံတွင် အိုးအိမ်မဲ့ ပြဿနာကို လျှော့ချရေးတွင်  ရှေ့တန်းမှ ဦးဆောင်နေသော ဟယ်ဆင်ကီးမြို့တော်တွင် အိုးအိမ်မဲ့ဦးရေ (၄၇) ဦး တိုးလာခဲ့သည်။ မြို့တော်က အိုးအိမ်မဲ့ ပြဿနာကို ဖြေရှင်းရာတွင် အမြဲတမ်း နေအိမ်များ ပေးအပ်ခြင်းကို ဦးစားပေး ဆောင်ရွက်သော Housing First ပုံစံကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေသည်။ သို့သော် ဖြေရှင်းဆောင်ရွက်မှုများမှာ မြင့်တက်လာသော လိုအပ်ချက်များကို လိုက်လျောညီထွေ ဖြည့်ဆည်းပေးနိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။
“ဟယ်ဆင်ကီးမြို့က ကမ္ဘာပေါ်တွင် အိုးအိမ်မဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းနေတဲ့ မြို့ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ အခုအခါမှာတော့ လူအများအပြားက အိုးအိမ်မဲ့ ဘဝကို ရောက်ရှိလာပြီး ဖြေရှင်းဆောင်ရွက်မှုတွေက သူတို့ရဲ့ လိုအပ်ချက်တွေကို လိုက်လျောညီထွေ ဖြည့်ဆည်းမပေးနိုင်တော့ပါဘူး" ဟု Ojankoski က ပြောသည်။


0

No comments

Post a Comment

blogger