ဖင်လန်နိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ အိုးမဲ့အိမ်မဲ့ဦးရေ ပထမဆုံးအကြိမ် တိုးလာခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၄ နှစ်တွင် ဖင်လန်နိုင်ငံ၌ တစ်ကိုယ်တည်း နေထိုင်သော အိုးမဲ့အိမ်မဲ့ဦးရေ (၃,၈၀၆) ဦးရှိခဲ့သည်။ ၎င်းတို့အနက် (၁,၀၁၀) ဦးမှာ ရေရှည် အိုးမဲ့အိမ်မဲ့များ ဖြစ်သည်။ အိုးမဲ့အိမ်မဲ့ အများစုမှာ တစ်ကိုယ်တည်းနေထိုင်သော အမျိုးသားများ ဖြစ်သည်။
အိုးမဲ့အိမ်မဲ့ မိသားစုအရေအတွက် (၁၁၀) ရှိခဲ့သည်။ အိုးမဲ့အိမ်မဲ့ မိသားစုအရေအတွက်မှာ အနည်းငယ် လျော့နည်းသွားခဲ့သည်။ ဖင်လန်တွင် အိုးမဲ့အိမ်မဲ့ ဖြစ်ခြင်းမှာ အမြဲတမ်း ထင်သာမြင်သာရှိနေသည် မဟုတ်ဟု ဆိုသည်။ အိုးမဲ့အိမ်မဲ့ အများစုက ယာယီအားဖြင့် ဆွေမျိုးများ၊ အသိမိတ်ဆွေများနှင့်အတူ နေထိုင်ကြသည်။ ဒုတိယအများဆုံး အုပ်စုမှာ အပြင်ဘက် နေရာများ၊ လှေကားထစ်များ သို့မဟုတ် အရေးပေါ် ခိုလှုံရာနေရာများတွင် နေထိုင်ကြသည်။
အိုးမဲ့အိမ်မဲ့ ဖြစ်သူတို့၏ နောက်ခံအကြောင်းရင်းများမှာ ကျန်းမာရေးမကောင်းခြင်းနှင့် လူမှုဖူလုံရေး အထောက်အပံ့များ လျော့နည်းလာခြင်းတို့ကြောင့် ဖြစ်သည်။ Without a Permanent Home အဖွဲ့အစည်းက အိုးမဲ့အိမ်မဲ့များအတွက် ကူညီပေးနေသည်။ အဖွဲ့အစည်း၏ မူဝါဒမှာ လူတိုင်းကို သင့်တော်သော အချိန်အတွင်း လူနေမှုအဆင့်အတန်းနှင့် လျော်ညီသည့် နေရာထိုင်ခင်းတစ်ခု စီစဥ်ပေးသင့်သည်ဟူ၍ ဖြစ်သည်။
နှိုင်းယှဉ်မှုအရ Turku မြို့တွင် အိုးမဲ့အိမ်မဲ့များ အများဆုံးရှိသည်။ အိုးမဲ့အိမ်မဲ့များမှာ မြို့ကြီးများတွင် ပို၍ စုစည်းရှိနေကြသည်။ အိုးမဲ့အိမ်မဲ့ အရေအတွက်မှာ ဟယ်ဆင်ကီးမြို့တွင် အမြင့်ဆုံး ဖြစ်သော်လည်း နှိုင်းယှဉ်မှုအရ ပါက Turku, Vaasa နှင့် Tampere မြို့များရှိ အိုးမဲ့အိမ်မဲ့ အရေအတွက်က ပို၍ အမြင့်ဆုံး ဖြစ်သည်။
ယခုနှစ်အစောပိုင်းတွင် အထွေထွေ အိမ်ရာအထောက်အပံ့ကို ဖြတ်တောက်ခဲ့သည်။ ပြီးခဲ့သည့် နွေဦးတွင် အစိုးရက အလုပ်လက်မဲ့ ထောက်ပံ့ကြေးကို အဆင့်ဆင့် လျှော့ချခဲ့သည်။ အိမ်ရာအထောက်အပံ့တွင်လည်း ယခင်က ဝင်ငွေ၏ (၄၂) ရာခိုင်နှုန်းကို ကိုယ်တိုင်ပေးရမည့် အိမ်ရာကုန်ကျစရိတ်အဖြစ် သတ်မှတ်ထားပြီး ထိုပမာဏထက် ပိုမိုကုန်ကျပါက အပိုကုန်ကျစရိတ်ကို အစိုးရက ထောက်ပံ့ပေးသည်။ ယခုအခါတွင်မူ အဆိုပါ ရာခိုင်နှုန်းကို (၄၂) ရာခိုင်နှုန်းမှ (၅၀) ရာခိုင်နှုန်းသို့ တိုးမြှင့်ထားသည်။
Ara အစီရင်ခံစာအရ မြို့ငယ်လေးများနှင့် အလယ်အလတ် မြို့များ၌ပင် လူမှုဖူလုံးရေး အဖွဲ့အစည်း Kela က အိမ်ရာအထောက်အပံ့ပေးသော တိုက်ခန်းများကို ရှာဖွေရန် အခက်အခဲများ ရှိနေသည်။ ၂၀၂၄ ခုနှစ်တွင် ရေရှည် အိုးမဲ့အိမ်မဲ့ဦးရေလည်း တိုးလာခဲ့သည်။ ဖင်လန်တွင် အနည်းဆုံး (၁) နှစ်ကြာ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူ သို့မဟုတ် ပြီးခဲ့သည့် (၃) နှစ်အတွင်း ထပ်ခါထပ်ခါ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သူကို ရေရှည် အိုးမဲ့အိမ်မဲ့ဟု သတ်မှတ်သည်။ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူ (၅) ဦးတွင် (၁) ဦးမှာ ရွှေ့ပြောင်းနေထိုင်သူဖြစ်ပြီး ၎င်းတို့အနက် (၁၅) ရာခိုင်နှုန်းမှာ အသက် (၂၅) နှစ်အောက် ဖြစ်သည်။
No comments
Post a Comment