ဖင်လန်နိုင်ငံသို့ ရောက်ရှိလာမည့် နိုင်ငံခြားသား ဘယ်ရီသီးခူးသမားများအတွက် မဖြစ်မနေ အလုပ်အကိုင်စာချုပ် ချုပ်ဆိုရန်နှင့် နေထိုင်ခွင့်ပြုမှုဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်များ ပါဝင်သော အမိန့်တစ်ရပ်ကို အစိုးရက ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း စီးပွားရေးနှင့် အလုပ်အကိုင် ဝန်ကြီးဌာနက ပြောသည်။ အဆိုပါ အမိန့်မှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှစ၍ သက်ရောက်ခဲ့ကြောင်း သိရသည်။
သဘာဝ ဘယ်ရီသီးကဏ္ဍတွင် ကြုံတွေ့နေရသော ပြဿနာများကြောင့် ယခုမှစ၍ နိုင်ငံခြားသား ဘယ်ရီသီးခူးသမားများမှာ ရာသီအလိုက် အလုပ်သမားများအဖြစ် ဖင်လန်နိုင်ငံသို့ ဝင်ရောက်လာကြရမည်ဟု ဝန်ကြီးဌာနက ပြောသည်။ ယခုပြောင်းလဲမှုနောက်ပိုင်းတွင် ဘယ်ရီသီးခူးသမားများ၏ အခွင့်အရေးများ ကာကွယ်ပေးခြင်းနှင့် ၎င်းတို့အတွက် လုံလောက်သော ဝင်ငွေကို အာမခံပေးခြင်းတို့ကို စောင့်ကြည့်ရန် ပိုမိုလွယ်ကူလာမည်ဟု ဆိုသည်။
ကုမ္ပဏီများက ၎င်းတို့ ငှားရမ်းခေါ်ယူသော နိုင်ငံခြားသား ဘယ်ရီသီးခူးသမားများ ဖင်လန်နိုင်ငံသို့ ဝင်ရောက်နိုင်ရန် အလုပ်အကိုင် စာချုပ်ချုပ်ဆို ခန့်ထားရမည်ဖြစ်ပြီး နိုင်ငံခြားသား ဘယ်ရီသီးခူးသမားများ အနေဖြင့်လည်း ရာသီအလိုက် အလုပ်လုပ်ကိုင်ခွင့်အတွက် လျှောက်ထားရန် လိုအပ်မည် ဖြစ်သည်။ ယခင်ကမူ နိုင်ငံခြားသား ဘယ်ရီသီးခူးသမားများက ဖင်လန်နိုင်ငံသို့ Schengen အလည်အပတ် ဗီဇာဖြင့် ဝင်ရောက်လာကြခြင်းဖြစ်ပြီး ထိုဗီဇာက ၎င်းတို့ကို အများဆုံး (၃) လကြာ နေထိုင်ပြီး ဘယ်ရီသီးခူးရန် ခွင့်ပြုပေးထားသည်။
သို့သော် နိုင်ငံခြားသား ဘယ်ရီသီးခူးသမားများ၏ အလုပ်အကိုင် အခြေအနေများ၊ ဝင်ငွေရရှိမှုနှင့် လူကုန်ကူးမှုအတွက် တရားစွဲဆိုမှုနှင့် ပြစ်ဒဏ်ချမှတ်မှုများ နှင့် ပတ်သက်သော ပြဿနာများ သဘာဝ ဘယ်ရီသီးကဏ္ဍတွင် ရှိနေခဲ့သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အစိုးရက ရာသီအလိုက် အလုပ်သမားများဆိုင်ရာ အက်ဥပဒေ ပြင်ဆင်ချက်များနှင့် ပတ်သက်၍ အဆိုပြုချက်တစ်ရပ် လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဖင်လန်နိုင်ငံသို့ ရောက်ရှိလာသည့် နိုင်ငံခြားသား ဘယ်ရီသီးခူးသမားများအတွက် သတ်မှတ်ချက်များကို တင်းကျပ်ရန် စီစဥ်ခဲ့ကြောင်း သိရသည်။
No comments
Post a Comment