ဖင်လန်နိုင်ငံ Kouvola မြို့သို့ နိုင်ငံရပ်ခြားမှ ရွှေ့ပြောင်းလာသူများက Moona ဝန်ဆောင်မှုကို အသုံးပြုများကြသည်။ Moona က နိုင်ငံခြားသားများအတွက် လမ်းညွှန်မှုနှင့် အကြံဉာဏ်များ ဝန်ဆောင်မှုပေးသည်။ ၂၀၂၄ ခုနှစ်တွင် Moona ဝန်ဆောင်မှု အသုံးပြုသူ (၃,၀၀၀) ဝန်းကျင် ရှိခဲ့သည်။ Moona က နိုင်ငံတကာ ကျောင်းသူကျောင်းသားများ၊ ဝန်ထမ်းများနှင့် ဒုက္ခသည်ဖြစ်ခဲ့ဖူးသူများကို ကူညီပေးနေသည်။
၎င်းတို့က အကြောင်းကိစ္စများစွာကို ကူညီပေးကြောင်း Kouvola မြို့ရှိ Moona ဝန်ဆောင်မှုတွင် အကြံပေးအဖြစ် လုပ်ကိုင်နေသူ Susanna Kujala ကပြောသည်။ အရေးကြီးသည့် အကြောင်းအရာတစ်ခုမှာ အခြေချ နေထိုင်ခွင့်ပြုချက်ရရှိရန် လမ်းညွှန်အကြံပေးခြင်း ဖြစ်သည်။ "ကျွန်မတို့က လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ဘာကို ဆိုလိုတာလဲနဲ့ သူတို့နဲ့ ဘယ်လို အလုပ်လုပ်ရမယ်ဆိုတာ ရှင်းပြပါတယ်။ လူတွေကို လျှောက်လွှာဖြည့်ရာမှာလည်း ကျွန်မတို့က ကူညီပေးပါတယ်" ဟု Kujala က ပြောသည်။
Moona က အာဏာပိုင် အဖွဲ့အစည်းအမျိုးမျိုး၊ လူမှုရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုတို့နှင့် ပတ်သက်သော သတင်းအချက်အလက်များကိုလည်း ထောက်ပံ့ပေးသည်။ သို့သော် မေးခွန်းအများစုမှာ နေ့စဥ် ကိစ္စရပ်များနှင့် ပတ်သက်နေကြောင်း Kujala က ဆိုသည်။ Moona ဝန်ဆောင်မှု အသုံးပြုသူများက ကိစ္စအမျိုးမျိုးတွင် လမ်းညွှန်မှုနှင့် အကူအညီ ရရှိနေသည့်အပြင် Kouvola မြို့ကလည်း Moona ထံမှ အကျိုးကျေးဇူးများ ရရှိနေသည်။
နိုင်ငံတကာမှ လူများ မြို့တွင် ရှိနေကြခြင်း နေထိုင်ကြခြင်းက Kouvola အတွက် အရေးကြီးကြောင်း Kouvola မြို့အတွက် နိုင်ငံတကာလုပ်ငန်းဆိုင်ရာ ပေါင်းစည်းညှိနှိုင်းရေးမှူး Kaisa Spies က ဆိုသည်။ နိုင်ငံတကာမှ လာရောက်ကြသူများ Kouvola မြို့တွင် အဆင်ပြေပြေ နေထိုင်နိုင်ရန် Moona က ကူညီပေးနေသည်။ Kouvola မြို့ရှိ Moona ဝန်ဆောင်မှုကို လွန်ခဲ့သော (၄) နှစ်ကျော်တွင် စတင်ခဲ့သည်။ Moona ဝန်ဆောင်မှုသည် South Kymenlaakso တွင်လည်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး Kotka မြို့သည် မြို့ပြဆိုင်ရာ Moona ဝန်ဆောင်မှုအတွက် လုပ်ကိုင်နေသည်။
No comments
Post a Comment