Slider

**၀၂.၀၆.၂၀၂၆ ** ဖင်လန်သတင်းစာများ၏ ခေါင်းစီးသတင်းများ

ဖင်လန်နိုင်ငံထုတ် သတင်းစာများနှင့် မီဒီယာများတွင် ဖော်ပြထားသည့် စိတ်ဝင်စားဖွယ်ရာ ပြည်တွင်းသတင်းများကို စုစည်းဖော်ပြပေးလိုက်ပါသည်။

၁။ ကမ္ဘာ့ချန်ပီယံ ဟော်ကီအသင်းကို သောင်းနှင့်ချီသည့် ပရိသတ်များ ကြိုဆိုအောင်ပွဲခံ

တနင်္ဂနွေနေ့ညက ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ဖင်လန်အမျိုးသား ရေခဲပြင်ဟော်ကီအသင်း (The Lions) သည် တနင်္လာနေ့တွင် နိုင်ငံသို့ ပြန်လည်ရောက်ရှိလာရာ လေတပ်တိုက်လေယာဉ်များဖြင့် ခြံရံကာ သူရဲကောင်းများသဖွယ် ကြိုဆိုခဲ့ကြသည်။

တနင်္လာနေ့ညနေပိုင်းတွင် ဟယ်လ်စင်ကီမြို့ရှိ အိုလံပစ်ကွင်းအနီး၌ သောင်းနှင့်ချီသည့် ပရိသတ်များ စုဝေးကာ အောင်ပွဲခံခဲ့ကြပြီး ၎င်းပွဲတွင် Käärijä အပါအဝင် နာမည်ကြီး အနုပညာရှင်များစွာ ဖျော်ဖြေခဲ့ကြသည်။ သို့သော် ယခုနှစ်တွင် ထုတ်လွှင့်ခွင့်မူပိုင်ခွင့်ကို Warner Bros. Discovery က ၂၀၃၂ ခုနှစ်အထိ ရရှိထားသောကြောင့် အများပြည်သူပိုင် Yle ရုပ်သံအစား TV5 နှင့် HBO Max ကဲ့သို့သော ပုဂ္ဂလိကချန်နယ်များမှသာ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ခဲ့သည်။

၂။ အစားအစာ အလကားဝေသည့်နေရာတွင် လူတန်းရှည်ကြီး ဖြစ်ပေါ်နေ

ဟယ်လ်စင်ကီမြို့ Myllypuro အရပ်ရှိ အဓိက အစားအစာဘဏ် (Food Bank) ကြီးတစ်ခု ပြီးခဲ့သည့် ဧပြီလကုန်က အလှူရှင်နည်းပါးမှုကြောင့် ပိတ်သိမ်းခဲ့ရသည်။ ထို့ကြောင့် အနီးအနားရှိ Alppiharju အရပ်မှ Hursti ဖောင်ဒေးရှင်း၏ အစားအစာ အခမဲ့ဝေငှရေးစခန်းတွင် လာရောက်တန်းစီသူ ပိုမိုများပြားလာပြီး လူဦးရေ ၁,၂၀၀ ခန့်အထိ ရှိလာကြောင်း သိရသည်။ ဖင်လန်နိုင်ငံတွင် လူဦးရေ တစ်သန်းနီးပါးမှာ ဆင်းရဲမွဲတေမှုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း စာရင်းဇယားများအရ သိရသည်။

၃။ ပြည်တွင်းသုံး တံဆိပ်ခေါင်းစျေးနှုန်းများ မြင့်တက်

ဖင်လန်စာတိုက်လုပ်ငန်း (Posti) က ပြည်တွင်းသုံး အမြဲတမ်းတံဆိပ်ခေါင်း (Forever Stamp) စျေးနှုန်းကို ၂၅ ဆင့် တိုးမြှင့်လိုက်သဖြင့် သုံးယူရို ဖြစ်လာသည်။ အလားတူ ခရစ္စမတ်ဆုတောင်းကတ် တံဆိပ်ခေါင်းစျေးနှုန်းမှာလည်း ၁.၇၀ ယူရိုမှ ၁.၈၀ ယူရိုသို့ မြင့်တက်သွားသည်။ လွန်ခဲ့သည့် ၁၀ နှစ်နှင့်နှိုင်းယှဉ်ပါက စက္ကူစာပို့စနစ် ၇၅ ရာခိုင်နှုန်းခန့် ကျဆင်းသွား၍ စရိတ်ကာမိစေရန် စျေးနှုန်းတိုးမြှင့်ရခြင်းဖြစ်ကြောင်း သိရသည်။

၄။ ဖင်လန်တွင် အရက်သောက်သုံးမှု ၁၉၇၀ ပြည့်လွန်နှစ်များကဲ့သို့ ပြန်လည်ကျဆင်း

ကျန်းမာရေးအာဏာပိုင်အဖွဲ့ (THL) ၏ အစီရင်ခံစာအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ဖင်လန်နိုင်ငံ၏ အရက်သောက်သုံးမှုပမာဏသည် ၄.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ အသက် ၁၅ နှစ်နှင့်အထက် လူတစ်ဦးလျှင် သန့်စင်သောအရက် ၆.၉ လီတာနှုန်းခန့်သာ သောက်သုံးကြတော့သဖြင့် ယခုအခြေအနေမှာ ၁၉၇၀ ပြည့်လွန်နှစ်များနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ ကုန်စုံဆိုင်များတွင် အရက်ပြင်းရောင်းချခွင့် ဥပဒေဖြေလျှော့ပေးခဲ့သော်လည်း အရက်သောက်သုံးမှုနှုန်းမှာ ၁၅ နှစ်ဆက်တိုက် တဖြည်းဖြည်း လျော့နည်းလာသည့် အလားအလာအတိုင်း ဆက်ရှိနေသည်။

၅။ မေလအတွင်း ကုန်စျေးနှုန်း ၃ ရာခိုင်နှုန်း မြင့်တက်

ဖင်လန်နိုင်ငံ၏ မေလအတွင်း စားသုံးသူစျေးနှုန်းညွှန်းကိန်းမှာ ယခင်နှစ် အလားတူကာလထက် ၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖင်လန်စာရင်းအင်းအေဂျင်စီက ထုတ်ပြန်သည်။ ယင်းအထဲတွင် ပညာရေးဝန်ဆောင်မှုစရိတ် ၁၁.၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးတိုးတက်ခဲ့ပြီး၊ ဧပြီလနှင့် နှိုင်းယှဉ်ပါက ၀.၇ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။

၆။ လူငယ်အလုပ်လက်မဲ့ပြဿနာကြောင့် အတိုက်အခံများက အစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းရန် ပြင်ဆင်

ဖင်လန်နိုင်ငံတွင် အသက် ၃၀ အောက် လူငယ်အလုပ်လက်မဲ့ဦးရေ ၇၆,၀၀၀ ခန့်အထိ ရှိလာပြီး၊ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား လူငယ်များ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၂ ရာခိုင်နှုန်းအထိ ရှိနေသည်။ ထို့ကြောင့် အတိုက်အခံပါတီများဖြစ်သည့် Centre Party နှင့် Movement Now တို့က အစိုးရအနေဖြင့် လူငယ်များ၏ အနာဂတ်အပေါ် ယုံကြည်ချက်ကို ပျက်ပြားစေသည်ဟု စွပ်စွဲကာ လွှတ်တော်တွင် ဝန်ကြီးများကို မေးခွန်းထုတ်စစ်ဆေးပြီး အယုံအကြည်မရှိအဆို (Interpellation) တင်သွင်းရန် ပြင်ဆင်နေကြသည်။

၇။ အောင်မြင်မှုမရသည့် "လူငယ်အလုပ်ခန့်ထားမှု ထောက်ပံ့ရေးကူပွန်" စနစ်ကို ပြင်ဆင်မည်

လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ယူရို သန်း ၃၀ ဘတ်ဂျက်လျာထားသည့် "လူငယ်အလုပ်ခန့်ထားမှု ထောက်ပံ့ရေးကူပွန်" (Youth Employment Vouchers) စနစ်ကို ကုမ္ပဏီများက လျှောက်ထားမှု နည်းပါးနေသည်။ စီးပွားရေးအခြေအနေ မကောင်းမွန်ခြင်းနှင့် အလုပ်သမားလိုအပ်ချက် နည်းပါးခြင်းတို့ကြောင့် ဖြစ်ပြီး၊ လက်ရှိတွင် လစာ၏ ထက်ဝက်ကိုသာ အစိုးရက စိုက်ထုတ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ယခုအခါ အလုပ်ခန့်ထားရမည့် သက်တမ်းကို (၆ လအစား) ၃ လမှ ၆ လအထိ လိုက်လျောညီထွေဖြစ်စေရန်နှင့် ကုမ္ပဏီများအပြင် ဖောင်ဒေးရှင်းများနှင့် အသင်းအဖွဲ့များကိုပါ အလုပ်ရှင်အဖြစ် ခွင့်ပြုရန် စည်းကမ်းချက်များကို ပြင်ဆင်ရန် အလုပ်သမားဝန်ကြီးဌာနက စီစဉ်နေသည်။

၈။ အမျိုးသား ကာကွယ်ဆေးထိုးအစီအစဉ်တွင် ရေကျောက်နှင့် ခါးပတ်ရေယုန် ကာကွယ်ဆေးများ ထည့်သွင်းမည်

လူမှုရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန (STM) သည် အမျိုးသားကာကွယ်ဆေးထိုး အစီအစဉ်တွင် ရေကျောက် (Chickenpox) နှင့် ခါးပတ်ရေယုန် (Shingles) ကာကွယ်ဆေးများကို သတ်မှတ်ချက်အချို့ဖြင့် ထည့်သွင်းရန် အဆိုပြုထားသည်။ ရေကျောက်ဗိုင်းရပ်စ်ဒဏ် မခံရဖူးသေးသည့် လူကြီးများအားလုံးကို ရေကျောက်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး၊ ကိုယ်အင်္ဂါအစိတ်အပိုင်း/ပင်မဆဲလ် အစားထိုးကုသမှုခံယူထားသူများနှင့် သွေးကင်ဆာဝေဒနာရှင်များကို ခါးပတ်ရေယုန် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်သည်။ ယင်းအစီအစဉ်ကို ရေကျောက်အတွက် အမြန်ဆုံးနှင့် ခါးပတ်ရေယုန်အတွက် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ရန် ရည်မှန်းထားသည်။



0

No comments

Post a Comment

blogger