ဖင်လန်နိုင်ငံထုတ် သတင်းစာများမှ စိတ်ဝင်စားဖွယ်ရာ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းများကို စုစည်း၍ သတင်းပုံစံ ပြန်လည်ရေးသားဖော်ပြပေးလိုက်ပါသည်။
၁။ ကမ္ဘာ့အိုက်စ်ဟော်ကီချန်ပီယံဆု ဖင်လန်အသင်းဆွတ်ခူး၊ မြို့တော်တွင်း အောင်ပွဲခံမှုများကြောင့် ထိခိုက်ဒဏ်ရာရမှုအချို့ရှိခဲ့
တနင်္ဂနွေနေ့ညပိုင်းက ဇူးရစ်ခ်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့အိုက်စ်ဟော်ကီ ချန်ပီယံရှစ်ဗိုလ်လုပွဲတွင် ဖင်လန်အမျိုးသားအသင်းသည် အိမ်ရှင်ဆွစ်ဇာလန်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့သည်။
၎င်းအောင်ပွဲကြောင့် ဖင်လန်နိုင်ငံတစ်ဝန်းရှိ ပရိသတ်များသည် မြို့မရင်ပြင်များသို့ ထွက်ခွာကာ အုန်းအုန်းကျွက်ကျွက် အောင်ပွဲခံခဲ့ကြသည်။ မြို့တော်ဟယ်လ်စင်ကီရှိ အသစ်ပြန်လည်ပြင်ဆင်ထားသော Havis Amanda ရုပ်တုနှင့် အိုလူ (Oulu) မြို့ရှိ Toripolliisi ရုပ်တုတို့ပေါ်သို့ ပရိသတ်များ တက်ရောက်အောင်ပွဲခံခဲ့ကြပြီး၊ ရုပ်တုပေါ်မှ ပြုတ်ကျကာ ခြေထောက်ဒဏ်ရာရရှိမှုများနှင့် တူရကူ (Turku) မြို့ရင်ပြင်တွင် မီးရှူးမီးပန်းပစ်ဖောက်မှုများ ရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ ဖင်လန်အသင်းအနေဖြင့် ယခုအကြိမ်သည် ၅ ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
၂။ မြို့တော်ဟယ်လ်စင်ကီတွင် ရထားလမ်းကြောင်းများ ပြောင်းလဲမှုကြောင့် ခရီးသည်များ အခက်တွေ့နိုင်
ဟယ်လ်စင်ကီမြို့တော်၏ မြို့ပတ်ရထားကွန်ရက်တွင် ရထားလမ်းပိုင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်သောကြောင့် တနင်္လာနေ့မှစတင်ကာ ရထားခရီးစဉ်အချို့ ကြီးမားစွာ ပြတ်တောက်နိုင်ကြောင်း သိရသည်။
Huopalahti နှင့် Myyrmäki အကြား မြို့ပတ်ရထားပြေးဆွဲမှုကို လုံးဝရပ်ဆိုင်းထားမည်ဖြစ်ပြီး၊ Leppävaara မှ ဟယ်လ်စင်ကီမြို့လယ်သို့ ဦးတည်သည့် လမ်းကြောင်းပေါ်ရှိ ဘူတာရုံ ၃ ခုကိုလည်း ယာယီပိတ်ထားမည်ဖြစ်သည်။ ယခုလမ်းကြောင်း အပြောင်းအလဲများသည် လာမည့် ဩဂုတ်လ ၉ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကာ ထိုအတောအတွင်း အစားထိုးဘတ်စ်ကားများ ပြေးဆွဲပေးသွားမည် ဖြစ်သည်။
③ အိုလ်လန်ကျွန်းစု (Åland) က စစ်မဲ့ဇုန်အဖြစ် ဆက်လက်ရပ်တည်လို
ဖင်လန်နိုင်ငံပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အော်လန်ကျွန်းစု (Åland) အနေဖြင့် ဖင်လန်တပ်မတော်အပေါ် ယုံကြည်မှုရှိပြီး ၎င်းတို့၏ကျွန်းကို စစ်မဲ့ဇုန် (Demilitarised status) အဖြစ်သာ ဆက်လက်ထားရှိလိုကြောင်း အုပ်ချုပ်ရေးမှူး Marine Holm-Johansson က ပြောကြားခဲ့သည်။
သို့သော်လည်း ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း အော်လန်ကျွန်းနေပြည်သူများအကြား စစ်မှုထမ်းရန်နှင့် အမျိုးသားကာကွယ်ရေးသင်တန်းများ တက်ရောက်ရန် စေတနာ့ဝန်ထမ်း လျှောက်ထားသူ အရေအတွက် ပိုမိုများပြားလာခဲ့သည်။ ၁၈၅၆ ခုနှစ် ခရီမီယာစစ်ပွဲအပြီး ပါရီစာချုပ်အရ အော်လန်ကျွန်းတွင် စစ်တပ်အခြေစိုက်ခြင်း မရှိစေရဟု သတ်မှတ်ထားသော်လည်း ဖင်လန်နယ်ခြားစောင့်တပ်ဖွဲ့များမူ အခြေစိုက်လျက်ရှိသည်။
၄။ ကလေးပြုစုစောင့်ရှောက်ရေး အိမ်တွင်းထောက်ပံ့ကြေး (Homecare Allowance) ကို ပယ်ဖျက်ရန် အကြံပြု
ဖင်လန်လူမှုရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ ဖွဲ့စည်းထားသော လုပ်ငန်းအဖွဲ့က လက်ရှိပေးအပ်နေသော ကလေးပြုစုစောင့်ရှောက်ရေး အိမ်တွင်းထောက်ပံ့ကြေးကို ဖျက်သိမ်းပြီး၊ ၎င်းအစား မိဘခွင့်ရက်ခံစားခွင့် (Parental leave benefits) ကို တိုးမြှင့်ပေးရန် အကြံပြုတင်ပြခဲ့သည်။
လက်ရှိတွင် အသက်မပြည့်သေးသည့် ကလေးတစ်ဦးလျှင် တစ်လလျှင် ၃၇၇.၆၈ ယူရို ထောက်ပံ့ပေးနေခြင်းဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်တာကာလအတွင်း ဤထောက်ပံ့ကြေးရယူသည့် မိသားစုအရေအတွက်မှာ ထက်ဝက်နီးပါး လျော့ကျသွားခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အကျိုးခံစားခွင့်ရှိသူ ၁၁၀,၀၀၀ ကျော်ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၆၀,၀၀၀ အောက်သို့ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
၅။ ဖင်လန်နိုင်ငံ၏ အရေးပေါ်ဖုန်းသတိပေးစနစ်သစ် (FI-Alert) အောက်တိုဘာလကုန်တွင် အဆင်သင့်ဖြစ်မည်
ဖင်လန်ပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုအရ သီးခြား Application တစ်ခုခု ထည့်သွင်းရန်မလိုဘဲ ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းများဆီသို့ အရေးပေါ်သတိပေးချက်များ တိုက်ရိုက်ပေးပို့နိုင်မည့် "FI-Alert" စနစ်သစ်ကို လာမည့် အောက်တိုဘာလကုန်တွင် စတင်မိတ်ဆက်တော့မည် ဖြစ်သည်။
ဤစနစ်သည် Cell Broadcast နည်းပညာကို အသုံးပြုထားပြီး ဒေသအလိုက် အရေးပေါ်အခြေအနေများကို ပိုမိုမြန်ဆန် တိကျစွာ အသိပေးနိုင်မည် ဖြစ်သည်။ လက်ရှိအသုံးပြုနေသော ၁၁၂ Suomi App၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား သတိပေးချက်စနစ်များကိုလည်း ဆက်လက်ပူးတွဲအသုံးပြုသွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Mari Rantanen က ပြောကြားခဲ့သည်။
၆။ မြို့တော်ဟယ်လ်စင်ကီတွင် အစိုးရဌာနပေါင်းစုံ ဝန်ဆောင်မှုစင်တာ (Suomi-piste) စတင်ဖွင့်လှစ်
အစိုးရဌာနအသီးသီး၏ ပြည်သူ့ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် စုစည်းလုပ်ဆောင်နိုင်မည့် "Suomi-piste" (Suomi Point) စင်တာကို ဟယ်လ်စင်ကီမြို့ Pasila အစိုးရရုံးဝင်းအတွင်း တနင်္လာနေ့ (ယနေ့) တွင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
အဆိုပါစင်တာတွင် မြေယာတိုင်းတာရေးဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ ဒီဂျစ်တယ်နှင့် လူဦးရေသတင်းအချက်အလက်အေဂျင်စီ၊ လူမှုဖူလုံရေးအယူခံဘုတ်အဖွဲ့နှင့် နိုင်ငံခြားသားများအတွက် ဝန်ဆောင်မှုပေးသည့် International House Helsinki (IHH) တို့ ပါဝင်သည်။ ဤစင်တာသည် ဒီဂျစ်တယ်စနစ်ကို အသုံးမပြုလိုသူ သို့မဟုတ် မသုံးစွဲနိုင်သူများအတွက် ရည်ရွယ်ပြီး တစ်ပတ်လျှင် အနည်းဆုံး လူဦးရေ ၃,၀၀၀ ခန့် လာရောက်ပြသလိမ့်မည်ဟု ခန့်မှန်းထားသည်။ အစိုးရအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး၌ ယခုကဲ့သို့သော စင်တာများ ပေါ်ပေါက်လာစေရန် ရည်မှန်းထားသည်။
၇။ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ဝန်ထမ်းများ မူးယစ်ဆေးဝါးသုံးစွဲမှုအပေါ် စစ်ဆေးမှုများ တိုးမြှင့်လာ
ဖင်လန်နိုင်ငံရှိ လူမှုဝန်ထမ်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်များတွင် သူနာပြုများနှင့် ဝန်ထမ်းများ၏ မူးယစ်ဆေးဝါး သုံးစွဲမှုသံသယဖြစ်ဖွယ် ကိစ္စရပ်များနှင့် ပတ်သက်၍ မူးယစ်ဆေးစစ်ဆေးမှု (Drug tests) ပြုလုပ်နှုန်း မြင့်တက်လာကြောင်း သိရသည်။
အထူးသဖြင့် ဟယ်လ်စင်ကီတက္ကသိုလ်ဆေးရုံ (HUS) နယ်မြေအတွင်း ၂၀၂၄ ခုနှစ်က ဆေးစစ်မှု ၃၅ ကြိမ်သာ ရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်တွင်မူ ၁၇၃ ကြိမ်အထိ ထင်သာမြင်သာ မြင့်တက်ခဲ့သည်။ ဆေးစစ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြား တစ်မျိုးဖြစ်သည့် alpha-PVP သုံးစွဲမှုများကိုပါ စစ်ဆေးတွေ့ရှိခဲ့ရသည်။ အလုပ်လုပ်ကိုင်နေစဉ် မူးယစ်ဆေးသုံးစွဲခြင်းသည် လူနာများ၏ ဘေးကင်းလုံခြုံရေးနှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် လုပ်ငန်းခွင်အတွင်း စောစီးစွာ ဖော်ထုတ်ကုသမှုပေးနိုင်ရန် အလုပ်ရှင်များနှင့် လုပ်ဖော်ကိုင်ဖက်များအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားကြသည်။


No comments
Post a Comment