Slider

ဖင်လန်ဗီဇာ (Residence Permit) လျှောက်ထားသူများ သတိပြုရန်

ဖင်လန်နိုင်ငံသို့ ပြောင်းရွှေ့အခြေချရန် ပြင်ဆင်နေသူများနှင့် လက်ရှိ ဖင်လန်နိုင်ငံတွင် ရောက်ရှိနေထိုင်သူများအတွက် ဖင်လန်လူဝင်မှုကြီးကြပ်ရေးဌာန (Migri) ၏ တရားဝင် သတင်းထုတ်ပြန်ချက်ကို အခြေခံ၍ စာဖတ်သူများ အလွယ်တကူ သိရှိလိုက်နာနိုင်ရန် သတင်းဆောင်းပါးအဖြစ် ပြန်လည်ရေးသား မျှဝေပေးလိုက်ပါသည်။

ဖင်လန်နိုင်ငံသို့ ရောက်ရှိနေထိုင်ရန် နေထိုင်ခွင့်ဗီဇာ (Residence Permit) လျှောက်ထားသူများအနေဖြင့် မိမိတို့၏ လျှောက်လွှာများကို အမြန်ဆုံးနှင့် အချောမွေ့ဆုံး အစစ်ဆေးခံနိုင်ရန်အတွက် ဖင်လန်လူဝင်မှုကြီးကြပ်ရေးဌာန (Migri) က ယနေ့ (၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်) တွင် အရေးကြီးသော သတင်းထုတ်ပြန်ချက်နှင့် လမ်းညွှန်ချက်များကို ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိတွင် Migri သို့ လာရောက်မေးမြန်းသည့် အီးမေးလ်နှင့် စာတိုပေးပို့မှု အရေအတွက်သည် ပုံမှန်ထက် အလွန်အမင်း များပြားနေပြီး၊ ပြန်လည်ဖြေကြားရန် စောင့်ဆိုင်းနေသည့် အီးမေးလ်ပေါင်း ၆,၀၀၀ ကျော်အထိ ရှိနေသည်။ အထူးသဖြင့် မိသားစုအစီအစဉ် (Family Ties) ဖြင့် လျှောက်ထားသည့် ဗီဇာများကို စိစစ်သည့်နေရာတွင် အလုပ်များ အလွန်ပုံနေသဖြင့် တုံ့ပြန်မှုအချို့ ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။

ထို့ကြောင့် ဗီဇာလုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ချောမွေ့စေရန်အတွက် လျှောက်ထားသူများဘက်မှ ဝိုင်းဝန်းကူညီ လိုက်နာပေးရမည့် အချက် (၃) ချက်ကို Migri က အောက်ပါအတိုင်း အသိပေးနှိုးဆော်ထားသည်။

၁။ အကြောင်းအရာတူ မေးခွန်းများကို ထပ်ခါတလဲလဲ ပို့ခြင်းမှ ရှောင်ကြဉ်ပါ

ဗီဇာရလဒ်ကို စိတ်ပူ၍ မေးခွန်းတစ်ခုတည်း သို့မဟုတ် အီးမေးလ်တစ်ခုတည်းကို ခဏခဏ ထပ်မပို့ရန် မေတ္တာရပ်ခံထားသည်။ အခြေအနေ ထူးခြားပြောင်းလဲမှု မရှိပါက Migri အရာရှိများအနေဖြင့် ပထမဆုံး ပို့ထားသည့်စာကိုသာ တစ်ကြိမ်ပဲ ပြန်လည်ဖြေကြားမည်ဖြစ်သည်။ မိမိလျှောက်လွှာ၏ ကြာမြင့်ချိန် (Processing Time) ခန့်မှန်းချက်ကို တစ်ကြိမ် သိရှိထားပြီးပါက ထပ်မံမေးမြန်းရန် မလိုပါဟု ဆိုသည်။

Migri ၏ အသိပေးချက် "ဗီဇာအဖြေ မရသေးသဖြင့် အရမ်းကြီး စိတ်မပူကြရန် အကြောင်းကြားလိုပါသည်။ လူကြီးမင်းတို့၏ လျှောက်လွှာများကို အမြန်ဆုံး ဆုံးဖြတ်ချက်ချပေးနိုင်ရန် အစွမ်းကုန် ကြိုးစားနေပါသည်။ လျှောက်လွှာအခြေအနေ ပြောင်းလဲသွားပါက အလိုအလျောက် အီးမေးလ်စနစ်ဖြင့် အကြောင်းကြားပေးမည်ဖြစ်ပြီး၊ ထပ်တိုးအချက်အလက် လိုအပ်မှသာ တိုက်ရိုက် ဆက်သွယ်လာမည် ဖြစ်ပါသည်"

ဖုန်းဆက်၍ အတင်းအကျပ် မေးမြန်းခြင်း သို့မဟုတ် စာခဏခဏ ပို့ခြင်းတို့သည် ဗီဇာလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်လာစေမည်မဟုတ်ဘဲ ဖုန်းအကူအညီပေးရေးဌာနကလည်း အဖြေအတိအကျကို ပြောနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် မိမိ၏ ဗီဇာအခြေအနေကို Enter Finland အကောင့်ထဲတွင်သာ ဝင်ရောက်စောင့်ကြည့်ရန် တိုက်တွန်းထားသည်။

၂။ လျှောက်လွှာကို အစကတည်းက စနစ်တကျ အပြည့်အစုံ ဖြည့်စွက်ပါ

ဗီဇာလျှောက်လွှာကို အမြန်ဆုံး အတည်ပြုချက် ရရှိလိုပါက လိုအပ်သည့် အချက်အလက်များနှင့် ထောက်ခံစာ စာရွက်စာတမ်း (Attachments) များကို အစကတည်းက အပြည့်အစုံဆုံး ဖြစ်အောင် ပြင်ဆင်ပြီးမှ တင်သွင်းရမည် ဖြစ်သည်။

  • အွန်လိုင်းမှ လျှောက်ထားသူများ (Enter Finland): ထပ်တိုးစာရွက်စာတမ်းများကို Enter Finland စနစ်ထဲကနေပဲ တင်ပေးရပါမည်။ အွန်လိုင်းက တင်ပြီးသားအရာများကို အီးမေးလ်ဖြင့်လည်းကောင်း၊ စာတိုက်ဖြင့်လည်းကောင်း ထပ်ဆင့် ပို့နေရန် မလိုပါ။

  • စာရွက်စာတမ်းဖြင့် လျှောက်ထားသူများ (Paper Application): လိုအပ်သည့် စာရွက်စာတမ်းများကို စာတိုက်မှဖြစ်စေ၊ Migri ၏ စိတ်ချရသော Securemail စနစ်မှဖြစ်စေ ပေးပို့နိုင်ပါသည်။ စာပို့သည့်အခါတိုင်း မိမိ၏ နာမည်၊ Customer Number နှင့် ကိစ္စရပ်၏ Diary Number (သိရှိထားပါက) တို့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်။

  • မူရင်းစာရွက်စာတမ်းများ: Migri ဘက်မှ သီးသန့် တောင်းဆိုလာမှသာ မူရင်းများကို ပို့ပေးရမည်။ မူရင်းစာရွက်စာတမ်းများကို စစ်ဆေးရခြင်းသည် အချိန်ပိုကြာတတ်သဖြင့် အရာရှိများ အလုပ်ပိုစေပြီး စောင့်ဆိုင်းရချိန်ကို ပိုမိုရှည်လျားစေနိုင်သည်။

၃။ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အရေးပေါ် (Expedite) လုပ်ပေးရန် တောင်းဆိုခြင်းကို ရှောင်ပါ

ဗီဇာစောင့်ဆိုင်းရချိန် ကြာမြင့်သည့်အခါ စိတ်မရှည် ဖြစ်ရသည်ကို နားလည်သော်လည်း၊ တကယ့်ကို ခိုင်လုံပြတ်သားသည့် အကြောင်းပြချက် မရှိဘဲ "အမြန်စစ်ဆေးပေးပါ" ဟု တောင်းဆိုခြင်းမျိုးကို ဆင်ခြင်ပေးစေလိုကြောင်း Migri က ဆိုသည်။ လတ်တလောတွင် အမြန်လုပ်ပေးရန် တောင်းဆိုစာ ထောင်နှင့်ချီ ရောက်ရှိနေသဖြင့် အရာရှိများသည် လျှောက်လွှာစစ်ဆေးရမည့်အစား ပြန်စာများ လိုက်လံရေးသားနေရ၍ အလုပ်များ ပိုမိုနှောင့်နှေးကုန်ရသည်။

Migri ၏ သတ်မှတ်ချက်အရ အောက်ပါအချက်များသည် အရေးပေါ် အမြန်စစ်ဆေးပေးရန် မခိုင်လုံသော အချက်များ ဖြစ်သည်။

  • မိသားစုနှင့် ခွဲနေရသဖြင့် စိတ်မကောင်းဖြစ်ရသည့် လူမှုရေးအခြေအနေ

  • ပတ်စ်ပို့ (သို့မဟုတ်) ဗီဇာသက်တမ်း ကုန်ဆုံးတော့မည့်ကိစ္စ

  • မိမိ မိခင်နိုင်ငံ၏ လုံခြုံရေးအခြေအနေ

  • ကိုယ်ဝန်ဆောင်ထားရခြင်း

  • အိမ်ပြောင်းရခြင်း (သို့မဟုတ်) ပြည်ပခရီးသွားရန်ရှိခြင်း

  • ကျောင်းတက်ရန် ရှိခြင်း

အထူးသဖြင့် မိသားစုလိုက် လျှောက်ထားရာတွင် အဓိကလျှောက်ထားသူ (Main Person) ၏ လျှောက်လွှာကို အတည်မပြုရသေးဘဲ၊ ၎င်းကို မှီခိုပြီး လျှောက်ထားသည့် မိသားစုဝင်များ၏ ဗီဇာကို အရင်ဦးစားပေး စစ်ဆေးပေး၍ မရနိုင်ကြောင်းကိုလည်း သတိပြုရန် လိုအပ်သည်။

ဗီဇာလျှောက်ထားသူများအနေဖြင့် မိမိတို့၏ လျှောက်လွှာလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန်အတွက် အထက်ပါ လမ်းညွှန်ချက်များကို အလေးထားလိုက်နာကြရန် လိုအပ်ပါသည်။ အသေးစိတ် သိရှိလိုသည့် အချက်အလက်များ သို့မဟုတ် အမေးများသည့် မေးခွန်းများ (FAQs) ရှိပါက Migri ၏ တရားဝင် ဝဘ်ဆိုက် ပေါ်တွင် အလွယ်တကူ ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါသည်။ ဗီဇာလျှောက်ထားသူ အားလုံး အဆင်ပြေချောမွေ့ကြပါစေ။


0

No comments

Post a Comment

blogger