နွေရာသီကျောင်းပိတ်ရက်နှင့် ရုံးပိတ်ရက် ရှည်များ ရောက်ရှိလာတော့မည် ဖြစ်ရာ ဖင်လန်နိုင်ငံပြင်ပသို့ ခရီးထွက်ရန် ပြင်ဆင်နေကြသည့် နိုင်ငံခြားသားများအတွက် ဖင်လန်လူဝင်မှုကြီးကြပ်ရေးဌာန (Migri) မှ ထုတ်ပြန်ထားသည့် အရေးကြီး သတင်းအချက်အလက်များနှင့် လမ်းညွှန်ချက်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။
လက်ရှိတွင် နွေရာသီ ခရီးသွားလာခွင့်နှင့် ပတ်သက်၍ မိမိတို့၏ ဗီဇာနှင့် နေထိုင်ခွင့် အခြေအနေအပေါ် မူတည်ပြီး သိလိုသည်များကို Migri သို့ မေးမြန်းစုံစမ်းသူ အလွန်များပြားလျက်ရှိသည်။ သို့ဖြစ်ရာ ခရီးမထွက်ခွာမီ စိတ်အေးချမ်းသာရှိစေရန် အောက်ပါအချက်အလက်များကို သတိပြု ပြင်ဆင်သွားကြရန် လိုအပ်ပါသည်။
၁။ တရားဝင် နေထိုင်ခွင့်ကတ် (Residence Permit) ရှိထားသူများ
ဖင်လန်နိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် အချိန်အထိ မိမိ၏ နေထိုင်ခွင့်ကတ် (Residence Permit Card) သက်တမ်း ရှိနေသေးပါက ဖင်လန်ပြင်ပသို့ လွတ်လပ်စွာ ခရီးသွားလာနိုင်ပါသည်။
Schengen Area အတွင်း ခရီးသွားခြင်း: ဖင်လန်မှ ထုတ်ပေးထားသော နေထိုင်ခွင့်ကတ် ရှိရုံဖြင့် ရှန်ဂန်ဒေသတွင်း နိုင်ငံများသို့ ရက်ပေါင်း ၁၈၀ အတွင်း စုစုပေါင်း ရက် ၉၀ အထိ ဗီဇာမလိုဘဲ သွားရောက်လည်ပတ်နိုင်သည်။ သတိပြုရန်မှာ တစ်နိုင်ငံတည်းတွင် ရက် ၉၀ မဟုတ်ဘဲ ရှန်ဂန်နိုင်ငံအားလုံး၌ နေထိုင်ခဲ့သည့် ရက်စုစုပေါင်းကို တွက်ချက်ခြင်း ဖြစ်သည်။
ယူဆောင်ရမည့် စာရွက်စာတမ်း: ခရီးသွားသည့်အခါ မိမိ၏ နိုင်ငံကူးလက်မှတ် (Passport) နှင့် နေထိုင်ခွင့်ကတ် (Residence Permit Card) နှစ်ခုစလုံးကို မမေ့မလျော့ ယူဆောင်သွားရမည်။
၂။ ယာယီအကာအကွယ်ပေးမှု (Temporary Protection) ဖြင့် နေထိုင်ခွင့်ရထားသူများ
ယာယီအကာအကွယ်ပေးမှု အစီအစဉ်ဖြင့် နေထိုင်ခွင့် ရရှိထားသူများအနေဖြင့် မိမိတို့၏ ကတ်ပေါ်တွင် သက်တမ်းကုန်ဆုံးရက်ကို ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ သို့မဟုတ် ၂၀၂၆ ဟု မည်သို့ပင် ရိုက်နှိပ်ထားစေကာမူ ယာယီအကာအကွယ်ပေးမှု အဆင့်အတန်း တရားဝင်ရှိနေသရွေ့ အဆိုပါကတ်များသည် ဖင်လန်နိုင်ငံအတွင်း ၂၀၂၇ ခုနှစ်၊ မတ်လ ၄ ရက်နေ့အထိ ဆက်လက်အကျုံးဝင်ပါသည်။
သို့သော် ဖင်လန်ပြင်ပ အခြားနိုင်ငံများသို့ သွားရောက်မည်ဆိုပါက အဆိုပါနိုင်ငံများ၏ ပြည်ဝင်ခွင့်စည်းမျဉ်းများနှင့် ဖင်လန်သို့ ပြန်လည်ဝင်ရောက်ရန် လိုအပ်သော ခရီးသွားစာရွက်စာတမ်းများကို သေချာပေါက် စစ်ဆေးပြင်ဆင်သွားရမည်။
⚠️ ဒုက္ခသည်စောင့်ရှောက်ရေးစခန်း (Reception Centre) တွင် နေထိုင်သူများ သတိပြုရန်:
ခရီးမထွက်ခွာမီ မိမိတို့၏ ခရီးစဉ်အသေးစိတ် (သွားမည့်ရက်၊ ကြာမြင့်မည့်အချိန်၊ ပြန်လာမည့်ရက်) ကို စခန်းတာဝန်ရှိသူများထံ ကြိုတင်အကြောင်းကြားရမည်။ ဤအချက်သည် သင်တို့ရရှိနေသည့် စောင့်ရှောက်မှု အကျိုးခံစားခွင့်များအပေါ် သက်ရောက်မှု ရှိနိုင်သည်။
အကယ်၍ ခရီးစဉ်သည် အများဆုံး ၂ ပတ်ထက်မပိုဘဲ စခန်းက သင့်ကို လိုအပ်လျှင် ဆက်သွယ်၍ရသော အခြေအနေမျိုး ဖြစ်ပါက နေထိုင်စရာနေရာကို ဆက်လက်ထိန်းသိမ်းပေးထားမည်ဖြစ်သည်။
အကယ်၍ ဖင်လန်မှ အပြီးအပိုင် ထွက်ခွာတော့မည်ဆိုပါက စခန်းပြင်ပတွင် နေထိုင်သူဖြစ်စေ ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး မိမိ၏ ယာယီအကာအကွယ်ပေးမှု နေထိုင်ခွင့်ကိုလည်း ပယ်ဖျက်ရမည်။
၃။ နိုင်ငံတကာအကာအကွယ်ပေးမှုအဆင့် (International Protection Status) ရရှိထားသူများ
မိမိ၏ မိခင်နိုင်ငံ (သို့မဟုတ် နိုင်ငံမဲ့မဖြစ်မီ အမြဲတမ်းနေထိုင်ခဲ့သည့် နိုင်ငံ) သို့ ပြန်လည်ခရီးသွားခြင်းမျိုးကို အထူးသတိပြုရမည်။ ထိုသို့ သွားရောက်ပါက သင့်အနေဖြင့် နိုင်ငံတကာအကာအကွယ်ပေးမှုကို တကယ်ပဲ ဆက်လက်လိုအပ်နေသေးခြင်း ရှိ/မရှိ အာဏာပိုင်များဘက်က ပြန်လည်သုံးသပ် စဉ်းစားစရာ ဖြစ်သွားနိုင်ပါသည်။
၄။ နေထိုင်ခွင့် သက်တမ်းတိုး (Residence Permit Application) လျှောက်ထားဆဲသူများ
ဗီဇာအသစ် မကျသေးမီကာလတွင် လက်ရှိဗီဇာ သက်တမ်းရှိနေသေးပါက ခရီးသွားနိုင်သည်။
ခရီးသွားနေစဉ်အတွင်း ဗီဇာသက်တမ်းကုန်သွားမည် သို့မဟုတ် ကုန်ဆုံးပြီးဖြစ်ပါက ဖင်လန်ပြင်ပသို့ ခရီးမထွက်ရန် အလေးအနက် အကြံပြုလိုသည်။ သက်တမ်းကုန်သွားပါက ဖင်လန်နိုင်ငံထဲ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိနိုင်သလို၊ သက်တမ်းတိုးလျှောက်လွှာများကိုလည်း ဖင်လန်နိုင်ငံအတွင်း၌သာ တင်ခွင့်ရှိသောကြောင့် ဖြစ်သည်။
လျှောက်လွှာအတွက် အချက်အလက်အပိုဆောင်း လိုအပ်၍ အိမ်လိပ်စာသို့ စာပို့လာပါက သတ်မှတ်ရက်အတွင်း အကြောင်းပြန်ရမည်။
ဗီဇာခွင့်ပြုချက်ကျပြီဆိုပါက မိမိ၏ ကတ်အသစ်ကို ဖင်လန်နိုင်ငံတွင်း သတ်မှတ်ထားသော ကတ်ထုတ်ယူရမည့်နေရာ (Collection Point) တွင် ၂ ပတ်အတွင်း သွားရောက်ထုတ်ယူရမည်ဖြစ်သည်။
၅။ ဖင်လန်နိုင်ငံသားအဖြစ် လျှောက်ထားဆဲ (Finnish Citizenship Application) သူများ
နိုင်ငံသားလျှောက်ထားဆဲ ကာလအတွင်း ဖင်လန်ပြင်ပသို့ ခရီးသွားခွင့် ရှိသော်လည်း ဖင်လန်နိုင်ငံသား ဖြစ်ခွင့်ရရှိရန်အတွက် ဖင်လန်တွင် သတ်မှတ်ထားသည့် ကာလတစ်ခုအထိ အမှန်တကယ် အခြေချနေထိုင်ခဲ့ဖူးသူ ဖြစ်ရမည်။
အကြံပြုချက်: အားလပ်ရက် ခရီးထွက်နေစဉ်အတွင်း မိမိ၏နိုင်ငံသားလျှောက်လွှာကို အဆုံးအဖြတ် မပေးစေချင်သေးပါက (ရလဒ်မထွက်စေချင်သေးပါက) Migri သို့ ကြိုတင်အကြောင်းကြားနိုင်သည်။
အကြောင်းကြားရန်နည်းလမ်း: Enter Finland အွန်လိုင်းစနစ်မှ လျှောက်ထားသူများသည် လိုင်းပေါ်မှတစ်ဆင့် တိုက်ရိုက်အကြောင်းကြားနိုင်သည်။ စာရွက်စာတမ်းဖြင့် လျှောက်ထားသူများသည် လုံခြုံစိတ်ချရသော အီးမေးလ်စနစ် (securemail.migri.fi) ကို အသုံးပြု၍ migri@migri.fi ထံသို့ လျှို့ဝှက်ကုဒ်ပါသော အီးမေးလ် (Encrypted Email) ပေးပို့အကြောင်းကြားရမည်။
၆။ ခိုလှုံခွင့် (Asylum) လျှောက်ထားဆဲသူများ
မိမိတို့၏ ခိုလှုံခွင့်လျှောက်လွှာကို စိစစ်နေဆဲကာလအတွင်း ဖင်လန်နိုင်ငံအတွင်း၌သာ ဆက်လက်နေထိုင်ပေးကြရန် မေတ္တာရပ်ခံထားသည်။
၇။ ဖင်လန် နိုင်ငံခြားသားပတ်စ်ပို့ သို့မဟုတ် ဒုက္ခသည်ခရီးသွားစာရွက်စာတမ်း ကိုင်ဆောင်ထားသူများ
ဖင်လန်နိုင်ငံခြားသားပတ်စ်ပို့ (Alien's Passport) သို့မဟုတ် ဒုက္ခသည်ခရီးသွားစာရွက်စာတမ်း (Refugee Travel Document) ကိုင်ဆောင်ထားသူများသည် မိမိသွားရောက်မည့်နိုင်ငံ၏ အာဏာပိုင်များထံတွင် အဆိုပါစာရွက်စာတမ်းများဖြင့် ပြည်ဝင်ခွင့်ရမရနှင့် ဗီဇာလိုအပ်ချက် ရှိမရှိကို ခရီးမထွက်မီ ကြိုတင်စုံစမ်းစစ်ဆေးရမည်။
🚨 အရေးကြီး သတိပေးချက်များ
ခရီးသွားရက်နီးကပ်၍ လျှောက်လွှာကို အမြန်စစ်ဆေးပေးရန် တောင်းဆို၍မရပါ။ "ခရီးထွက်ရတော့မည်မို့ ဗီဇာလျှောက်လွှာကို အမြန်စစ်ပေးပါ" ဆိုသည့် အကြောင်းပြချက်မျိုးဖြင့် အမြန်လုပ်ဆောင်ပေးရန် တောင်းဆိုချက်များကို လူဝင်မှုကြီးကြပ်ရေးဌာနက လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါ။ အသက်အန္တရာယ်ရှိသည့် အရေးပေါ်အခြေအနေမျိုး (Very Serious Reasons) ရှိမှသာ အမြန်လုပ်ငန်းစဉ်ကို စဉ်းစားပေးမည် ဖြစ်သည်။
နောက်ဆုံး ဆုံးဖြတ်ချက်သည် နယ်ခြားစောင့်တပ်ဖွဲ့အပေါ်တွင်သာ တည်ရှိသည်။ နိုင်ငံခြားသားတစ်ဦးအား ဖင်လန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ပြု/မပြု ဆိုသည့် နောက်ဆုံး ဆုံးဖြတ်ချက်ကို ဖင်လန် နယ်ခြားစောင့်တပ်ဖွဲ့ (Finnish Border Guard) ကသာ အတည်ပြု ဆုံးဖြတ်မည် ဖြစ်သည်။ သို့ဖြစ်ရာ ခရီးမထွက်ခွာမီ ၎င်းတို့၏ ဝက်ဘ်ဆိုက်ဖြစ်သော
တွင် ရှိသည့် လမ်းညွှန်ချက်များကိုလည်း လေ့လာထားရန် တိုက်တွန်းအပ်ပါသည်။raja.fi
နွေရာသီ အားလပ်ရက် ခရီးစဉ်များအတွင်း မလိုလားအပ်သည့် အခက်အခဲများမရှိစေရန် Migri ၏ လမ်းညွှန်ချက်များကို သေချာစွာ လိုက်နာပြီး မိမိတို့၏ ဗီဇာ၊ ပတ်စ်ပို့နှင့် လိုအပ်သော စာရွက်စာတမ်းများကို စနစ်တကျ ပြင်ဆင်သွားကြပါရန် နှိုးဆော်လိုက်ရပါသည်။
အားလုံးပဲ စိတ်အေးချမ်းသာစွာဖြင့် ပျော်ရွှင်စရာ ခရီးစဉ်လေး ဖြစ်ပါစေ။


No comments
Post a Comment