အင်္ဂါနေ့သတင်းစာများတွင် ဖော်ပြထားသော အဓိကသတင်းများကို အကျဉ်းချုပ် တင်ပြပေးလိုက်ပါသည်။
၁။ ထရမ့်ကို မျက်နှာသာပေးရန် ကြိုးပမ်းနေသည့် ဥရောပခေါင်းဆောင်များ
နေတိုးအဖွဲ့၏ အပိုဒ် (၅) အရ အပြန်အလှန် ကာကွယ်ရေး အာမခံချက်ရှိနေသည်ဟု ဖင်လန်နိုင်ငံရေးသမားများက ယုံကြည်နေကြသော်လည်း အီတလီ နိုင်ငံခြားရေးမူဝါဒ သုတေသီ Nathalie Tocci ကမူ ၎င်းမှာ "သနားစရာကောင်းသည်" ဟု ဝေဖန်ခဲ့သည်။ ဖင်လန်သမ္မတ Alexander Stubb ၏ 'ဂေါက်သီးသံတမန်ရေး' နှင့် ဂျာမနီဝန်ကြီးချုပ် Friedrich Merz က ဒေါ်နယ်ထရမ့်အား ၎င်းအဖိုး၏ မွေးစာရင်းကို လက်ဆောင်ပေးခဲ့ခြင်းတို့မှာ အလွန်ပင် ရှက်ဖွယ်ကောင်းပြီး သိက္ခာမဲ့သော လုပ်ရပ်များဖြစ်ကြောင်း သူမက ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။
၂။ ဘရိုမာဗ် (Bromarv) တွင် တစ်နှစ် အခမဲ့ နေထိုင်ခွင့်
လူသူစိတ်ဝင်စားမှု နည်းပါးနေသော ဒေသကို လူသိများလာစေရန် ရည်ရွယ်၍ Magnus von Knorring ဆိုသူက ၎င်း၏ အိမ်တစ်လုံးကို တစ်နှစ်တိတိ အခမဲ့ ငှားရမ်းနေထိုင်ခွင့် ပေးမည်ဟု ကြေညာထားသည်။ စတုရန်းမီတာ ၁၀၀ ကျယ်ဝန်းသော ထိုအိမ်ကို အဓိကအားဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကူညီပေးနိုင်မည့် လူငယ်ပိုင်းများကို ဦးစားပေး ငှားရမ်းပေးမည် ဖြစ်သည်။
၃။ ဖုန်းလိုင်းအသေ (Landlines) များ ရပ်စဲတော့မည်
ဖင်လန်နိုင်ငံတွင် နှစ်ပေါင်း ၂၀၀ ကျော် အသုံးပြုခဲ့သော ဖုန်းလိုင်းအသေ (Landlines) များကို လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် အပြီးသတ် ရပ်စဲတော့မည် ဖြစ်သည်။ ဆက်သွယ်ရေး ကုမ္ပဏီ Elisa အနေဖြင့် အဆိုပါ ကွန်ရက်ကို ပိတ်သိမ်းတော့မည်ဖြစ်ရာ သက်ရောက်မှုရှိမည့် အိမ်ထောင်စုများနှင့် လုပ်ငန်းများကို ဧပြီလကုန်တွင် အကြောင်းကြားစာ ပေးပို့သွားမည် ဖြစ်သည်။
၄။ ဖင်လန် အိမ်ခြံမြေဈေးကွက် ပြန်လည် နိုးထလာ
၂၀၂၅ ခုနှစ်အတွင်း ဖင်လန်နိုင်ငံ၌ အိမ်ခြံမြေ အရောင်းအဝယ်မှာ ၅၈,၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အိမ်ခြံမြေ အေဂျင်စီများအဖွဲ့ချုပ်၏ CEO က ယခုအချိန်သည် ဆယ်စုနှစ်များစွာအတွင်း အိမ်ဝယ်ရန် အကောင်းဆုံးအချိန် ဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် အိမ်ဈေးများ ပြန်လည် မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
၅။ အိမ်တွင်းအကြမ်းဖက်မှုကို ပြင်းထန်စွာ အရေးယူရန် တိုက်တွန်း
ဖင်လန်နိုင်ငံ၏ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး အရာရှိ (Ombudsman) က အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူများကို ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ပေးဆောင်ရန် တောင်းဆိုလိုက်သည်။ လက်ရှိတွင် တရားရုံးများ၌ စစ်ဆေးနေသော အိမ်တွင်းအကြမ်းဖက်မှု အမှုများ၏ ထက်ဝက်ကျော်တွင် ကျူးလွန်သူနှင့် ခံရသူ၏ နီးစပ်သော ပတ်သက်မှုကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဒဏ်ငွေမျှသာ ချမှတ်နေခြင်းကို ပြောင်းလဲရန် လိုအပ်သည်ဟု ဆိုသည်။
၆။ ဈေးဝယ်စင်တာတွင် မှားယွင်းငွေဖြတ်တောက်မှုကြောင့် ဒုက္ခရောက်ခဲ့ရ
Stockmann ဈေးဝယ်စင်တာတွင် ၂၆ ယူရိုတန် ရေမွှေးပုလင်းကို ပြန်အမ်းငွေ (Refund) တောင်းခံရာမှ ဝန်ထမ်း၏ မှားယွင်းမှုကြောင့် ယူရို ၁၀,၀၀၀ ကျော် (ကျပ်သိန်းပေါင်းများစွာ) ဖြတ်တောက်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးအကြောင်း ဖြစ်သည်။ ထိုမှားယွင်းမှုကြောင့် သူမ၏ ဘဏ်အကောင့်ထဲတွင် ငွေအနှုတ်ပြသွားပြီး နှစ်သစ်ကူး ခရီးစဉ်ကိုပင် ဖျက်သိမ်းခဲ့ရသည်။ နောက်ပိုင်းတွင် Stockmann က အမှားကို ပြင်ဆင်ပေးခဲ့သော်လည်း ဘဏ်စနစ်၏ အားနည်းချက်များအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
၇။ ကူအိုပီယို (Kuopio) ဆေးရုံမှ အန္တရာယ်ရှိသူတစ်ဦး ပျောက်ဆုံးနေ
Niuvanniemi ဆေးရုံမှ အသက် ၅၃ နှစ်အရွယ် အန္တရာယ်ရှိသော အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် သောကြာနေ့ကတည်းက ပျောက်ဆုံးနေသည်။ အရပ် ၅ ပေ ၈ လက်မခန့်ရှိပြီး ဘယ်ဘက် လက်ကောက်ဝတ်တွင် ဆူးကြိုးပုံ တက်တူးပါရှိသော ထိုအမျိုးသားကို တွေ့ရှိပါက ကိုယ်တိုင်မချဉ်းကပ်ဘဲ အရေးပေါ်ဖုန်းနံပါတ် ၁၁၂ သို့ ချက်ချင်း ဆက်သွယ်ရန် ရဲတပ်ဖွဲ့က သတိပေးထားသည်။


No comments
Post a Comment