ယနေ့ (အင်္ဂါနေ့) ထုတ် ဖင်လန်နိုင်ငံ သတင်းစာများတွင် ဖော်ပြပါရှိသော အဓိကသတင်းများကို အနှစ်ချုပ် တင်ပြပေးလိုက်ပါသည်။
၁။ အီရန်သံအမတ်ကို ဖင်လန်အစိုးရ ဆင့်ခေါ်
အီရန်အာဏာပိုင်များက အင်တာနက်လိုင်းများကို ဖြတ်တောက်ပြီး ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းနေမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဖင်လန်နိုင်ငံရှိ အီရန်သံအမတ်ကို ဆင့်ခေါ်ခဲ့ကြောင်း Ilta-Sanomat သတင်းစာက ဖော်ပြသည်။ ဖင်လန်နိုင်ငံခြားရေးဝန်ကြီး Elina Valtonen က "အီရန်အစိုးရဟာ တိတ်တိတ်ဆိတ်ဆိတ် သတ်ဖြတ်နှိမ်နင်းနိုင်ဖို့အတွက် အင်တာနက်ကို ပိတ်ထားတာဖြစ်ပြီး ဒါကို လုံးဝလက်ခံမှာမဟုတ်ဘူး။ ကျွန်မတို့ ဖင်လန်နိုင်ငံအနေနဲ့ အီရန်ပြည်သူတွေဘက်က ရပ်တည်ပါတယ်" ဟု ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။
၂။ ခန္ဓာကိုယ်ထွားသူများအတွက် ဆောင်းတွင်းဝတ်စုံ အခက်အခဲ
ဖင်လန်တွင် အလွန်အေးမြသော ရာသီဥတုကြောင့် အနွေးထည်နှင့် ဆောင်းတွင်းဝတ်စုံများ မဖြစ်မနေ လိုအပ်သော်လည်း ခန္ဓာကိုယ်ထွားသူများ (Plus-sized) အတွက် ဝတ်စုံဝယ်ယူရန် ခက်ခဲနေကြောင်း Helsingin Sanomat က ဖော်ပြသည်။ အဝတ်အထည်ဆိုင်ကြီးများတွင် ဆိုဒ်အကြီးစားများကို အပြင်ဆိုင်များ၌ မရောင်းတော့ဘဲ အွန်လိုင်းမှသာ ရောင်းချလာသည့်အတွက် ခန္ဓာကိုယ်ထွားသူများမှာ ကိုယ်တိုင်စမ်းသပ်ဝတ်ကြည့်ပြီး ဝယ်ယူနိုင်ရန် အခက်အခဲဖြစ်နေကြသည်။
၃။ ကျေးလက်သားဖွားဆရာမများကို ထင်းဖြင့် အခကြေးငွေပေးခဲ့သည့် သမိုင်းကြောင်း
ဖင်လန်နိုင်ငံ၏ ကျေးလက်ဆေးရုံကွန်ရက်များ ကျဉ်းမြောင်းလာမှုနှင့်အတူ သားဖွားဆရာမများ၏ သမိုင်းကြောင်းကို Maaseudun Tulevaisuus က ပြန်လည်ရေးသားထားသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က မြို့ပေါ်တွင် သားဖွားခကို ငွေကြေးဖြင့် ပေးနိုင်သော်လည်း ကျေးလက်ဒေသများတွင်မူ ထင်း ဖြင့် အခကြေးငွေပေးချေခြင်း သို့မဟုတ် အလကား ကူညီပေးခြင်းများ ရှိခဲ့သည်။ ယခုအခါ ဖင်လန်တွင် ကလေးမွေးဖွားနိုင်သော ဆေးရုံအရေအတွက်မှာ ၁၉၇၅ ခုနှစ်က ၆၂ ခုရှိရာမှ ယခုအခါ ၂၁ ခုသာ ကျန်ရှိတော့သဖြင့် ဝေးလံခေါင်ဖျားသူများအတွက် အခက်အခဲဖြစ်နေသည်။
၄။ လက်ပလန် (Lapland) ခရီးသွားများ စားသောက်ကုန်များပါ သယ်ဆောင်လာ
ဖင်လန်နိုင်ငံ မြောက်ပိုင်း လက်ပလန်ဒေသသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွားများသည် ဖင်လန်နိုင်ငံ၏ ကုန်စျေးနှုန်းကြီးမြင့်မှုနှင့် စားသောက်ကုန် ရရှိနိုင်မှုအပေါ် စိုးရိမ်သဖြင့် မိမိတို့နိုင်ငံမှ စားသောက်ကုန်များကို သေတ္တာအပြည့် ထည့်သွင်းသယ်ဆောင်လာကြသည်။ အချို့မှာ ဟိုတယ်သို့ ကြိုတင်၍ပင် ပါဆယ်ပို့ထားကြကြောင်း သိရသည်။ သို့သော် ဖင်လန်အကောက်ခွန်ဌာနက EU ပြင်ပမှ အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ သယ်ဆောင်လာခြင်းကို တားမြစ်ထားကြောင်း သတိပေးထားသည်။
၅။ ဘောလ်တစ်ပင်လယ်တွင် ဂြိုဟ်တုလမ်းညွှန်စနစ် (GPS) နှောင့်ယှက်ခံရမှု မြင့်တက်
ဘောလ်တစ်ပင်လယ် (Baltic Sea) အတွင်း သင်္ဘောများနှင့် လေယာဉ်များ၏ GPS လမ်းညွှန်စနစ်များ နှောင့်ယှက်ခံရမှု (Spoofing) မှာ ယခင်ကထက် ပိုမိုများပြားလာသည်။ သင်္ဘောများအား လမ်းကြောင်းမှားစေရန် တမင်ဖန်တီးထားသော အချက်ပြမှုများကြောင့် သင်္ဘောကပ္ပတိန်များအနေဖြင့် ယခင်အသုံးပြုခဲ့သော ရေဒီယိုအချက်ပြစနစ်ဟောင်းများနှင့် မြေပုံဟောင်းများကို ပြန်လည်အသုံးပြုရန် တိုက်တွန်းထားရသည်။ ဥရောပသမဂ္ဂ (EU) အနေဖြင့်လည်း ပိုမိုလုံခြုံစိတ်ချရသော ကိုယ်ပိုင်ဂြိုဟ်တုလမ်းညွှန်စနစ်သစ်များကို တိုးမြှင့်လုပ်ဆောင်နေသည်။


No comments
Post a Comment