ဖင်လန်နိုင်ငံတွင် နွေရာသီကာလ အလုပ်အကိုင် အခွင့်အလမ်းများ သိသာစွာ ကျဆင်းနေပြီး လွန်ခဲ့သည့် (၂) နှစ်ကနှင့် နှိုင်းယှဥ်ပါက အလုပ်ခေါ်သည့် ကြော်ငြာများ သုံးပုံတစ်ပုံခန့် လျော့နည်းသွားသည်။
အလုပ်အကိုင်ဈေးကွက် ကျပ်လာမှုကြောင့် အလုပ်လိုအပ်သူ လူငယ်များမှာ ရွယ်တူများနှင့်သာမက အသက်ကြီးသော အလုပ်လက်မဲ့များနှင့်ပါ ယှဉ်ပြိုင်နေရသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၂၅ ခုနှစ် မတ်လအတွင်း ဖင်လန်၏ အကြီးဆုံး အလုပ်အကိုင်ဝက်ဘ်ဆိုက် Duunitori တွင် နွေရာသီ အလုပ်အကိုင် ကြော်ငြာ (၁၈,၉၀၀) ခု ရှိခဲ့ပြီး ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် (၃) ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်ကထက် (၃၃) ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်။ လုပ်ငန်းကဏ္ဍ အားလုံး၏ အလုပ်ကြော်ငြာ စုစုပေါင်းမှာ ပြီးခဲ့သည့်နှစ်ကထက် (၃၀) ရာခိုင်နှုန်းခန့် လျော့နည်းသွားပြီး ထိုအခြေအနေက စီးပွားရေး မတည်ငြိမ်မှု ပိုမိုကျယ်ပြန့်လာခြင်းကို ထင်ဟပ်နေသည်။
တစ်ချိန်တည်း၌ပင် ရရှိနိုင်သော အလုပ်နေရာများအပေါ် စိတ်ဝင်စားမှု မြင့်တက်လာသည်။ Duunitori ၏ ဆက်သွယ်ရေး ဒါရိုက်တာ Aino Salonen ၏ အဆိုအရ ယခုခုနှစ် နွေရာသီ အလုပ်ကြော်ငြာများမှာ ၂၀၂၄ ခုနှစ် ကာလတူနှင့် နှိုင်းယှဥ်ပါက ကြည့်ရှုမှုနှုန်း (၄၄) ရာခိုင်နှုန်း ပိုများခဲ့သည်။ "ယှဉ်ပြိုင်မှုက ပိုပြင်းထန်လာတယ်။ အလုပ်နေရာက နည်းပြီး လျှောက်ထားသူက များလာတဲ့အတွက် လူငယ်တွေက အခုဆို အလုပ်ရှာနေတဲ့ အသက်ကြီးသူတွေနဲ့ပါ နွေရာသီအလုပ်အတွက် အားပြိုင်နေရတယ်" ဟု Salonen က ပြောသည်။
ဖင်လန်နိုင်ငံတွင် အလုပ်လက်မဲ့နှုန်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ၌ (၉.၅) ရာခိုင်နှုန်းဖြစ်ပြီး အလုပ်လက်မဲ့ဦးရေ (၂၆၉,၀၀၀) ရှိခဲ့သည်။ ထိုအခြေအနေက ယာယီ အလုပ်များအပေါ် သက်ရောက်မှုရှိပြီး အစဥ်အလာအားဖြင့် လူငယ်အလုပ်သမားများအတွက် ရည်ရွယ်သည့် ကာလတို အလုပ်နေရာများကို လူကြီးများကပါ လျှောက်လာကြသည်။
အလုပ်ခေါ်သည့် ကြော်ငြာများ လျော့နည်းနေသော်လည်း နွေရာသီ အလုပ်အကိုင်ခေါ်ယူမှုများက နွေဦးကာလတစ်လျှောက် ဆက်ရှိနေသည်။ Duunitori တွင် လက်ရှိ အလုပ်ကြော်ငြာ (၄,၈၀၀) ကျော် ရှိသည်။ သို့သော် အလုပ်ရှင် အများအပြားက ကြော်ငြာတစ်ခုတည်းဖြင့် အလုပ်သမား ဒါဇင်နှင့်ချီ သို့မဟုတ် ရာနှင့်ချီ၍ပင် ခေါ်ယူသောကြောင့် အမှန်တကယ် ရရှိနိုင်သည့် အလုပ်အကိုင် အရေအတွက်မှာ များစွာ ပိုမိုသည်။
နွေရာသီအလုပ်များမှာ လူအများနှင့် ရင်းနှီးကျွမ်းဝင်ပြီးသော ကဏ္ဍများတွင် ဆက်လက် များပြားနေဆဲ ဖြစ်သည်။ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း အလုပ်ခေါ်သည့် ကြော်ငြာများအနက် အများစုမှာ စားသောက်ဆိုင်နှင့် ခရီးသွားလုပ်ငန်း၊ လက်လီအရောင်း၊ စက်မှုနှင့် နည်းပညာ၊ ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှု၊ ဆောက်လုပ်ရေး အစရှိသည့် နယ်ပယ်များအတွက် ဖြစ်သည်။
စားသောက်ဆိုင်နှင့် ခရီးသွားလုပ်ငန်းအတွက် အလုပ်ကြော်ငြာများမှာ နှစ်အတန်ကြာ လျော့နည်းနေခဲ့ရာမှ ယခု နွေရာသီတွင် (၆) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း Duunitori ၏ အခြား ပြောခွင့်ရပုဂ္ဂိုလ် Maiju Karhunen က ဆိုသည်။ ကျန်းမာရေးကဏ္ဍတွင်မူ ကုန်ကျစရိတ် ချွေတာရေးနှင့် ပြန်လည် ဖွဲ့စည်းမှုများကြောင့် အလုပ်ကြော်ငြာ အရေအတွက် (၂၅) ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်။ "အလုပ်ခေါ်တာ နည်းပေမဲ့ ကျန်းမာရေးကဏ္ဍအတွက် အလုပ်သမား လိုအပ်ချက်ကတော့တချို့နေရာတွေမှာ မြင့်မားနေဆဲပါ" ဟု Karhunen က ပြောသည်။
Duunitori က နွေရာသီအလုပ်အကိုင် ရှာဖွေသူ (၆,၀၀၀) ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာ ရာသီအစောပိုင်းမှာပင် အလုပ်လျှောက်ထားသူ ပိုများလာကြောင်း တွေ့ရသည်။ ၂၀၂၄ ခုနှစ်တွင် နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလတွင် (၇) ရာခိုင်နှုန်းကသာ အလုပ် စတင်လျှောက်ထားခဲ့သော်လည်း ယခုနှစ်တွင်မူ (၁၄) ရာခိုင်နှုန်းအထိ နှစ်ဆတိုးလာခဲ့သည်။ ဇန်နဝါရီလမှာ အလုပ်ရှာသူများအတွက် စိတ်ဝင်စားမှု အများဆုံးလအဖြစ် ဆက်ရှိနေပြီး ထိုလတွင် အလုပ်ခေါ်သည့် ကြော်ငြာများ အများဆုံး ထည့်လေ့ရှိသည်။
"အလုပ်အကိုင် ခေါ်ယူမှု အများဆုံးရာသီက ကျော်လွန်သွားပြီ ဖြစ်ပေမဲ့ အလုပ်အတော်များများ ရှိနေပါသေးတယ်။ အလုပ်မရသေးဘူးဆိုရင် အခုပဲ လျှောက်လိုက်ပါ။ အရင်က မကြိုးစားကြည့်ဖူးသေးတဲ့ အလုပ်အကိုင်တွေကိုလည်း စဥ်းစားကြည့်ပါ" ဟု Karhunen က ပြောသည်။ Vantaa မြို့ရှိ Fazer မုန့်ဖုတ်လုပ်ငန်းမှာ နွေရာသီအလုပ်အကိုင် ရှာဖွေသူများကြား စိတ်ဝင်စားမှု မြင့်တက်နေသည်။ ထိုလုပ်ငန်းက နှစ်စဉ် နွေရာသီ အလုပ်သမား ရာနှင့်ချီ ခေါ်ယူလေ့ရှိပြီး ယခုနှစ်တွင် လျှောက်လွှာအရေအတွက် ထောင်နှင့်ချီ လက်ခံရရှိထားသည်။
"အလုပ်လျှောက်သူ အရေအတွက် စံချိန်တင် များနေပါတယ်။ အချို့ အလုပ်နေရာတွေက ပြည့်သွားပြီ ဖြစ်ပေမဲ့ အခြား လစ်လပ်နေတဲ့ နေရာတွေ ရှိနေပါသေးတယ်" ဟု Fazer Bakery Finland မှ HR ဌာန အကြီးအကဲ Anu Salomaa က ပြောသည်။ Fazer က နွေရာသီ အလုပ်အကိုင်များကို ချောကလက်ထုတ်လုပ်ရေး၊ မုန့်ဖုတ်ခြင်း၊ ထုပ်ပိုးခြင်း၊ ဂိုဒေါင်နှင့် အရည်အသွေး စစ်ဆေးခြင်း စသည့် နေရာများအတွက် ခေါ်ယူသည်။ ထို့အတူ ကဖေးဆိုင် အလုပ်များလည်းရှိကြောင်း သိရသည်။
"ဒီအလုပ်သမားတွေက ဝန်ထမ်းတွေရဲ့ အားလပ်ရက်တွေနဲ့ Easter, Christmas တို့လို ရာသီအလိုက် လိုအပ်ချက်တွေအတွက် အထောက်အကူ ဖြစ်စေပါတယ်။ လူငယ်တွေကို အလုပ်အတွေ့အကြုံ ရစေဖို့ကလည်း ကျွန်မတို့ရဲ့ ဦးစားပေး ဖြစ်ပါတယ်" ဟု Salomaa က ရှင်းပြသည်။ အလုပ်လျှောက်သည့် လူငယ်များ အနေဖြင့် အတွေ့အကြုံ မရှိလျှင်တောင်မှ မိမိ၏ စိတ်အားထက်သန်မှုနှင့် စွမ်းရည်ကို ရှင်းလင်းစွာ ပြောပြရန် သူမက တိုက်တွန်းသည်။
"အလုပ်အတွေ့အကြုံမရှိရင် ကိုယ့်ဝါသနာနဲ့ ပင်ကိုယ် အရည်အသွေးအကြောင်း ပြောပြပါ။ ပြီးတော့ ဖုန်းခေါ်တဲ့အခါ ပြန်ဖြေဖို့အတွက် အသင့်ရှိနေပါ။ ကျွန်မတို့က အလုပ်အများစုကို ဖုန်းနဲ့ပဲ ကမ်းလှမ်းလေ့ရှိတော့ ဖုန်းမကိုင်လိုက်မိရင် အလုပ်ရမယ့် အခွင့်အလမ်း လွတ်သွားနိုင်ပါတယ်" ဟု သူမက ပြောသည်။
အလုပ်ရှင်များ အနေဖြင့် အလုပ်ခေါ်သည့် ကြော်ငြာများတွင် ပိုမို ပွင့်လင်းမြင်သာမှုရှိစေရန် အလုပ်အကိုင်ဝက်ဘ်ဆိုက် Duunitori ၏ ပြောခွင့်ရပုဂ္ဂိုလ် Karhunen က တိုက်တွန်းခဲ့သည်။ လစာနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ ထည့်သွင်းရန်နှင့် အရွယ်မရောက်သေးသူများ လျှောက်ထားနိုင်ခြင်းရှိ မရှိ ရှင်းလင်းစွာ ဖော်ပြရန် သူမက အကြံပြုသည်။ "ဒါက လူတိုင်းအတွက် အချိန်ကုန်သက်သာစေပါတယ်" ဟု သူမက ဆိုသည်။
https://www.helsinkitimes.fi/finland/finland-news/domestic/26372-fewer-summer-jobs-tougher-competition-for-finland-s-youth.html
No comments
Post a Comment