Slider

နိုင်ငံခြားသား ကျောင်းသားများ အစားအစာ လှူဒါန်းမှုများအပေါ် ပိုမို မှီခိုလာ

 ဟယ်ဆင်ကီးမြို့ရှိ Evangelical Free Church (EFC) ခရစ်ယာန်ဘုရားကျောင်းမှ စေတနာ့ဝန်ထမ်းများက တစ်ပတ်အတွင်း ဘုရားကျောင်းဝတ်ပြုအသင်းဝင်များ လှူဒါန်းခဲ့သော ပေါင်မုန့်၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အသားနှင့် အခြား စားနပ်ရိက္ခာ ပစ္စည်းများကို ပလပ်စတစ်အိတ်များတွင် ထည့်နေကြသည်။

အပတ်စဥ် အစားအစာ ဖြန့်ဝေသည့်နေ့တွင် လူဦးရေ (၆၀၀) မှ (၇၀၀) အထိ လာရောက်ကြပြီး လှူဒါန်းသည့် အစားအစာအိတ်များကို ယူကြသည်ဟု အဆိုပါ လွတ်လပ်သော ခရစ်ယာန်ဘုရားကျောင်းက ပြောသည်။ သင်းအုပ်ဆရာ Markus Österlund ၏ ပြောကြားမှုအရ ပြီးခဲ့သည့် ဆောင်းဦးရာသီမှစ၍ နိုင်ငံခြားသား ကျောင်းသားများ အစားအစာအိတ်ရယူရန် ပိုမိုလာရောက် တန်းစီကြသည်ဟု သိရသည်။

"ဒါက နိုင်ငံတကာကျောင်းသား အများအပြား ငွေရေးကြေးရေး ခက်ခဲနေတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါပဲ။ ဒီမှာ ကျောင်းသား ရာနဲ့ချီရှိတယ်။ တခြား အသင်းအဖွဲ့တွေလည်း အလားတူ အခြေအနေကို တွေ့နေရတယ်" ဟု သင်းအုပ်ဆရာ က ပြောသည်။ ဥရောပသမဂ္ဂ (EU) ပြင်ပမှ နိုင်ငံခြားသား ကျောင်းသားအများအပြားမှာ ဖင်လန်တွင် ပညာသင်ရန် ယူရို (၁၀,၀၀၀) မှ (၁၅,၀၀၀) အထိ အကုန်ကျခံခဲ့ရသည်။

"သူတို့က ဖင်လန်မှာ အလုပ်ရှာရလွယ်မယ်။ ကျောင်းတက်ရင်းနဲ့ အလုပ်လုပ်ပြီး ကိုယ့်နေ့စဥ်ဘဝအတွက် အဆင်ပြေနိုင်မယ်လို့ ထင်ပြီးလာခဲ့ကြတာ။ ဒါပေမယ့် အခုအခြေအနေက လုံးဝ ကွဲပြားနေပြီ။ အခုဆို သူတို့ထဲက အများစုက ကြံရာမရဖြစ်ပြီး မျှော်လင့်ချက်ကင်းနေကြပြီ" ဟု သင်းအုပ်ဆရာက ရှင်းပြသည်။ သင်းအုပ်ဆရာ Österlund က သက်မွေးပညာတက္ကသိုလ်များ၏ နိုင်ငံခြားစျေးကွက်မြှင့်တင်ရေးနည်းစနစ်ကို ဝေဖန်ခဲ့သည်။

ဖင်လန်တွင် အလုပ်ရှာရ လွယ်ကူပြီး တစ်လ ယူရို (၂,၀၀၀) အထိ ရနိုင်သည်ဟုဆိုထားသော ထိုတက္ကသိုလ်များ၏ ကြော်ငြာစာရွက်များကို ကျောင်းသားများက ၎င်းအား ပြသခဲ့ကြကြောင်း သင်းအုပ်ဆရာက ပြောသည်။ "ကျွန်တော်နဲ့ စကားပြောခဲ့တဲ့ ကျောင်းသားတွေက အလုပ်တစ်ခုရဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ လုပ်ခလစာ မရတဲ့ အလုပ်သင်အဖြစ်တောင် အလုပ်ရဖို့ခက်တယ်" ဟု Österlund က ဆိုသည်။

ဖင်လန်နိုင်ငံတွင် ပညာသင်ကြားရန် နေထိုင်ခွင့် ဗီဇာအတွက် ကျောင်းသားများ အနေဖြင့် ၎င်းတို့၏ ဘဏ်အကောင့်တွင် ယူရို (၉,၆၀၀) ရှိကြောင်း အထောက်အထားပြရန် လိုအပ်သည်။ သို့သော် ဖင်လန်၏ လူနေမှုစရိတ် မြင့်မားမှုကြောင့် အများစုမှာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အပိုဝင်ငွေ ရှာဖွေရန် လိုအပ်နေသည်။  

Yle သတင်းဌာနနှင့် အင်တာဗျူးခဲ့သော သီရိလင်္ကာနိုင်ငံမှ ကျောင်းသားတစ်ဦးက အလုပ်နေရာပေါင်း (၃၀၀) နီးပါးတွင် အလုပ်လျှောက်ခဲ့သော်လည်း အလုပ်မရခဲ့ကြောင်း ပြောသည်။ ၎င်းတွင် စုဆောင်းထား‌သော ငွေများရှိ‌ေသာ်လည်း ထိုငွေများ မည်မျှကြာကြာခံမည်ကို စိုးရိမ်နေရကြောင်း ဖွင့်ဟခဲ့သည်။ "ကျွန်တော်သိထားတဲ့ လူတချို့ဆို ကျောင်းဆက်မတက်တော့ဘဲ ဖင်လန်ကနေ ပြန်သွားကြတယ်" ဟု ၎င်းက ဆိုသည်။ ဖင်လန်တွင် အလုပ်အကိုင် ရရှိရန် ခက်ခဲမှုကြောင့် ဘွဲ့ရပြီးလျှင် သီရိလင်္ကာသို့ ပြန်သွားဖွယ်ရှိကြောင်းထိုကျောင်းသားက ဖြည့်စွက် ပြောခဲ့သည်။

အေဂျင်စီများ၏ အလွန်အကျွံ အမွှန်းတင် ကြော်ငြာမှု

Arcada မှာ နိုင်ငံတကာကျောင်းသားများကို ဆွဲဆောင်နိုင်သည့် ဖင်လန်နိုင်ငံရှိ သက်မွေးပညာတက္ကသိုလ်များထဲမှ တစ်ခုဖြစ်ပြီး ကျောင်းသားများ အနေဖြင့် ၎င်းတို့၏ပညာရေးအတွက် ကုန်ကျစရိတ်ပေးရသည်။ Arcada တွင် ကျောင်းသား (၃၇၀) ခန့်ရှိပြီး ထိုအရေအတွက်မှာ ကျောင်းသားအားလုံး၏ (၁၅) ရာခိုင်နှုန်းခန့် ဖြစ်သည်။

Arcada က အိန္ဒိယနိုင်ငံတွင် ၎င်း၏ အေးဂျင့်အဖြစ် လုပ်ကိုင်နေသည့် မိတ်ဖက် အဖွဲ့အစည်းတစ်ခု ရှိသည်။ ထိုမိတ်ဖက်အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်တွင် ကြော်ငြာထားသည့် အချက်အလက်များအရ ကျောင်းသားများ အနေဖြင့် ပညာသင်ကြားနေစဥ်အလုပ်လုပ်ခြင်းဖြင့် တစ်လလျှင် ယူရို (၁,၇၅၀) မှ (၂,၀၀၀) အထိ ရရှိနိုင်သည်ဟု ဆိုသည်။ ထိုဝက်ဘ်ဆိုက်က EU တွင် အလုပ်လုပ်ရန် အရည်အချင်းမပြည့်မီသော နိုင်ငံတကာမှ သူနာပြုများအတွက် အစီအစဥ်တစ်ခုကိုလည်း ကြော်ငြာထားသည်။

Yle မှ ထိုကြော်ငြာများကို Arcada ၏ ဥက္ကဋ္ဌ Mona Forsskåhl ထံ ပြသသောအခါ သူမက အလွန်ပင် သဘောမကျခဲ့ဟု ဆိုသည်။ "ဒါက လက်တွေ့ထက်ပိုပြီးတော့ လုံးဝကို အလွန်အကျွံ အကောင်းမြင်လွန်းတဲ့ အမြင်တစ်ခုပါ။ ကျွန်မတို့အနေနဲ့ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းပြီး အေးဂျင့်နဲ့ ညှိနှိုင်းဖြေရှင်းနိုင်အောင် အခုကိစ္စကို မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု သူမက Yle ကို ပြောခဲ့သည်။ ကျောင်းသားသစ် ရှာဖွေရေး အေးဂျင့်များမှာ Arcada အတွက် အရေးကြီးပြီး ကျောင်း၏ နိုင်ငံတကာကျောင်းသား သုံးပုံတစ်ပုံခန့်မှာ အေးဂျင့်များမှတစ်ဆင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ဖင်လန်နိုင်ငံတွင် နိုင်ငံတကာကျောင်းသားဦးရေ သိသာစွာ တိုးလာခဲ့သည်။ Sanna Marini (SDP) နှင့် Petteri Orpo (NCP) အစိုးရ နှစ်ရပ်လုံးက နိုင်ငံခြားမှ ကျောင်းသားများကို ပိုမိုဆွဲဆောင်နိုင်ရန် ပူးပေါင်းကြိုးပမ်းခဲ့သည်။ EU ပြင်ပမှ ကျောင်းသားများ ဖင်လန်တွင် ပညာသင်ကြားရန် ကျောင်းလခပေးရသည်။ ဥပမာအားဖြင့် Arcada တက္ကသိုလ်ရှိ သူနာပြုသင်တန်းအတွက် ယူရို (၁၃,၀၀၀) မှ (၁၅,၀၀၀) အထိ ကုန်ကျသည်။


https://yle.fi/a/74-20151474


0

No comments

Post a Comment

blogger