Slider

ဖင်လန်နိုင်ငံက ၂၀၂၆ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် အထက်တန်းပညာရေး စတင်မည်


၂၀၂၆ ခုနှစ် ဩဂုတ်လမှစ၍ ဖင်လန်နိုင်ငံရှိ ကျောင်းသားများ အထက်တန်းပညာရေးတစ်ခုလုံးကို အင်္ဂလိပ်ဘာသာဖြင့် သင်ယူနိုင်တော့မည် ဖြစ်သည်။ ဖင်လန်နိုင်ငံ အမျိုးသားပညာရေးအေဂျင်စီက စည်းမျဉ်း ထုတ်ပြန်ခဲ့ပြီးနောက် ယခု အစီအစဉ် ထွက်လာခြင်း ဖြစ်ကြောင်း သိရသည်။ ထိုအစီအစဉ်မှာ ဖင်လန်အစိုးရ၏ ပညာသင်ယူနိုင်ခွင့် တိုးချဲ့ရေးနှင့် ၂၀၂၈ ခုနှစ်တွင် စတင်ရန် စီစဉ်ထားသော အင်္ဂလိပ်ဘာသာဖြင့် ဖြေဆိုနိုင်မည့် အထက်တန်း စာမေးပွဲကို အထောက်အကူ ဖြစ်စေရေး လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဟု ဆိုသည်။

အင်္ဂလိပ်ဘာသာဖြင့် သင်ကြားမည့် အထက်တန်းပညာရေး သင်ရိုးညွှန်းတမ်းအသစ်ကို ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ ထိုသင်ရိုးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် လွှတ်တော်က အတည်ပြုခဲ့သော Act on General Upper Secondary Education နှင့် Act on the Matriculation Examination ဥပဒေ နှစ်ခုလုံး၏ ပြင်ဆင်ချက်များကိုအကောင်အထည်ဖော်ရန် ပထမအဆင့်ဖြစ်သည်။  
ယခု ပြုပြင်ပြောင်းလဲမှုက ဖင်လန်နိုင်ငံ၏ နိုင်ငံတကာ‌ကျောင်းသားများကို ဆွဲဆောင်မှု မြှင့်တင်ရန်နှင့် ဖင်လန် သို့မဟုတ် ဆွီဒင် ဘာသာစကား လုံလောက်စွာ တတ်မြောက်မထားသည့် ကျောင်းသားများအတွက် ပညာရေးအခွင့်အလမ်းများ တိုးတက်စေရန် ရည်ရွယ်သည်။ သို့သော် စည်းမျဉ်းအရ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားမည့် ယခု အစီအစဉ်တွင် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် မဟုတ်သော နိုင်ငံများမှ ပညာသင်ယူရန် သီးသန့် ရောက်ရှိလာသည့် ကျောင်းသားများ အကျုံးမဝင်ကြောင်း သိရသည်။  
အစီအစဉ်အသစ်ကို ပထမအဆင့် အနေဖြင့် အဓိက မြို့ကြီးများနှင့် ဒေသဆိုင်ရာ စင်တာများတွင် စတင်သွားမည်ဖြစ်ကြောင်း ဖင်လန်နိုင်ငံ အမျိုးသားပညာရေး အေဂျင်စီမှ ပညာရေးအကြံပေးနှင့် ဌာနခွဲအကြီးအကဲ Petri Lehikoinen က ပြောသည်။ ကျောင်းများအနေဖြင့် အင်္ဂလိပ်ဘာသာဖြင့်သင်ကြားမှုကို မစတင်မီ အမျိုးသားအဆင့် ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်းနှင့် ကိုက်ညီသော ဒေသဆိုင်ရာ သင်ရိုးညွှန်းတန်းများ ရေးဆွဲရမည် ဖြစ်သည်။
ရေးဆွဲထားသော သင်ရိုးညွှန်းတန်အတွက် ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ အတည်ပြုချက်ရရှိပြီးမှသာ ကျောင်းများက တရားဝင်ခွင့်ပြုချက် လျှောက်ထားနိုင်မည် ဖြစ်သည်။ လျှောက်လွှာများကို သင်ရိုးညွှန်းတန်း စတင်မည့်ရက် မတိုင်မီ အနည်းဆုံး တစ်နှစ်ကြိုတင်၍ တင်သွင်းရမည် ဖြစ်သည်။  အစီအစဉ်အသစ်များတွင် ပါဝင်သင်ယူခွင့်မှာ နေထိုင်မှုအပေါ် မူတည်သည်။
အရွယ်မရောက်သေးသူများအတွက် လိုအပ်ချက်မှာ ကျောင်း‌ဝင်ခွင့်လျှောက်သူထားသူမှာ အခြေခံပညာ‌ရေးဥပဒေအရ သတ်မှတ်ထားသော အခြေခံပညာကို သုံးနှစ် သို့မဟုတ် သုံးနှစ်အောက် သင်ယူပြီးမြောက်ထားသူ ဖြစ်ရမည်။ အရွယ်ရောက်ပြီးသူများအတွက် လိုအပ်ချက်မှာ လျှောက်ထားသူ အနေဖြင့် ဖင်လန်နိုင်ငံတွင် သုံးနှစ်ထက်မပိုသော ကာလတစ်ခု နေထိုင်ခဲ့သူ ဖြစ်ရမည်။  အကယ်၍ သုံးနှစ် ကန့်သတ်ချက်ထက် ကျော်လွန်နေပါက အထူးအရေးကြီး အကြောင်းပြချက်များရှိမှသာ လက်ခံမည် ဖြစ်သည်။  
အင်္ဂလိပ်ဘာသာဖြင့် သင်ကြားမည့် သင်ရိုးသည် ဖင်လန်နှင့် ဆွီဒင်ဘာသာဖြင့်သင်ကြားသော အထက်တန်းပညာရေး၏ အနှစ်သာရနှင့် အတူတူပင်ဖြစ်ပြီး ဘာသာရပ်ရွေးချယ်မှု အပါအဝင် အခြားအခွင့်အလမ်းများလည်း တူညီစွာရရှိမည်ဖြစ်သည်။ ယခုချဉ်းကပ်မှုမှာ International Baccalaureate (IB) Diploma Programme အစီအစဉ်နှင့် ကွဲပြားသည်။ ဖင်လန်နိုင်ငံတွင် IB အစီအစဉ်ကို ဆက်လက်ရရှိနိုင်ပြီး ကျောင်းဝင်ခွင့်အတွက် ပြင်ဆင်မှု တစ်နှစ်ပြီးနောက် ဘာသာရပ် (၆) ခုအထိသာ သင်ယူနိုင်ကြောင်း သိရသည်။
အစီအစဉ် နှစ်ခုစလုံးကို ဖင်လန်နှင့် နိုင်ငံတကာရှိ အဆင့်မြင့်ပညာရေး အဖွဲ့အစည်းများက အသိအမှတ်ပြုထားသည်။ "ဒီအစီအစဉ် နှစ်ခုစလုံးက ကျောင်းသားတွေကို အဆင့်မြင့်ပညာရေးအတွက် ကောင်းမွန်တဲ့ အခြေခံအုတ်မြစ် ပေးစွမ်းနိုင်ပါတယ်" ဟု ဖင်လန်နိုင်ငံ အမျိုးသားပညာရေး အေဂျင်စီမှ ပညာရေးအကြံပေးနှင့် ဌာနခွဲအကြီးအကဲ Petri Lehikoinen က ပြောသည်။ "ကျောင်းသားတစ်ဦးချင်းစီအတွက် မည်သည့်ရွေးချယ်မှုက ပိုသင့်တော်လဲဆိုတာ အဓိကအနေနဲ့တော့ ကိုယ့်ဦးစားပေးအပေါ် မူတည်ပါတယ်"  ဟု ၎င်းကဆိုသည်။
https://www.helsinkitimes.fi/themes/themes/education/26375-english-language-upper-secondary-education-to-begin-in-finland-in-2026.html#google_vignette

 


0

No comments

Post a Comment

blogger