ဟယ်ဆင်ကီးလေဆိပ် (Helsinki Airport) က ဥရောပတွင် ခရီးသည် (၁၅) သန်းမှ (၂၅) သန်းအထိ ဝန်ဆောင်မှုပေးသော လေဆိပ်များအနက် အကောင်းဆုံး လေဆိပ်အဖြစ် ရွေးချယ်ခံရကြောင်း ဖင်လန်နိုင်ငံ၏ လေဆိပ်များကို စီမံနေသည့် Finavia က ခရီးသွားများ၏ စစ်တမ်းကို ကိုးကား၍ ၂၀၂၅ ခုနှစ် မတ်လ (၁၀) ရက်နေ့တွင် ပြောသည်။
ဖင်လန် လေဆိပ်ကုမ္ပဏီ Finavia အား ပေးအပ်ခဲ့သော လေဆိပ်ဝန်ဆောင်မှု အရည်အသွေး Airport Service Quality (ASQ) ဆုကို နိုင်ငံပေါင်း (၉၅) နိုင်ငံရှိ လေဆိပ် (၄၀၀) ပါဝင်သည့် နှစ်စဉ် နိုင်ငံတကာ စစ်တမ်းတစ်ခုအပေါ် အခြေခံ၍ ရွေးချယ်ပေးခြင်း ဖြစ်သည်။ ထိုဆုကို အပြည်ပြည်ဆိုင်ရာ လေဆိပ်များကောင်စီ Airports Council International (ACI) က နှစ်စဥ် ရွေးချယ်ပေးအပ်သည်။
"ဟယ်ဆင်ကီးလေဆိပ်မှာ ခရီးသည်အတွေ့အကြုံ တိုးတက်ဖို့ လုပ်ဆောင်မှုကို တစ်နှစ်ပြီးတစ်နှစ် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိတာ အလွန်ဂုဏ်ယူပါတယ်။ ကျွန်မတို့ လေဆိပ်ရဲ့ ဝန်ဆောင်မှုအပေါ် ခရီးသည် ကျေနပ်မှုက ရေရှည်မှာ တိုးတက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် ရလဒ်က လေဆိပ်ရဲ့ သမိုင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်" ဟု Finavia ကုမ္ပဏီ၏ ဟယ်ဆင်ကီးလေဆိပ် ညွှန်ကြားရေးမှူး Ulla Serlenius က ပြောသည်။
အပြည်ပြည်ဆိုင်ရာ ASQ ဆုကို ခရီးသွားများ၏ ကျေနပ်မှုနှင့် ဝန်ဆောင်မှု အရည်အသွေးတို့ကို စဥ်ဆက်မပြတ် တိုင်းတာခြင်းအပေါ် အခြေခံ၍ ရွေးချယ်ပေးခြင်း ဖြစ်သည်။ ASQ စစ်တမ်းတွင် လေကြောင်းခရီးသွားများက ခရီးစဥ်၏ အဆင့်အမျိုးမျိုးတွင် ဝန်ဆောင်မှု အမျိုးအစား (၃၀) ကို အကဲဖြတ်ကြသည်။ ၎င်းတို့အနက် လမ်းညွှန်မှု၊ ခရီးသည်ဝန်ဆောင်မှုနှင့် check-in ဝင်မှုအပြင် ဈေးဝယ်ခြင်းနှင့် စားသောက်ဆိုင် ရွေးချယ်စရာများလည်း ပါဝင်သည်။
ဟယ်ဆင်ကီးလေဆိပ်တွင် နှစ်စဥ် ခရီးသည် (၄,၀၀၀) ခန့်ကို ASQ ဆု စစ်တမ်းအတွက် မေးမြန်းလေ့ရှိသည်။ ဟယ်ဆင်ကီးလေဆိပ်က ပြီးခဲ့သည့် (၇) နှစ်တွင် ASQ ဆုကို (၆) ကြိမ် ရရှိထားသည်။ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂၊ ၂၀၂၃ နှင့် လတ်တလော ၂၀၂၄ ခုနှစ်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။
No comments
Post a Comment