Slider

အဆင့်မြင့်ပညာရေးမှာ အလုပ်အတွက် အာမခံချက် မဟုတ်တော့ဘဲ ဘွဲရနိုင်မှုထက် ကမ္ဘာကြီးက ပိုမိုမြန်ဆန်စွာ ပြောင်းလဲနေ

အဆင့်မြင့်ပညာရေးကို အနာဂတ်အတွက် သေချာသော ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဆယ်စုနှစ်များကြာ ရှုမြင်ခဲ့ကြသည်။ မိဘများ၊ ဆရာများနှင့် လူမှုအသိုင်းအဝိုင်းတို့၏ ပြောစကားက ရှင်းသည် - စာသင်ပါ၊ ဘွဲ့ယူပါ၊ ဘဝက သူ့ဘာသာ အဆင်ပြေသွားလိမ့်မည်ဟု ဆိုသည်။ သို့သော် ထိုအတွေးအခေါ်မှာ ယခုအခါ အမှန်မဟုတ်တော့သည်အခါ ဘာဖြစ်မလဲ?
ဖင်လန်နိုင်ငံတွင် အဆင့်မြင့် ပညာတတ်များ အလုပ်လက်မဲ့ ဖြစ်နေခြင်းက ယခင်ကထက် ပိုများလာသည်။ လူအစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ဖြစ်မှု ပြဿနာမှာ ပညာအရည်အချင်း နည်းသူများအတွက်သာမက ဘွဲ့ရများအတွက်လည်း ပြဿနာ ဖြစ်လာသည်။ လုပ်သားဈေးကွက်မှာ ဉာဏ်ရည်တုနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့်အတူ ပြောင်းလဲလာနေပြီး သမားရိုးကျ အလုပ်အကိုင်လမ်းကြောင်းများကို မေးခွန်းထုတ်လာသည်။ ဥပမာအားဖြင့် ကျောင်းသားတစ်ဦး အနေဖြင့် ဆရာဝန်ဖြစ်ရန် (၆) နှစ်ကြာ ပညာသင်ယူခြင်းမှာ ၎င်း စတင် ပညာသင်ယူခဲ့စဉ်က ကမ္ဘာကြီးနှင့် လုံးဝ ကွဲပြားနေနိုင်သော အနာဂတ် ကမ္ဘာအတွက် အဓိပ္ပာယ်ရှိပါသလား?

- ဘွဲ့တစ်ခုက အလုပ်အကိုင်ရရှိရေးအတွက် အာမခံချက် မဟုတ်

ဘွဲ့တစ်ခုရရှိထားခြင်းက အလုပ်အကိုင်ရရှိရန် အာမခံချက်တစ်ခု မဟုတ်ကြောင်းနှင့် အနည်းဆုံး ဘွဲ့ရပြီးပြီးချင်း ထိုသို့မဟုတ်ဟု Jyväskylä တက္ကသိုလ်မှ ပါမောက္ခ Päivi Tynjälä က ဆိုသည်။ "အဆင့်မြင့်ပညာရေးက အခြေခံအုတ်မြစ်တစ်ခု ရစေပေမဲ့ တချို့ အလုပ်အကိုင် နယ်ပယ်တွေမှာက အလုပ်ရဖို့ ပရောဂျက် အမျိုးမျိုး၊ အလုပ်သင် ဒါမှမဟုတ် အဆက်အသွယ်ကဲ့သို့ တခြား လမ်းကြောင်းတွေ ရှိပါတယ်။ ဥပမာ သတင်းအချက်အလက်နည်းပညာ (IT) ကဏ္ဍမှာဆိုရင် အလုပ်ရှင်တွေက ဘွဲ့ထက် လက်တွေ့ကျွမ်းကျင်မှုကို ပိုတန်ဖိုးထားတတ်ကြတယ်" ဟု Tynjälä က ပြောသည်။  
ဉာဏ်ရည်တု (AI) နည်းပညာ၏ ဖွံ့ဖြိုးတိုးတက်မှုက အထူးသဖြင့် သမားရိုးကျ ပညာရှင်အလုပ်အကိုင်များကို စိန်ခေါ်လျက်ရှိပြီး အနာဂတ် အလုပ်အကိုင်ဘဝတွင် လိုအပ်လာမည့် ကျွမ်းကျင်မှုများကိုလည်း အပြောင်းအလဲ ဖြစ်စေသည်။ အလုပ်လုပ်ကိုင်ရာတွင် အဆက်မပြတ် လေ့လာသင်ယူမှုနှင့် ပြောင်းလဲနေသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်သည်ဟု ၎င်းက အကြံပြုသည်။ သို့သော် အဆင့်မြင့် ပညာတတ်များတွင် အလုပ်လက်မဲ့ဖြစ်နှုန်းမှာ အခြားသူများထက် အမြဲတမ်း ပိုနည်းကြောင်းလည်း  Tynjälä က ထောက်ပြသည်။

- ကျောင်းပြန်တက်ရန် ထိုက်တန်သလား?

ယခုအချိန် အကျပ်အတည်းဆိုက်နေသော သို့မဟုတ် အပြောင်းအလဲ ဖြစ်နေသော နယ်ပယ်ကို ရွေးချယ်မိပါက နောင်တစ်ချိန်တွင် မရေရာသည့် အခြေအနေ ကြုံရနိုင်သည်။ တစ်ဖက်တွင်လည်း အရွယ်ရောက်ပြီး ပညာရေး အထောက်အကူမရှိဘဲ နောက်ပိုင်း နယ်ပယ်ပြောင်းရန် ပိုမိုခက်ခဲနိုင်သည်။ အလုပ်အကိုင် နယ်ပယ်မှာ အလျင်အမြန် ပြောင်းလဲနေသော်လည်း ပညာရေးက အသုံးမဝင်တော့ဟု မဆိုနိုင်ပါ။ သို့သော် ပညာရေး၏ အခန်းကဏ္ဍကမူ ကွဲပြားလာနိုင်သည်။
အောင်မြင်မှုအတွက် စူးစမ်းလိုစိတ်၊ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နိုင်မှုနှင့် အခြေအနေသစ်များနှင့် လိုက်လျောညီထွေ နေနိုင်စွမ်းတို့က ပိုအရေးကြီးလာသည်။ အလုပ်အတွက် အာမခံချက်အနေနှင့်သာမက မိမိ ကျွမ်းကျင်မှုများအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ခံယူထားပါက ပညာသင်ယူခြင်းသည် တန်ဖိုးရှိဆဲ ဖြစ်သည်။ မိမိ၏ နယ်ပယ်ကို စဉ်းစားနေသူ တစ်ဦးအတွက် အရေးအကြီးဆုံးမှာ မိမိ စိတ်ဝင်စားသည့်အရာကို ရွေးချယ်ရန်နှင့် အဆက်မပြတ် လေ့လာသင်ယူမှုအတွက် အခွင့်အလမ်းရှိသော နေရာကို ရွေးချယ်ရန်ဖြစ်ကြောင်း Tynjälä က ပြောသည်။

https://yle.fi/a/74-20142939



0

No comments

Post a Comment

blogger