ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဝတ်မှုန်ရာသီ ပိုမို ရှည်ကြာလာမှုကြောင့် ဝတ်မှုန်နှင့် ဆက်စပ်သော ရောဂါလက္ခဏာများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာသည်။ ယခုနှစ်တွင် ဝတ်မှုန်ရာသီမှာ ဖေဖော်ဝါရီလ အစောပိုင်းကတည်းကပင် စတင်ခဲ့သည်။ ၁၉ ရာစုအကုန် နောက်ပိုင်း ဖင်လန်နိုင်ငံ၏ ပျမ်းမျှအပူချိန်မှာ (၂) ဒီဂရီကျော် မြင့်တက်လာခဲ့ကြောင်း Finnish Allergy, Skin and Asthma Association က သတင်းထုတ်ပြန်ချက်တွင် ပြောထားသည်။
ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ဓာတ်မတည့်မှု ဖြစ်စေသော အပင်များမှ ဝတ်မှုန်များ ပိုမိုတွေ့ရှိလာရပြီး ၁၉၈၀ ခုနှစ်များတွင် တိုင်းတာချက်များနှင့် နှိုင်းယှဉ်ပါက ဖင်လန်နိုင်ငံ၏ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် နွေဦးကာလ၌ ဓာတ်မတည့်မှု ဖြစ်စေသော အပင်များမှ ဝတ်မှုန်များမှာ ပျမ်းမျှအားဖြင့် (၂) ဆ ပိုများလာသည်။ ပန်းပွင့်ချိန်ကလည်း တစ်ပတ်ခန့် စော၍ စတင်လာသည်။
"၂၀၂၄ နွေရာသီက ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်ကို နမူနာ ခံစားရတဲ့ အချိန်ဖြစ်ပါတယ်။ ဝတ်မှုန်ရာသီက နောက်ထပ် တစ်လလောက် ပိုရှည်ကြာသွားခဲ့ပြီး တကယ်လို့ ဆောင်းဦးအစပိုင်းမှာ ပိုမိုနွေးထွေးခဲ့ရင် ဝတ်မှုန်တွေက တစ်လစောပြီး လေထဲမှာ ပျံ့နှံ့နိုင်တယ်" ဟု Finnish Allergy, Skin and Asthma Association မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးသုတေသီ Juha Jantunen က ပြောသည်။
ပုံမှန်အားဖြင့် ဖင်လန်နိုင်ငံတွင် ဝတ်မှုန်ရာသီမှာ မတ်လနှင့် ဧပြီလတွင် alder နှင့် hazel အပင်များ ပန်းပွင့်ချိန်၌ စတင်လေ့ရှိသည်။ သို့သော် လေစီးကြောင်းများနှင့်အတူ တောင်ဘက်မှ ဝတ်မှုန်များ အလွန်စော၍ ရောက်လာနိုင်သည်။ ဥရောပ တောင်ပိုင်းနှင့် အနောက်ပိုင်းတွင် ဝတ်မှုန်ရာသီမှာ အစောဆုံး ဒီဇင်ဘာလကတည်းက စတင်နိုင်သည်။ ထိုနယ်မြေရှိ အပင်များ ပန်းပွင့်မှု မြန်ဆန်လေ ဖင်လန်တွင် ဝတ်မှုန်များကို စောစောတွေ့ရနိုင်လေ ဖြစ်သည်။ ဆောင်းဦးရာသီတွင်လည်း ဝတ်မှုန်ကြောင့် ဓာတ်မတည့်မှု ရောဂါလက္ခဏာများ ခံစားရနိုင်သည်။
- ဝတ်မှုန် ဓာတ်မတည့်မှုကို မည်သို့ ကုသသင့်သလဲ?
ဖင်လန်နိုင်ငံသား (၅) ဦးတွင် (၁) ဦးမှာ ဝတ်မှုန် ဓာတ်မတည့်မှုကို ခံစားရသည်။ ဝတ်မှုန်ရာသီ ပိုရှည်ကြာလာသည်နှင့်အမျှ ဓာတ်မတည့်မှု လက္ခဏာများလည်း ပိုဆိုးလာတတ်သည်။ တ်မှုန် ဓာတ်မတည့်မှု လက္ခဏာများတွင် နှာရည်ယိုခြင်း၊ နှာချေခြင်း၊ နှာခေါင်း ယားယံခြင်းနှင့် နှာခေါင်းပိတ်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ပန်းနာရင်ကျပ် လက္ခဏာများ ပါဝင်သည်။ ထို့အပြင် လူအများအပြားမှာ မျက်လုံးနီခြင်း၊ ယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းနှင့် မျက်ရည်ထွက်ခြင်းတို့ကိုလည်း ကြုံရတတ်သည်။
ဝတ်မှုန် ဓာတ်မတည့်မှုကို ကုသသင့်ပြီး ကောင်းမွန်စွာ ကုသခြင်းဖြင့် ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။ ဓာတ်မတည့်မှု ခံစားရသူတစ်ဦးမှာ ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေ (၂) ဆမှ (၃.၅) ဆ ပိုများသည်။ ကုသမှုတွင် အရေးကြီးဆုံးမှာ ရောဂါလက္ခဏာများကို ကုသပျောက်ကင်းစေရန် ဖြစ်သည်။ နှာခေါင်းတွင် ဖြစ်ပွားသော လက္ခဏာများနှင့် ဓာတ်မတည့်မှုအတွက် နှာခေါင်တွင်းဖြန်း ဆေးရည် (nasal spray) သုံးနိုင်သည်။
မျက်လုံးတွင် ဖြစ်ပွားသော ဓာတ်မတည့်မှု လက္ခဏာများအတွက် မျက်စဥ်း (eye drops) သုံးနိုင်ပြီး ထိုနည်းလမ်းများနှင့် အဆင်မပြေပါက ဓာတ်မတည့်မှုအတွက် သောက်ဆေး (antihistamine tablets) သောက်နိုင်သည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများအတွက်မူ ပန်းနာရင်ကျပ် ကုသဆေးများ သုံးသင့်သည်။
"ဓာတ်မတည်မှုအတွက် သောက်ဆေး antihistamines နဲ့ မျက်စဥ်းတွေက အလွန်မြန်မြန် အလုပ်လုပ်တာကြောင့် ဓာတ်မတည့်မှု လက္ခဏာ စဖြစ်လာတာနဲ့ စပြီးသုံးနိုင်ပါတယ်။ အခြားတစ်ဖက်မှာကျတော့ နှာခေါင်းထဲဖြန်းတဲ့ ဆေးရည် (nasal spray) တွေက တစ်ပတ်လောက် အသုံးပြုပြီးမှပဲ အထိရောက်ဆုံး ဖြစ်ပါတယ်" ဟု Finnish Allergy, Skin and Asthma Association မှ ကျွမ်းကျင်သူ **Katariina Ijäs က ပြောသည်။
နှာခေါင်းပိတ်ပါက ဝတ်မှုန်အချက်အလက်များကို စောင့်ကြည့်ပြီး နှာခေါင်းတွင်းဖြန်း ဆေးရည် (nasal spray) ကို ကြိုတင်သုံးသင့်သည်။ ဝတ်မှုန် ဓာတ်မတည့်မှုကြောင့် အသက်ရှူကျပ်ခြင်း သို့မဟုတ် ပန်းနာရင်ကျပ် ရောဂါလက္ခဏာများ ပိုဆိုးလာပါက သို့မဟုတ် ရောဂါလက္ခဏာရှိနေသူမှာ ကျောင်းနေအရွယ်ထက် ငယ်သော ကလေးဖြစ်ပါက ဆရာဝန်နှင့် ပြသသင့်သည်။ နွေဦးရာသီတွင် လမ်းပေါ်မှ ဖုန်မှုန်များကြောင့်လည်း လူအများအပြား ဓာတ်မတည့်မှု လက္ခဏာများ ခံစားရတတ်သည်။
https://www.mtvuutiset.fi/artikkeli/siitepolylle-oireilu-lisaantyy-suomessa-tassa-syy/9116138
No comments
Post a Comment