ဖင်လန်နိုင်ငံ အကောက်ခွန်ဌာနက ယခုနှစ်အစောပိုင်းတွင် ဟယ်လ်ဆင်ကီး လေဆိပ်၌ ပထမဆုံး ခန္ဓာကိုယ်ပုံရိပ်ဖော်စက် (body-imaging device) ကို စတင် အသုံးပြုနေပြီဖြစ်ကြောင်း ထုတ်ပြန်သည်။ ထိုစက်ကို အထူးသဖြင့် ခန္ဓာကိုယ်အတွင်း မူးယစ်ဆေးဝါးများကို သိုဝှက်ထားသည်ဟု သံသယရှိသူများ အပါအဝင် နိုင်ငံတကာခရီးသွားများကို စစ်ဆေးရာတွင် အသုံးပြုခြင်းဖြစ်ကြောင်း အကောက်ခွန်ဌာန၏ ၂၀၂၅ ခုနှစ် မတ်လ (၁၈) ရက် သတင်းထုတ်ပြန်ချက်တွေ ပြောထားသည်။
ယခု စက်အသစ်က ခရီးသွားများနှင့် အကောက်ခွန်ဝန်ထမ်းများ နှစ်ဦးနှစ်ဘက်လုံးအတွက် အချိန် ချွေတာနိုင်ပြီး ခရီးသွားများကို စစ်ဆေးရာတွင် ပိုမိုလွယ်ကူစေသည်။ ခန္ဓာကိုယ်ပုံရိပ်ဖော်စက်ကို စတင် အသုံးပြုပြီးနောက် ဟယ်ဆင်ကီးလေဆိပ်၌ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း မူးယစ်ဆေးဝါးများ သိုဝှက်ကာ ဖင်လန်နိုင်ငံသို့ ယူဆောင်လာရန် ကြိုးပမ်းမှု (၅) ခုကို အကောက်ခွန်ဌာနက ဖော်ထုတ်နိုင်ခဲ့သည်။
မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းသူများက မူးယစ်ဆေးဝါးများကို ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း သိုဝှက်သယ်ဆောင်လေ့ရှိသည်။ အများဆုံး မှောင်ခိုတင်သွင်းသည့် မူးယစ်ဆေးဝါးမှာ ကိုကင်း ဖြစ်ကြောင်း ဖင်လန်နိုင်ငံ အကောက်ခွန်ဌာနက ပြောသည်။ အကောက်ခွန်ဌာနက အသုံးပြုနေသည့် ခန္ဓာကိုယ်ပုံရိပ်ဖောက်စက်မှာ အခြေခံအားဖြင့် ဓာတ်မှန်ရိုက်စက် (X-ray) ကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ဆေးဘက်ဆိုင်ရာသုံး မဟုတ်ဟု ဆိုသည်။
ပုံရိပ်ဖော်စက်က ခန္ဓာကိုယ်၏ တစ်ရှူး၊ အရိုးများနှင့် ဖြစ်နိုင်ခြေရှိသော ခန္ဓာကိုယ်တွင်း ရောက်ရှိနေသည့် ပြင်ပမှ ပစ္စည်းများကို ဓာတ်မှန်ပုံရိပ်များ ထုတ်ပေးနိုင်သည်။ သို့သော် ထိုစက်မှ ထုတ်လွှတ်သော ဓာတ်ရောင်ခြည် ပမာဏမှာ အလားတူ ဆေးဘက်ဆိုင်ရာ ဓာတ်မှန်ရိုက်စက်များမှ ထုတ်လွှတ်သည့် ပမာဏထက် အဆပေါင်း (၁,၀၀၀) ခန့် လျော့နည်းသည်။ ခန္ဓာကိုယ်ပုံရိပ်ဖော်စက် ဝယ်ယူမှုအတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ယူရို (၁၀၀,၀၀၀) ခန့် ဖြစ်ပြီး ၎င်းပမာဏ၏ (၈၀) ရာခိုင်နှုန်းခန့်ကို ဥရောပသမဂ္ဂ Customs Control Equipment Instrument (CCEI) က ထောက်ပံ့ခဲ့ကြောင်း သိရသည်။
No comments
Post a Comment