ဖင်လန်နိုင်ငံရှိ မြူနီစီပယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကောင်တီများက ယခုနှစ်တွင် ယာယီ ဝန်ထမ်းလျှော့ချမှုများ အလွန်အမင်း များပြားလာမည်ဟု ခန့်မှန်းထားကြောင်း Local Government and County Employers (KT) က ဆိုသည်။ Uusi Suomi သတင်းဌာန၏ ဖော်ပြချက်အရ မြူနီစီပယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကောင်တီများအကြား လုပ်ခလစာကိစ္စ အငြင်းပွားမှု ပိုမိုပြင်းထန်လာကြောင်း သိရသည်။
KT ၏ အဆိုအရ ယာယီ ဝန်ထမ်းလျှော့ချမှုများကြောင့် လုပ်သားအင်အားစု၏ (၄) ရာခိုင်နှုန်းကျော် သို့မဟုတ် လူဦးရေ (၁၈,၅၀၀) ခန့်ကို ထိခိုက်စေမည်ဟု မျှော်မှန်းထားသည်။ ထို့အပြင် အလုပ်ထုတ်ခံရမှုများသည်လည်း ပုံမှန်ထက် ပိုမိုများပြားမည်ဖြစ်ပြီး လူဦးရေ (၇၀၀) ခန့် ထိခိုက်မည်ဟု ခန့်မှန်းထားသည်။ ထိုကိန်းဂဏန်းများမှာ အစိုးရဝန်ထမ်း နယ်ပယ်အတွက် ပုံမှန်မဟုတ်ဘဲ မြင့်မားနေကြောင်း KT ၏ အကြီးအကဲ Juho Ruskoaho က ပြောသည်။
"ဒါတွေက ထူးခြားနေတဲ့ ကိန်းဂဏန်းတွေပါ။ ကပ်ရောဂါကာလကတည်းက ဒီလောက် မြင့်မားတဲ့ ဝန်ထမ်းလျှော့ချမှုတွေကို မတွေ့ဖူးပါဘူး။ ပြီးတော့ အလုပ်ထုတ်ခံရမှုတွေက ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက စီးပွားရေးကျဆင်းမှု ကာလရဲ့ အဆင့်ကို ရောက်နေပါတယ်" ဟု ၎င်းကဆိုသည်။ ယခုအချိန်ထိ အလုပ်ထုတ်ခံရမှုများတွင် အဓိကအားဖြင့် အုပ်ချုပ်ရေး၊ ခေါင်းဆောင်ပိုင်းနှင့် အထောက်အပံ့ လုပ်ငန်းများကို ထိခိုက်စေခဲ့ပြီး ဆရာ/ဆရာများနှင့် ကျန်းမာရေးဝန်ထမ်းများလည်း အလုပ်ထုတ်ခံရသူများအနက် ပါဝင်သည်။
ထိုအချက်အလက်မှာ ကို KT ၏ နှစ်စဉ် အသုံးစရိတ် ချွေတာမှု စစ်တမ်းမှ ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ စစ်တမ်းမှာ ပြီးခဲ့သည့် နှစ်အတွက် ချွေတာမှုများနှင့် ယခုနှစ်အတွက် ခန့်မှန်းချက်များနှင့် ပတ်သက်၍ နယ်မြေဒေသများကို မေးမြန်းထားခြင်း ဖြစ်သည်။ စုစုပေါင်းအနေဖြင့် အစိုးရဝန်ထမ်း ကဏ္ဍတွင် ယခုနှစ်အတွက် ယူရို (၄၁၅) သန်းခန့် ချွေတာရန် ရည်မှန်းထားကြောင်း သိရသည်။
ထိုပမာဏမှာ အစိုးရ ဝန်ထမ်းစရိတ်များ၏ (၁.၇) ရာခိုင်နှုန်းဖြစ်ပြီး ယခင်နှစ်တွင် ချွေတာခဲ့သော ယူရို (၃၄၅) သန်းထက် (၂၀) ရာခိုင်နှုန်း တိုးလာခြင်းလည်း ဖြစ်သည်။ စစ်တမ်းအရ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကောင်တီများ၏ (၈၀) ရာခိုင်နှုန်းကျော်နှင့် မြူနီစီပယ်များ၏ (၃၀) ရာခိုင်နှုန်းနီးပါးကလည်း ၎င်းတို့၏ ဝန်ဆောင်မှုများကို လျှော့ချခဲ့ကြကြောင်း သိရသည်။
No comments
Post a Comment