"နွေရာသီကျောင်းပိတ်ရက် ရွှေ့ဆိုင်းတာက စဥ်းစားစရာ ကိစ္စဆိုတာ အသေအချာပါပဲ။ လက်ရှိမှာ ဝန်ကြီးဌာနက ဒါကို လေ့လာနေပါတယ်။ ဒီကိစ္စကို ခရီးသွားလုပ်ငန်း ရှုထောင့်ကနေ ကြည့်တာထက် ဖင်လန်နိုင်ငံရဲ့ နွေရာသီနဲ့ မိသားစုတွေရဲ့ နေ့စဥ်ဘဝတွေကို ဘယ်လိုဆိုတာ ပိုစဥ်းစားမိပါတယ်" ဟု Adlercreutz က ပြောသည်။ ဇွန်လအစောပိုင်းတွင် စတင်သော ကျောင်းပိတ်ရက်များမှာ မိသားစု အများအပြားအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း သတိပြုမိသည်ဟု ဝန်ကြီးက ဆိုသည်။
ကျောင်းပိတ်ရက်များ စတင်ချိန်ကို (၂) ပတ် ရွှေ့ဆိုင်းလိုက်ပါက မိသားစုများအတွက် ပိုမို အဆင်ပြေစေနိုင်သည်။ ထို့အပြင် ဖင်လန်နိုင်ငံမှာ ဥရောပနှင့် ဥရောပတိုက်၏ ဟန်ချက်များနှင့် ပိုမိုနီးစပ်လာပြီ ဖြစ်သောကြောင့် ဥပမာအားဖြင့် နွေရာသီအားလပ်ရက်များ စီစဉ်ခြင်းတွင် ကွဲပြားသည့် အားလပ်ရက် ရာသီများက လက်တွေ့အရ အခက်အခဲများ ဖြစ်စေသည်။
ထိုကိစ္စကို ဘာကြောာင့် လေးလေးနက်နက် စဉ်းစားသင့်ကြောင်း အကြောင်းရင်းများစွာရှိသည်ဟုလည်း Adlercreutz က ပြောခဲ့သည်။ နွေရာသီ အားလပ်ရက်များကို ရွှေ့ဆိုင်းခြင်းမှာ လက်ရှိတွင် အစိုးရ၏ လုပ်ငန်းစဉ်တွင် မပါဝင်သေးဟု ဆိုသည်။ အစိုးရအဖွဲ့အတွင်း ထိုကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးဆွေးနွေးမှုများ မရှိသေးကြောင်း ပညာရေးဝန်ကြီးက ဆိုသည်။ ပညာရေးဝန်ကြီးဌာနအတွင်း ထိုကိစ္စကို လေ့လာသွားမည်ဖြစ်ပြီး ရလဒ်ကို ကြည့်မည်ဟု ၎င်းက ပြောသည်။
- ခရီးသွားလုပ်ငန်းနှင့် လူထုက နွေရာသီကျောင်းပိတ်ရက်များ ရွှေ့ဆိုင်းခြင်းကို ထောက်ခံ
ဥရောပတိုက်ရှိ အခြားနိုင်ငံများ၌ သြဂုတ်လတွင် ကျောင်းပိတ်ရက် သတ်မှတ်ထားသော်လည်း ဖင်လန်နိုင်ငံရှိ ကျောင်းသား/သူများအတွက်မူ ဇွန်လတွင် နွေရာသီကျောင်းပိတ်ရက် ဖြစ်သည်။ နွေရာသီကျောင်းပိတ်ရက်ကို ၁၉၂၀ ပြည့်လွန်နှစ်များတွင် မသင်မနေရ ပညာရေးစနစ် စတင်ချိန်၌ သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း ခရီးသွားလုပ်ငန်းသည် ဖင်လန်နိုင်ငံရှိ အားလပ်ရက်များကို အခြား ဥရောပနိုင်ငံများနှင့် အတူတူ သတ်မှတ်ရန် အဆိုပြုချက်ကို ပုံမှန် တင်ပြခဲ့သည်။
Finnish Tourism and Restaurant Services Association MaRa နှင့် Service Sector Union PAM တို့က Taloustutkimus ကို စစ်တမ်းတစ်ခု လုပ်ဆောင်စေခဲ့ရာ ထိုစစ်တမ်းအရ နွေရာသီကျောင်းပိတ်ရက်များ ရွှေ့ဆိုင်းရန် နိုင်ငံသားများနှင့် ခရီးသွားလုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများက ထောက်ခံကြောင်း တွေ့ရှိရသည်။ စစ်တမ်း ဖြေကြားသူများအနက် (၅၇) ရာခိုင်နှုန်းက နွေရာသီကျောင်းပိတ်ရက်များကို ဖင်လန်၏ Midsummer မှ သြဂုတ်လကုန်သို့ ရွှေ့ဆိုင်းရန် ထောက်ခံခဲ့ကြသည်။
ဖြေကြားသူများကို ထိုရွေ့ဆိုင်းမှုက စီးပွားရေးအတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုများရှိကြောင်း အသိပေးထားခဲ့သည်။ ဖင်လန်နိုင်ငံသားများ၏ လေးပုံတစ်ပုံကမူ နွေရာသီကျောင်းပိတ်ရက်များ ရွှေ့ဆိုင်းခြင်းကို ကန့်ကွက်ခဲ့ကြသည်။ ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်း လေ့လာမှုတစ်ခုအရ ထိုသို့ ရွှေ့ဆိုင်းမှုကြောင့် ကုမ္ပဏီများ၏ ဝင်ငွေမှာ တစ်နှစ်လျှင် ယူရို (၃၃၆) သန်း တိုးလာပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးလာမည်ဟု ဆိုသည်။
- ဆရာ/ဆရာမများ ကန့်ကွက်
Finnish Teachers' Association (OAJ) က ပြုလုပ်သော စစ်တမ်းအရ ဆရာ/ဆရာမများ၏ (၇၈) ရာခိုင်နှုန်းက နွေရာသီကျောင်းပိတ်ရက်များ ရွှေ့ဆိုင်းရန် အဆိုပြုချက်ကို ကန့်ကွက်ကြသည်။ OAJ က အသင်းဝင်များကို စစ်တမ်းကောက်ခံ့ရာ ဆရာ/ဆရာမ (၁၇,၅၅၇) ဦးက ဖြေကြားခဲ့ကြသည်။ ဖင်လန်နိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုနှင့် ခရီးသွားလုပ်ငန်း၏ အမြတ်အစွန်းမှာ ကျောင်းသား/သူများ၏ နွေရာသီကျောင်းပိတ်ရက်များ ရွှေ့ဆိုင်းခြင်းအပေါ် မူတည်မနေကြောင်း OAJ က ဆိုသည်။
စစ်တမ်း ဖြေကြားသော ဆရာ/ဆရာမများ၏ (၇၄) ရာခိုင်နှုန်းက ၎င်းတို့၏ ကိုယ်ပိုင်လုပ်ကိုင်စရာများကို ထိခိုက်မည်ဟု ခန့်မှန်းခဲ့ပြီး (၆၃) ရာခိုင်နှုန်းက နွေရာသီကျောင်းပိတ်ရက်များကို ဇွန်လအစောပိုင်းထက် နောက်ကျသည့် ကာလသို့ ရွှေ့ဆိုင်းပါက သင်ယူမှု ရလဒ်များ ကျဆင်းမည်ဟု ခန့်မှန်းခဲ့ကြသည်။ ဖြေကြားသူများ၏ (၈၂) ရာခိုင်နှုန်းကမူ ထိုအပြောင်းအလဲမှုက ကျောင်းများတွင် အေးအေးချမ်းချမ်းရှိနေသည့် အခြေအနေကို ထိခိုက်စေမည်ဟု ခန့်မှန်းခဲ့သည်။
https://yle.fi/a/74-20150671
No comments
Post a Comment