Slider

ဖင်လန်နိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုကိုအားထားလာ

ဖင်လန်နိုင်ငံသားများက ဒစ်ဂျစ်တယ် ငွေပေးချေမှု နည်းလမ်းများကို အလျင်အမြန် အသုံးပြု လာကြပြီး ၎င်းတို့၏ အသုံးပြုမှုမှာ နှစ်စဉ် တိုးတက်လျက်ရှိသည်။ ငွေသားနှင့် ငွေပေးချေမှု ကတ်များကဲ့သို့သော အစဥ်အလာ ငွေပေးချေမှု နည်းလမ်းများကို အသုံးပြုနေကြဆဲ ဖြစ်သော်လည်း ဒစ်ဂျစ်တယ်နည်းလမ်းများက ငွေပေးချေမှုပုံစံကို ပြောင်းလဲစေခဲ့သည်။  

ဖင်လန်နိုင်ငံ၏ မြို့ပြဒေသများတွင် ATM စက်များ နည်းပါးလာခြင်းက ဒစ်ဂျစ်တယ် ငွေပေးချေမှုနည်းလမ်းများ အသုံးများလာမှုကို ထင်ရှားမြင်သာစေသည်။  ငွေသား ကိုင်ဆောင်သုံးစွဲရန် ပိုမိုခက်ခဲလာပြီး ငွေသား လက်ခံသည့် စတိုင်းဆိုင် သို့မဟုတ် စားသောက်ဆိုင် အရေအတွက် နည်းပါးလာသည်။ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွင် ဖင်လန်၏ ထူးခြားသော လက္ခဏာမှာ အွန်လိုင်းဘဏ်စနစ်ဖြင့် တိုက်ရိုက် ငွေပေးချေမှုများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်း ဖြစ်သည်။

စာရင်းဇယားများအရ အွန်လိုင်းဘဏ်စနစ်ဖြင့် ငွေပေးချေမှုများမှာ ဖင်လန်၏ e-commerce လုပ်ငန်းများတွင် (၅၇) ရာခိုင်နှုန်းခန့်ရှိပြီး အဆိုပါ ငွေပေးချေမှုများက ဈေးကွက်တွင် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း သိသာထင်ရှားသည်။ အခြား နိုင်ငံများတွင်မူ အွန်လိုင်းဘဏ်ဖြင့် ငွေပေးချေမှုကို အသုံးမများဘဲ ခရက်ဒစ်ကတ် ငွေပေးချေမှုများကို ပိုမိုနှစ်သက်ကြသည်။ ဖင်လန်နိုင်ငံတွင် Tuohi, Euteller နှင့် Trumo ကဲ့သို့ အခြားသော ထူးခြားသည့် ဘဏ္ဍာရေးနည်းပညာ (fintech) ကုမ္ပဏီများ၏ ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများလည်း ရှိသည်။  

စမတ်ဖုန်းများနှင့် အက်ပလီကေးရှင်းများကြောင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုများ တိုးတက်လာ

ယနေ့ခေတ်တွင် စမတ်ဖုန်းများနှင့် အက်ပလီကေးရှင်းများက ဖင်လန်နိုင်ငံသားများ ငွေပေးချေပုံကို အထူးပင် ပြောင်းလဲစေခဲ့သည်။ စားသုံးသူများ အနေဖြင့် ငွေပေးချေမှုကို အလွယ်တကူနှင့် မြန်ဆန်စွာ လုပ်ဆောင်လာနိုင်ပြီး ငွေပေးချေမှုကတ်ကို စက်ထဲထည့်ရန် မလိုအပ်တော့ဟု ဆိုသည်။ Google Pay နှင့် Apple Pay တို့က စမတ်ဖုန်း သို့မဟုတ် စမတ်နာရီများမှတစ်ဆင့် တိုက်ရိုက် ငွေပေးချေနိုင်ရန် စီစဥ်ပေးထားသည်။

ထိုအက်ပလီကေးရှင်းများက ဖင်လန်နိုင်ငံရှိ အသုံးပြုသူများအတွက် ၎င်းတို့၏ ငွေပေးချေမှု ကတ်များကို ဒစ်ဂျစ်တယ် ပိုက်ဆံအိတ် (digital wallet) နှင့် ချိတ်ဆက်ခွင့်ပေးထားပြီး ကတ်ကိုင်ဆောင်စရာမလိုဘဲ ငွေပေးချေနိုင်ရန် ဖန်တီးပေးထားသည်။ စမတ်ဖုန်းများအပြင် Fitbit နှင့် Garmin ကဲ့သို့သော စမတ်နာရီနှင့် အခြား ဝတ်ဆင်နိုင်သည့် ကိရိယာများတွင်လည်း ငွေပေးချေမှု အက်ပလီကေးရှင်းများ ပါရှိသည်။ ယနေ့တွင် NFC ငွေပေးချေမှု နည်းပညာကို ထောက်ပံ့ပါက ဖင်လန်နိုင်ငံသားများ အနေဖြင့် ကိရိယာအမျိုးမျိုးဖြင့် ငွေပေးချေနိုင်သည်။  

ဖင်လန်တွင် လူကြိုက်အများဆုံး ငွေပေးချေမှု ဝန်ဆောင်မှုများ

ဖင်လန်နိုင်ငံတွင် ငွေပေးချေမှု ဝန်ဆောင်မှုများက စားသုံးသူ လိုအပ်ချက်များကို ဖြည့်ဆည်းရန် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာပြီး အချို့သော ငွေပေးချေမှု နည်းလမ်းများမှာ အထူး လူကြိုက်များလာသည်။ အွန်လိုင်းဘဏ်စနစ် ငွေပေးချေမှုများမှာ အထူးသဖြင့် e-commerce လုပ်ငန်းအတွက် ဖင်လန်နိုင်ငံသားများ၏ အကြိုက်ဆုံး နည်းလမ်းဖြစ်သည်။ ၂၀၂၃ ခုနှစ် စာရင်းဇယားများအရ ဖင်လန်၏ e-commerce လုပ်ငန်းများ၏ ထက်ဝက်ကျော်မှာ အွန်လိုင်းဘဏ်စနစ် ငွေပေးချေမှုများကို အသုံးပြုကြကြောင်း သိရသည်။  

ဖင်လန်တွင် မိုဘိုင်းငွေပေးချေမှုများကိုလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ MobilePay သည် ဖင်လန်နိုင်ငံ၏ လူကြိုက်အများဆုံး မိုဘိုင်းငွေပေးချေမှု အက်ပလီကေးရှင်းအဖြစ် ကာလကြာရှည်စွာ ရပ်တည်ခဲ့သည်။ သို့သော် Apple Pay ကို အထူးသဖြင့် iPhone အသုံးပြုသူများကြား လူကြိုက်များလာသည်။ Android အသုံးပြုသူများကမူ ဖင်လန်ဘဏ်များကြား ထောက်ပံ့မှု တိုးချဲ့လာသော Google Pay ကို ပိုနှစ်သက်ကြသည်။  

Klarna နှင့် Jousto ကဲ့သို့သော ငွေတောင်းခံလွှာနှင့် အရစ်ကျ ငွေပေးချမှု ဝန်ဆောင်မှုများမှာ အထူးသဖြင့် ပိုမိုကြီးမားသော ငွေပမာဏဖြင့် ဝယ်ယူမှုများအတွက် လူကြိုက်များသည်။ Klarna မှာ ဖင်လန်နိုင်ငံသားများအတွက် ရင်းနှီးကျွမ်းဝင်မှု အရှိဆုံး အရစ်ကျ ငွေပေးချေမှု ဝန်ဆောင်မှုဖြစ်ပြီး ဖက်ရှင်နှင့် အီလက်ထရွန်းနစ်ပစ္စည်း e-commerce လုပ်ငန်းများတွင် အသုံးများသည်။  

အနာဂတ် အလားအလာ

ဖင်လန်နိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများ ဖွံ့ဖြိုးတိုးတက်မှုမှာ အရှိန်အဟုန်ဖြင့် ဆက်လက် တိုးတက်‌နေသည်။ စားသုံးသူများနှင့် ငွေပေးချေမှု ဝန်ဆောင်မှုပေးသူများအတွက် အနာဂတ်မှာ အလားအလာ ကောင်းနေသည်။ လက်ဗွေနှင့် မျက်နှာမှတ်သားခြင်းကဲ့သို့သော ဇီဝအချက်အလက်များကို ဒစ်ဂျစ်တယ်ငွေပေးချေမှုတွင် အသုံးပြုမှု မြင့်တက်လာနေသည်။ NFC ငွေပေးချေမှုစနစ်များကို လက်ခံသော စတိုးဆိုင်များနှင့် ဝန်ဆောင်မှုများ များပြားလာသည်နှင့်အမျှ မိုဘိုင်းငွေပေးချေမှုများကို လူကြိုက်များမှုလည်း ပိုမို မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။  

ယခုအချိန်တွင် Cryptocurrency (ဒစ်ဂျစ်တယ်ငွေကြေး) ကို ငွေပေးချေမှုအတွက် အသုံးပြုမှုမှာ ကန့်သတ်ချက်ရှိနေဆဲ ဖြစ်သော်လည်း စည်းမျဉ်းများ ကောင်းမွန်ပြီး စားသုံးသူယုံကြည်မှု တိုးလာပါက လာမည့် နှစ်များအတွင်း လူကြိုက်များမှု မြင့်တက်လာနိုင်သည်။ လာမည့်နှစ်များတွင် ငွေသား အသုံးပြုမှုမှာ ဆက်လက် ကျဆင်းမည်ဖြစ်ပြီး ဖင်လန်နိုင်ငံမှာ ငွေသား လုံးဝ ကိုင်တွယ်သုံးစွဲခြင်း မရှိသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာရန် ပိုမို နီးစပ်လာမည် ဖြစ်သည်။



0

No comments

Post a Comment

blogger