ဖင်လန်နိုင်ငံတွင် အခွန်ထမ်း (၁၀) ဦးတွင် (၈) ဦးက အခွန်ပေးဆောင်ခြင်းဖြင့် ကောင်းမွန်သော အကျိုးခံစားခွင့်များ ပြန်လည်ရရှိသည်ဟု ဆိုကြသည်။ ဖင်လန်နိုင်ငံ၏ အခွန်စနစ်အကြောင်း အကျဥ်းချုပ် ကောက်နုတ်ဖော်ပြထားပါသည်။
ဖင်လန်နိုင်ငံ၏ အခွန်စနစ် ဘယ်လို အလုပ်လုပ်သလဲ?
ဖင်လန်နိုင်ငံတွင် အခွန်ထမ်းအများစုက ၎င်းတို့ ပေးဆောင်သော အခွန်ငွေအတွက် ကောင်းမွန်သော အကျိုးခံစားခွင့်များ ပြန်လည်ရရှိသည်ဟု ခံစားရသည်။ တကယ်တမ်းတွင် ထိုအချက်က ဖင်လန်နိုင်ငံကို ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် ဆက်တိုက် အဆင့်သတ်မှတ်ခံရခြင်း၏ အဓိက အကြောင်းရင်းတစ်ခု ဖြစ်နိုင်သည်။
ဖင်လန်နိုင်ငံတွင် အခွန်ကို ပုံမှန်ဝင်ငွေနှင့် အရင်းအနှီးမှ ရရှိသော ဝင်ငွေ နှစ်မျိုးလုံးအပေါ် ပေးဆောင်ရသည်။ ပုံမှန်ဝင်ငွေမှာ လစာနှင့် အလုပ်လက်မဲ့ ထောက်ပံ့ငွေ၊ မိဘခွင့်ရက်အစရှိသည့် အခွန်စည်းကျပ်နိုင်သော လူမှုခံစားခွင့်များ ပါဝင်သည်။ အရင်းအနှီးမှ ရရှိသော ဝင်ငွေမှာ ငှားရမ်းခများ သို့မဟုတ် ပိုင်ဆိုင်မှုများ ရောင်းချခြင်း အပါအဝင် ကိုယ်ပိုင်ပစ္စည်းဥစ္စာမှတစ်ဆင့် ရရှိသော ဝင်ငွေဖြစ်သည်။
ဖင်လန်နိုင်ငံသို့ ရှေရှည်အလုပ်အကိုင်အတွက် ရွှေ့ပြောင်းနေထိုင်ရန် စီစဥ်ထားပါက ရရှိမည့် လစာအပေါ် ဝင်ငွေခွန်ပေးဆောင်ရန် တွက်ထားရမည်။ ထိုအခွန်များမှာ ဝင်ငွေအပေါ် မှုတည်၍ တိုးလာမည့်စနစ်ဖြစ်ပြီး လစာပိုရလေ အခွန်ပိုဆောင်ရလေ ဖြစ်သည်။ ဖင်လန်၏ ထိုအခွန်စနစ်ကို ၁၉၂၀ ပြည့်နှစ်ကတည်းက စတင်ခဲ့ပြီး ၎င်းမှာ နိုင်ငံ၏ လူမှုဖူလုံရေးစနစ်၏ အဓိက အခြေခံအုတ်မြစ်တစ်ခု ဖြစ်သည်။
ဖင်လန်နိုင်ငံတွင် အခွန် ဘယ်လောက်ပေးရလဲ?
လစာပမာဏပေါ်မူတည်၍ ဝင်ငွေခွန်နှုန်းထားများက ပေးဆောင်ရမည့် အခွန်ပမာဏကို ဆုံးဖြတ်သည်။ ထိုအခွန်နှုန်းထားများက လူတစ်ဦးချင်းစီ၏ ဝင်ငွေအပေါ်အခြေခံ တွက်ချက်ခြင်းဖြစ်ပြီး အိမ်ထောင်ဖက် သို့မဟုတ် လက်တွဲဖော်၏ ဝင်ငွေမှာ လူတစ်ဦးချင်းစီ ဝင်ငွေအခွန်နှုန်းအပေါ် သက်ရောက်မှုမရှိပေ။ပေးဆောင်ရမည့် ဝင်ငွေခွန်ပမာဏကို ခန့်မှန်းရန် အခွန်ရာခိုင်နှုန်း တွက်စက် https://www.vero.fi/en/individuals/tax-cards-and-tax-returns/tax_card/tax-rate-and-income-ceiling/tax-percentage-calculator/ ကို အသုံးပြုနိုင်သည်။ ပိုမိုသိရှိလိုပါက ဖင်လန်နိုင်ငံ အခွန်စံမံခန့်ခွဲမှုဌာန ဝက်ဘ်ဆိုက် https://www.vero.fi/en/individuals/tax-cards-and-tax-returns/arriving_in_finland/work_in_finland/ ကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်သည်။
အရင်းအနှီးမှ ရရှိသော ဝင်ငွေအပေါ် ပေးဆောင်ရသည့် အခွန်များမှာ ပို၍ရိုးရှင်းသည်။ ပိုင်ဆိုင်မှုများ၏ စုစုပေါင်း ပမာဏသည် ယူရို (၃၀,၀၀၀) ထက်မကျော်လျှင် (၃၀) ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည် ဖြစ်ပြီး ထိုပမာဏထက်ကျော်လျှင် (၃၄) ရာခိုင်နှုန်း ပေးဆောင်ရသည်။
အခွန်ပေးဆောင်ခြင်းဖြင့် ဘာခံစားခွင့်တွေ ရရှိမလဲ?
ဖင်လန်နိုင်ငံတွင် အခွန်ထမ်းများထံမှ ရရှိလာသော အခွန်ငွေများကို အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်း၊ စျေးနှုန်းချိုသာသော ကျန်းမာရေးစောင့်ရှောက်မှုများ စီစဥ်ပေးခြင်းနှင့် မူလတန်းမှ တက္ကသိုလ်အထိ အခမဲ့ပညာရေးကို ဖန်တီးပေးခြင်း စသည့်တို့အတွက် အသုံးပြုသည်။ အဓိကအားဖြင့် အခွန်များသည် လူမှုဖူလုံရေးစနစ် ကောင်းမွန်သော နိုင်ငံ၏ အဓိက ကျောရိုးဖြစ်ပြီး ဖင်လန်နိုင်ငံ၏ လုံခြုံမှု၊ တည်ငြိမ်မှုနှင့် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် အထောက်အကူပြုသည်။
နှစ်စဉ် အခွန်စက်ဝန်းက ဘယ်လိုပုံစံလဲ?
ဖင်လန်နိုင်ငံ၏ အခွန်စက်ဝန်းမှာ ရိုးရှင်းပြီး အများအားဖြင့် အလိုအလျောက် လုပ်ဆောင်သည်။ နွေဦးရာသီတိုင်းတွင် အခွန်ဌာနက မှန်ကန်သော အခွန်ပမာဏကို ပေးဆောင်ပြီးပြီလားဆိုတာ အလိုအလျောက် တွက်ချက်ပေးပြီး ကြိုတင် ဖြည့်စွက်ထားသော အခွန်ပေးဆောင်မှုဆိုင်ရာ စာရွက်စာတမ်းကို ပေးပို့သည်။
အကယ်၍ စာရွက်စာတမ်းပေါ်ရှိ အချက်အလက်များ မှန်ကန်နေပါက အခွန်ထမ်းအနေဖြင့် ဘာမျှလုပ်စရာ မလိုအပ်ပါ။ သို့သော် အခွန်ပမာဏကို များစွာ ပိုပေးမိပါက သက်ဆိုင်ရာ အခွန်ထမ်း၏ ဘဏ်အကောင့်ထဲသို့ ပြန်အမ်းငွေအဖြစ် ပြန်လွှဲပေးမည် ဖြစ်သည်။ အကယ်၍ အခွန်ပါမဏကို လျှော့ပေးမိပါက ကျန်ရှိသော အခွန်ကို ပေးဆောင်နိုင်ရန် အခွန်ဌာနက စီစဥ်ပေးမည် ဖြစ်သည်။
သတိပြုရမည့် အချက်တစ်ခုမှာ - အလုပ်ရှင်က လစာကနေ သတ်မှတ်ထားသော အခွန်ရာခိုင်နှုန်းကို အလိုအလျောက် ဖယ်ရှားပြီး အခွန်ဌာနသို့ လွှဲပေးမည်ဖြစ်ရာ အလုပ်ရှင် အနေဖြင့် ဝန်ထမ်း (အခွန်ထမ်း) ၏ အခွန်ကတ်နှင့် ဘဏ်အကောင့်နံပါတ်တို့ကို လိုအပ်သည်။
No comments
Post a Comment