၂၀၂၅ ခုနှစ်တွင် အလုပ်လုပ်ခွင့် လျှောက်ထားမှုများ လျော့ကျသွားနိုင်ကြောင်း ဖင်လန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန (Migri) က မတ်လ (၁၈) ရက်နေ့တွင် ထုတ်ပြန်သော အခြေချနေထိုင်ခွင့် လျှောက်ထားမှု အရေအတွက် နောက်ဆုံး ခန့်မှန်းချက်အရ သိရသည်။ Migri ၏ ခန့်မှန်းချက်အရ အလုပ်လုပ်ခွင့် လျှောက်ထားမှုအတွက် ပထမဆုံးအကြိမ် လျှောက်ထားမှု အရေအတွက်မှာ ယခုနှစ်အတွင်း လျော့ကျဆင်းသွားမည် ဖြစ်သော်လည်း ၂၀၂၆ ခုနှစ်တွင် ပြန်လည် မြင့်တက်လာမည်ဟု ဆိုသည်။
ဖင်လန်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုကြောင့် ပြီးခဲ့သည့်နှစ်အတွင်း အလုပ်အကိုင်အပေါ် အခြေခံသည့် နေထိုင်ခွင့်လျှောက်ထားမှု အရေအတွက် လျော့နည်းသွားခဲ့သည်။ "ဖင်လန်စီးပွားရေးက ခန့်မှန်းထားတဲ့အတိုင်း ပြန်ကောင်းရင် လာမယ့်နှစ်မှာ အလုပ်သမားများ အလုပ်လုပ်ခွင့် လျှောက်ထားမှုအရေအတွက်က ၂၀၂၁ ခုနှစ်ကလို ပမာဏအတိုင်းရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ နောက်ဆုံး ခန့်မှန်းချက်အရ ဒီနှစ်ထဲမှာ အလုပ်သမားတွေက လျှောက်ထားမှု (၁၁,၀၀၀) နဲ့ လာမယ့်နှစ်မှာ (၁၅,၀၀၀) ရှိလာပါမယ်” ဟု Migri ၏ ဖွံ့ဖြိုးရေးဒါရိုက်တာ Johannes Hirvelä က ပြောခဲ့သည်။
၂၀၂၄ ခုနှစ်တွင် Migri က အလုပ်အပေါ် အခြေခံသည့် ပထမဆုံးအကြိမ် နေထိုင်ခွင့်လျှောက်ထားမှု (၁၅,၀၂၄) ကို လက်ခံရရှိခဲ့ပြီး ထိုအရေအတွက်သည် ၂၀၂၃ ခုနှစ်ကထက် (၁၂) ခန့် လျော့နည်းခဲ့သည်။ သို့သော် နိုင်ငံတကာကျောင်းသားများ အရေအတွက်မှာ ဆက်လက်၍ စံချိန်တင်မြင့်တက်နေမည်ဟု မျှော်လင့်ရပြီး ၂၀၂၅ ခုနှစ်တွင် လျှောက်ထားမှုအရေအတွက် (၅,၀၀၀) နှင့် ၂၀၂၆ ခုနှစ်တွင် (၁၆,၀၀၀) အထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။
၂၀၂၄ ခုနှစ်တွင် ပညာသင်နေထိုင်ခွင့်အတွက် ပထမဆုံးအကြိမ် လျှောက်ထားမှုအရေအတွက် (၁၄,၁၆၃) ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် (၁၂,၈၆၇) ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် နေထိုင်ခွင့်လျှောက်ထားသည့် ကျောင်းသားအရေအတွက် (၁၂,၁၉၂) ဦးမှာ ၂၀၂၃ ခုနှစ်တွင် (၁၂,၇၉၅) ဦးထက် နည်းပါးခဲ့သည်။ "ကျောင်းသားများ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ စည်းမျဥ်းတွေကို တင်းကျပ်ထားပါတယ်။ ဒါပေမဲ့ ဖင်လန်နိုင်ငံက ကျောင်းသားတွေအတွက် ဆွဲဆောင်မှုရှိတဲ့ နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံတကာ ကျောင်းသားတွေက ဖင်လန်နိုင်ငံမှာ အလုပ်လုပ်ခွင့် အပြည့်အဝရှိပြီး မိသားစုတွေကိုလည်း ဒီကိုခေါ်လာနိုင်ပါတယ်" ဟု Hirvelä က ပြောသည်။
"ဖင်လန်မှာ ကျောင်းလခတွေ တိုးမြှင့်ထားပေမဲ့ နိုင်ငံတကာနဲ့ နှိုင်းယှဥ်ကြည့်ရင်တော့ အလွန်များနေတာမျိုး မဟုတ်ပါဘူး။ လက်ရှိမှာ အထူးသဖြင့် တောင်အာရှနိုင်ငံတွေက ကျောင်းသားတွေ ဖင်လန်ကို ရောက်ရှိနေကြပြီး အဲဒီနိုင်ငံတွေမှာ အဆင့်မြင့် ပညာရေးဘွဲ့ရတွေ အလုပ်လက်မဲ့နှုန်း မြင့်မားနေတာလို အကြောင်းရင်းတွေက ဒီကို ရွှေ့ပြောင်းနေထိုင်ဖို့ ဖြစ်လာပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောခဲ့သည်။
ထိုအတောအတွင်း ဥရောပ၏ အနီးအနား ဒေသများတွင် ပဋိပက္ခများနှင့် အကျပ်အတည်းများ ရှိနေသော်လည်း ဖင်လန်နိုင်ငံသို့ ခိုလှုံခွင့် လာရောက် လျှောက်ထားသူများ အရေအတွက်မှာ ယခုနှစ်အတွင်း အသင့်အတင့် ရှိနေမည်ဟု မျှော်မှန်းထားသည်။ ၂၀၂၅ ခုနှစ်တွင် ဖင်လန်နိုင်ငံ၌ ပထမဆုံးအကြိမ် ခိုလှုံခွင့် လျှောက်ထားမှု (၂,၀၀၀) မှ (၃,၀၀၀) အထိ ရှိလာမည်ဟုလည်း ခန့်မှန်းထားသည်။
ယခုနှစ်အတွင်း ယူကရိန်း ဒုက္ခသည်များအတွက် ယာယီအကာအကွယ် လျှောက်ထားသူများ၏ အရေအတွက်လည်း ပုံမှန် ဆက်လက်ရှိနေမည်ဟု မျှော်မှန်းထားသည်။ သို့သော် ယူကရိန်း သို့မဟုတ် ဥရောပ၏ အနီးအနား ဒေသများရှိ အခြေအနေ ရုတ်တရက် အပြောင်းအလဲ ဖြစ်ပေါ်လာပါက ဖင်လန်တွင် ဒုက္ခသည်နှင့် ခိုလှုံခွင့်လျှောက်ထားမှု အရေအတွက်အပေါ် သိသာထင်ရှားသော သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။
No comments
Post a Comment