Slider

ဖင်လန်နိုင်ငံ၏ ဥပဒေသစ်က ရွှေ့ပြောင်းနေထိုင်သူများအတွက် လမ်းညွှန်သင်တန်းများ မဖြစ်မနေတက်ရောက်ရန် ပြဌာန်း

 ဖင်လန်နိုင်ငံတွင် လာရောက်အခြေချ နေထိုင်ကြသည့် ရွှေ့ပြောင်းနေထိုင်သူများအတွက် နိုင်ငံ၏ သမိုင်း၊ တန်ဖိုးများနှင့် လူမှုရေးစံနှုန်းများကို စနစ်တကျ သင်ကြားပေးရန် ဥပဒေသစ်တစ်ရပ် ထုတ်ပြန်ထားသည်။ ၂၀၂၅ ခုနှစ် အစပိုင်းတွင် အာဏာသက်ရောက်ခဲ့သည့် Act on the Promotion of Immigrant Integration ဥပဒေက ရွှေ့ပြောင်းနေထိုင်သူများ ဖင်လန်နိုင်ငံ လူ့အဖွဲ့အစည်းတွင် သဟဇာတဖြစ်စွာ ပေါင်းစည်းရေး လုပ်ငန်းစဉ်များကို ဗဟိုအစိုးရက ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံသို့ လွှဲပြောင်းပေးခဲ့သည်။

ယခု ဥပဒေအရ ရွှေ့ပြောင်းနေထိုင်သူများအတွက် နာရီ (၇၀) ကြာ လမ်းညွှန်သင်တန်းကို မဖြစ်မနေပေးရမည် ဖြစ်သည်။ ထိုသင်တန်းကို အဓိကအားဖြင့် လူကိုယ်တိုင် တွေ့ဆုံသင်ကြားရမည့်ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူများ နားလည်လွယ်သော ဘာသာစကားဖြင့် သင်ကြားပေးရန် ပြဌာန်းထားသည်။ သင်ရိုးညွှန်းတမ်းတွင် ဖင်လန်နိုင်ငံ၏ ဥပဒေများ၊ အလုပ်အကိုင်နှင့် ပညာရေး အခွင့်အလမ်းများ၊ နေ့စဉ်ဘဝ၏ လက်တွေ့ အခြေအနေများကို ထည့်သွင်းသင်ကြားပေးမည် ဖြစ်သည်။
ယခင်က ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများက ထိုသင်တန်းများကို မိမိသဘောဆန္ဒအရ တက်ရောက်ရန် ကမ်းလှမ်းထားခဲ့သော်လည်း ယခု ဥပဒေအရ ဒုက္ခသည်များနှင့် အလုပ်ရှာနေသော အလုပ်လက်မဲ့များ အနေဖြင့် မဖြစ်မနေ တက်ရောက်ရမည် ဖြစ်သည်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက မိမိတို့၏ ဆုံးဖြတ်ချက်အရ ထိုသင်တန်းကို ရွှေ့ပြောင်းနေထိုင်သူ အားလုံးအတွက် တိုးချဲ့စီစဥ်နိုင်ကြောင်း သိရသည်။
ဥပဒေတွင် ရွှေ့ပြောင်းနေထိုင်သူအချို့ ကြုံတွေ့နေရသော နည်းပညာဆိုင်ရာ အခက်အခဲများကိုလည်း ဖြေရှင်းထားသည်။ ဖင်လန်နိုင်ငံတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ဒီဂျစ်တယ်ဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော်လည်း အသစ်ရောက်လာသူ အားလုံးက အွန်လိုင်းစနစ်များနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြဟု ဆိုသည်။ ထိုအခြေအနေကို ဖြေရှင်းရန်အတွက် အွန်လိုင်းသင်ကြားရေးစနစ်ဖြင့် အဆင်မပြေပါက လူကိုယ်တိုင် မျက်နှာချင်းဆိုင်သင်ကြားမှုကို မဖြစ်မနေပေးရန် ဥပဒေက ပြဌာန်းထားသည်။


0

No comments

Post a Comment

blogger