Slider

ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံကနေ လေ့လာသင်ယူနိုင်သည့် သင်ခန်းစာများ


 ဖင်လန်နိုင်ငံက ၂၀၂၅ ခုနှစ်တွင်လည်း ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ရွေးချယ်ခံခဲ့ရပြီး (၈) နှစ်ဆက်တိုက် ထိုသို့ ရွေးချယ်ခံရခြင်းလည်း ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ၏ ယဉ်ကျေးမှုမှ ပျော်ရွှင်မှုကို မြှင့်တင်ပေးသော အဓိက သင်ခန်းစာ (၅) ခုကို ကောက်နုတ်ဖော်ပြထားပြီး ၎င်းတို့ကို မည်သည့်နေရာတွင်မဆို အသုံးချနိုင်ကြပါမည်။

အခြား နော်ဒစ်နိုင်ငံများဖြစ်ကြသည့် ဒိန်းမတ်၊ အိုက်စလန်နှင့် ဆွီဒင်တို့က ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံ စာရင်းတွင် ဖင်လန်နိုင်ငံ၏နောက်တွင် နီးကပ်စွာ ရပ်တည်နေသည်။ ဖင်လန်လူမျိုးများ၏ အဆိုအရ ပျော်ရွှင်မှုမှာ ချမ်းသာကြွယ်ဝမှု သို့မဟုတ် စီးပွားရေးအောင်မြင်မှု တစ်ခုတည်းနှင့် သက်ဆိုင်ခြင်း မဟုတ်ဘဲ ယုံကြည်မှု၊ ဆက်သွယ်မှုနှင့် ခိုင်မာသော လူမှုရေးအထောက်အပံ့စနစ်တို့က အဓိကကျသည်။

သဘာဝရှိရှိအချိန်ကို ဦးစားပေး

ဖင်လန်ယဉ်ကျေးမှုမှ အဓိက သင်ခန်းစာတစ်ခုမှာ ရိုးရှင်းမှု၏ တန်ဖိုးဖြစ်သည်။ "Sisu" ဟုခေါ်သော ဖင်လန်စကားလုံးမှာ ဇွဲရှိမှုနှင့် စိတ်ဓာတ်ခိုင်မာမှုကို ဖော်ညွှန်းသည့် အယူအဆဖြစ်ပြီး ရိုးရိုးကုပ်ကုပ် နေထိုင်ခြင်း၊ ရိုးရှင်းပြီး အနည်းဆုံးချုံပြီး နေထိုင်းခြင်းနှင့် အမှန်တကယ် အရေးကြီးသည့်အရာများကို ဦးစားပေးသော ဘဝနေထိုင်မှုပုံစံကို ပုံဖော်ပေးသည်။
ထိုစိတ်ထား အယူအဆက ဖင်လန်လူမျိုးများ၏ သဘာဝနှင့် နက်ရှိုင်းစွာ ဆက်နွယ်မှုတွင်လည်း တွေ့မြင်နိုင်သည်။ သဘာဝအလှတရားနှင့် ထိတွေ့ခြင်းမှာ ဖင်လန်လူမျိုးတို့ နေထိုင်မှုပုံစံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ Nordic နိုင်ငံများရဲ့ "လူတိုင်း၏ အခွင့်အရေးများ (everyman’s rights)" သဘောတရားကြောင့် လူများအနေဖြင့် ရာသီဥတုမရွေး နိုင်ငံ၏ သစ်တောများ၊ ရေကန်များနှင့် လွင်ပြင်များကို လွတ်လပ်စွာ ခံစားခွင့်ရရှိကြရသည်။
ပြင်းထန်သော ဆောင်းရာသီ၌ပင် ဖင်လန်လူမျိုးများက နှင်းလျှောစီးခြင်း၊ ရေခဲစကိတ်စီးခြင်းနှင့် ရိုးရာနည်းလမ်းတစ်ခုအတိုင်း ဆော်နာချိုး (sauna) ပြီး ရေခဲရေထဲဆင်းခြင်းကဲ့သို့သော လှုပ်ရှားမှုများဖြင့် အေးမြသောရာသီကို ကျေနပ်စွာ လက်ခံကြလေ့ရှိသည်။ ဖင်လန်နိုင်ငံတွင် အနားယူခြင်းနှင့် စိတ်ဖြေလျှော့ခြင်းကိုလည်း အလွန်တန်ဖိုးထားကြသည်။

ပုံမှန် အနားယူပြီး အပန်းဖြေခြင်း

တိတ်ဆိတ်ငြိမ်သက်မှုကို ကသိကအောက်ဖြစ်မှုအဖြစ် မရှုမြင်ကြဘဲ လေးစားကြပြီး ဖင်လန်၏ sauna ယဉ်ကျေးမှုက စိတ်ဖြေလျှော့ခြင်းနှင့် အတွေးအမြင်များကို အလေးပေးသည်။ ဖင်လန်လူမျိုးများက အနားယူခြင်းသည် ဇိမ်ခံခြင်း သို့မဟုတ် အလုပ်ကြိုးစားမှုအတွက် အကျိုးခံစားရခြင်း မဟုတ်ဘဲ ဘဝ၏ အခြေခံ အစိတ်အပိုင်းတစ်ခုဟု ယူဆကြသည်။

ပညာရေးစနစ်

ပညာရေးစနစ်ကလည်း ထိုချဉ်းကပ်မှုကို ထင်ဟပ်စေပြီး အဆက်မပြတ် စာမေးပွဲများ စစ်ဆေးခြင်းထက် ဖန်တီးမှု၊ တန်းတူညီမျှမှုနှင့် ဝေဖန်ပိုင်းခြား တွေးခေါ်မှုကို အလေးပေး အာရုံစိုက်ထားသည်။  
ဖင်လန်နိုင်ငံ၏ ပျော်ရွှင်မှုတွင် နောက်ထပ် အရေးကြီးသော အကြောင်းရင်းတစ်ခုမှာ ၎င်း၏ ခိုင်မာသော ယုံကြည်စိတ်ချမှု ခံစားချက်ဖြစ်သည်။ 

အဂတိလိုက်စားမှု

ဖင်လန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အနည်းဆုံး နိုင်ငံများအနက်မှ တစ်ခုအဖြစ် အဆင့်သတ်မှတ်ခံရပြီး ပြည်သူများ ၎င်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အိမ်နီးချင်းများနှင့် သူစိမ်းများကိုပင် ယုံကြည်ကြခြင်းဖြစ်သည်။

ယုံကြည်စိတ်ချမှု

ကလေးတွန်းလှည်းများကို ကော်ဖီဆိုင် အပြင်ဘက်တွင် စောင့်ကြည့်ခြင်းမရှိဘဲ ထားခဲ့ခြင်း သို့မဟုတ် ကလေးများ ကျောင်းသို့ တစ်ယောက်တည်း လမ်းလျှောက်သွားခြင်းမျိုးကို တွေ့ရသည်မှာ သာမန်ဖြစ်ပြီး အခြား နိုင်ငံများတွင်မူ ထိုသို့တွေ့ရသည်မှာ ရှားပါးလှသည်။ ထိုမျှမြင့်မားသော ယုံကြည်စိတ်ချမှုကို တစ်ညအတွင်း တည်ဆောက်၍ မရနိုင်သော်လည်း အိမ်နီးချင်းကို ကူညီခြင်း သို့မဟုတ် ကြင်နာမှု ပြသခြင်းကဲ့သို့သော သေးငယ်သည့် လုပ်ရပ်များက လူ့အဖွဲ့အစည်းများကို အားကောင်းစေသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။
https://www.forbes.com/sites/davidnikel/2025/03/20/5-life-lessons-from-finland-once-again-the-worlds-happiest-country/
0

No comments

Post a Comment

blogger