Slider

ဖင်လန်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ပြုမှု ပိုမိုတင်းကျပ်သွားမည်

ဖင်လန်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရာ၌ လိုအပ်ချက်တစ်ခုအဖြစ် နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမှု ပြုလုပ်သွားရန် အလားအလာကို ပြည်ထဲရေးဝန်ကြီးဌာန၏ အလုပ်အဖွဲ့တစ်ဖွဲ့က လေ့လာခဲ့ကြောင်း ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့ ထုတ်ပြန်ချက်တစ်ခုတွင် ဝန်ကြီးဌာနက ပြောထားသည်။ 

Kansallinen Kokoomus (National Coalition Party-NCP) ဦးဆောင်သော (၄) ပါတီ ညွှန့်ပေါင်းအစိုးရက ဖင်လန်နိုင်ငံသားဖြစ်ခွင့်အတွက် လိုအပ်ချက်များကို ပိုမိုတင်းကျပ်ရန် စတင်လုပ်ဆောင်နေသည်။
"နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမှုက ဒီပြုပြင်ပြောင်းလဲမှုရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဖင်လန်နိုင်ငံသားဖြစ်ဖို့အတွက် အရည်အချင်းပြည့်မီဖို့ဆိုရင် လျှောက်ထားသူဟာ ဖင်လန် လူ့အဖွဲ့အစည်းမှာ၊ အလုပ်အကိုင်မှာ သဟဇာတဖြစ်ဖြစ် ပေါင်းစည်းဖို့ လိုအပ်ပြီး ဖင်လန် လူ့အဖွဲ့အစည်းရဲ့ စည်းမျဥ်းတွေကို လိုက်နာနိုင်ရပါမယ်" ဟု ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောထားသည်။
ဖင်လန်တွင် နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမှုကို မည်သို့ ဆောင်ရွက်နိုင်ကြောင်း ဌာနစုံ ပါဝင်သော အလုပ်အဖွဲ့က ဆန်းစစ်ခဲ့ပြီး နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမှုနှင့် ဘာသာစကား တတ်ကျွမ်းမှု လိုအပ်ချက်ကြား ဆက်နွယ်မှုကိုလည်း ချင့်တွက်ခဲ့ကြောင်း သိရသည်။ 

ယခင်ကတည်းက ဖင်လန်နိုင်ငံသား ဖြစ်ခွင့်လျှောက်ထားရာတွင် လျှောက်ထားသူ အနေဖြင့် ဖင်လန် သို့မဟုတ် ဆွီဒင် ဘာသာစကားကို အတိုင်းအတာတစ်ခုအထိ တတ်ကျွမ်းရန် လိုအပ်သည်။ ဖင်လန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ အလုပ်အဖွဲ့က အခြား နိုင်ငံများတွင် ကျင့်သုံးနေသော နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမှုများကိုလည်း လေ့လာဆန်းစစ်ခဲ့သည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အများစုတွင် နိုင်ငံသားဖြစ်ခွင့် ရရှိရန် ဘာသာစကား တတ်ကျွမ်းမှုနှင့် သက်ဆိုင်ရာ နိုင်ငံ၏ လူ့အဖွဲ့အစည်းနှင့် ပတ်သက်၍ လုံလောက်သော ဗဟုသုတရှိရန် လိုအပ်ကြောင်း သိရသည်။ အခြား Nordic နိုင်ငံများအနက် ဒိန်းမတ်နှင့် နော်ဝေတို့က နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမှု ကျင့်သုံးလျက်ရှိသည်။ ထို့အတူ ဆွီဒင်နိုင်ငံကလည်း နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမှု စတင်သွားရန် စီစဥ်နေသည်။

ဖင်လန်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမှုစနစ် စတင်ကျင့်သုံးရန် စီစဥ်မှုများကို ပြည်ထဲရေးဝန်ကြီးဌာနက အခြား အုပ်ချုပ်ရေးပိုင်း ဌာနခွဲများနှင့် ပူးပေါင်းဆောင်ရွက်ကာ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။ အစိုးရက နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမှုဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို ၂၀၂၅ ခုနှစ်အတွင်း လွှတ်တော်သို့ တင်သွင်းသွားရန် စီစဥ်ထားကြောင်း သိရသည်။ ဖင်လန်နိုင်ငံသားဖြစ်ခွင့်နှင့် ပတ်သက်၍ လိုအပ်ချက်များကို နည်းလမ်းပေါင်းစုံဖြင့် တင်းကျပ်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ 

နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမှု စတင်ကျင့်သုံးရန်အပြင် ဝန်ကြီးဌာန၏ ရည်ရွယ်ချက်မှာ ဂုဏ်သိက္ခာရှိမှု လိုအပ်ချက်၊ လုံလောက်သော ငွေကြေးအရင်းအမြစ် လိုအပ်ချက်နှင့် နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းတို့တွင် စည်းမျဥ်းများကို တင်းကျပ်သွားရန် ဖြစ်သည်။ ဖင်လန်နိုင်ငံသားဖြစ်ရန် လိုအပ်သော အခြေချနေထိုင်မှု ကာလကိုလည်း လက်ရှိ (၅) နှစ် သတ်မှတ်ထားရာမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှစ၍ (၈) နှစ်အဖြစ် တိုးမြှင့်သွားမည်ဟု သိရသည်။ ထိုသို့ ပြောင်းလဲသတ်မှတ်ခြင်းက လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ယခင်ထက် ပိုမိုထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်စေရန် ဖြစ်သည်။ 

အခြေချနေထိုင်မှု ကာလကို တွက်ချက်ရာတွင် ဖင်လန်နိုင်ငံတွင် အခြေချနေထိုင်ခွင့် လက်မှတ်ဖြင့် နေထိုင်ခဲ့သော အချိန်ကာလကိုသာ ထည့်သွင်းတွက်ချက်မည်ဟု သိရသည်။







0

No comments

Post a Comment

blogger