Slider

ကျောင်းစာနှင့် ပတ်သက်၍ ခံယူချက်များ ကျဆင်းလာ

Tampere တက္ကသိုလ်နှင့် Helsinki တက္ကသိုလ်တို့က ပြုလုပ်ခဲ့သော နိုင်ငံတစ်ဝန်းလုံးဆိုင်ရာ လေ့လာမှုတစ်ခုအရ ဖင်လန်နိုင်ငံရှိ နဝမတန်း ကျောင်းသားများကြား ပညာရေးဆိုင်ရာ စွမ်းဆောင်ရည်နှင့် ကျောင်းစာနှင့် ပတ်သက်သည့် ခံယူချက်များ သိသိသာသာ ကျဆင်းလာကြောင်း တွေ့ရှိခဲ့သည်။ ၂၀၂၄ ခုနှစ် နွေဦးတွင် ပြုလုပ်ခဲ့သော Learning to Learn အကဲဖြတ်မှုအရ ယခုအခါ ကျောင်းသားများသည် ယခင်နှစ်များထက် စွမ်းဆောင်ရည် ပိုမိုကျဆင်းလာသည့်အပြင် ပညာရေးဆိုင်ဆိုင်ရာ စိတ်ဝင်စားမှုလည်း လျော့နည်းလာကြောင်း ဖော်ပြထားသည်။
ယခု ရလဒ်များအရ ၂၀၀၁ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ပြုလုပ်ခဲ့သော အကဲဖြတ်မှုများနှင့် နှိုင်းယှဉ်ပါက ကျောင်းသားများ၏ စွမ်းဆောင်ရည်များနှင့် သင်ယူမှုဆိုင်ရာ ယုံကြည်မှုများတွင် သိသာထင်ရှားစွာ ကျဆင်းမှုရှိကြောင်း တွေ့ရသည်။ ကျောင်းသားများကြား ကွာဟမှုမှာ ပညာရေး စွမ်းဆောင်ရည်နှင့် ပညာရေးဆိုင်ရာ ခံယူချက်များအရ ပိုမို ကျယ်ပြန့်လာခဲ့သည်။
ထင်ရှားသော ပြောင်းလဲမှုတစ်ခုမှာ ကျောင်းစာတွင် အောင်မြင်မှုမှာ ကြိုးစားအားထုတ်မှုထက် ကံကောင်းမှုအပေါ် မူတည်နေသည်ဟူသော အမြင် ပိုမို ခိုင်မာလာခြင်း ဖြစ်သည်။ ထိုအမြင်သည် အထူးသဖြင့် ယောက်ျားလေးများတွင် ပိုမို အားကောင်းလာခဲ့သည်။ ထိုသို့ ဖြစ်ခြင်းမှာ ကျောင်းများ၊ လူမှုစီးပွားရေး နောက်ခံများနှင့် လိင်ကွဲပြားမှု အုပ်စုများတွင် တသမတ်တည်းရှိနေကြောင်း လေ့လာမှုကို ဦးဆောင်သူ ပါမောက္ခ Mari-Pauliina Vainikainen က ဆိုသည်။
“ကျောင်းစာမှာ အောင်မြင်မှုအတွက် ကံကြမ္မာက အဓိကအချက် ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုက အထူးသဖြင့် ယောက်ျားလေးတွေကြား ပိုများလာခဲ့တယ်။ ဒီစိတ်ဓာတ်ပြောင်းလဲမှုက စိုးရိမ်စရာပါ။ ဘာကြောင့်လည်းဆိုတော့ ဒါက ကျောင်းသားတွေရဲ့ ကိုယ်ပိုင်စွမ်းရည်အပေါ် ယုံကြည်မှု ကျဆင်းလာတာကို ညွှန်ပြနေတာကြောင့် ဖြစ်ပါတယ်” ဟု Vainikainen က ပြောခဲ့သည်။
ယခု လေ့လာမှုတွင် နောက်ထပ် တွေ့ရှိချက်တစ်ခုမှာ ကျောင်းစာတွင် အခက်အခဲရှိနေသော ကျောင်းသား အများအပြားမှာ ၎င်းတို့၏ အဆင့်များနှင့် တိုက်ရိုက် မသက်ဆိုင်သော အကဲဖြတ်မှုများ၌ပင် ကျောင်းစာနှင့် ပတ်သက်၍ ပါဝင်လုပ်ဆောင်မှု နည်းပါးသည်။ ထိုအချက်က ကျောင်းသားများ စိတ်ဝင်စားမှု လျော့နည်းနေခြင်းသည် စာမေးပွဲဖြေဆိုမှုတစ်ခုသာမက နေ့စဉ် သင်ယူမှုများအထိ ပါဝင်ကြောင်း ညွှန်ပြနေသည်။
ကျောင်းသားအချို့မှာ ယခင် မျိုးဆက်များနှင့် နှိုင်းယှဉ်ပါက ကျောင်းနှင့် ၎င်းတို့ သင်ယူနေရသော ဘာသာရပ်များအပေါ် စိတ်ဝင်စားမှု ပိုမို နည်းပါးလာကြောင်း ပြောခဲ့သည်။ “ပညာရေးစွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် ကြိုးပမ်းရာတွင် ကျောင်းသားများ၏ ခံယူချက်များ၊ ယုံကြည်ချက်များနှင့် ကျောင်း၏  အခြေအနေကိုပါ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးသော ပညာရေးဗျူဟာတွေတောင် စိတ်ပါဝင်စားမှုမရှိရင် သက်ရောက်မှုက အကန့်အသတ်ရှိပါတယ်" ဟု Vainikainen က ပြောခဲ့သည်။
ပညာရေးစွမ်းဆောင်ရည် ကျဆင်းမှုကို ပြန်တက်လာရန် လုပ်ဆောင်ခြင်းမှာ ကျောင်းတစ်ခုတည်းက ကိုင်တွယ်ဖြေရှင်းနိုင်သည့် စိန်ခေါ်မှု မဟုတ်ကြောင်း Vainikainen က အလေးအနက်ထား ပြောခဲ့သည်။ "ဒါက ကဏ္ဍပေါင်းစုံကနေ လုပ်ဆောင်မှုတွေ လိုအပ်နေတဲ့ လူမှုရေး ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ သင်ယူမှု ရလဒ်တွေ မြှင့်တင်ဖို့ အစိုးရဌာနအသီးသီးနဲ့ မူဝါဒချမှတ်တဲ့ နယ်ပယ်များအကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်” ဟု ၎င်းက ထောက်ပြသည်။
Learning to Learn လေ့လာအကဲဖြတ်မှုကို ၁၉၉၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းကတည်းက ဖင်လန်နိုင်ငံရှိ ကျောင်းများတွင် ပြုလုပ်ခဲ့သည်။ ၂၀၂၄ ခုနှစ် လေ့လာအကဲဖြတ်မှုတွင်  ၂၀၀၁၊ ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်များမှ ယခင် အကဲဖြတ်မှုများတွင် ပါဝင်ခဲ့ဖူးသော ဖင်လန်နိုင်ငံတစ်ဝန်းရှိ ကျောင်း (၈၂) ကျောင်းမှ နဝမတန်း ကျောင်းသားများ ပါဝင်ခဲ့ပြီး ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လေ့လာအကဲဖြတ်မှု အစီအစဥ်ကို ပံ့ပိုးကူညီခဲ့သည်။


0

No comments

Post a Comment

blogger