ဖင်လန်နိုင်ငံတွင် အများပြည်သူဆိုင်ရာ နေရားများ၌ ပြင်းထန်သော အကြမ်းဖက် ရာဇဝတ်မှုများ ဖြစ်ပွားမှု တိုးလာနေကြောင်း ရဲတပ်ဖွဲ့က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ပြင်းထန်သော အကြမ်းဖက် ရာဇဝတ်မှုများ ဖြစ်ပွားခဲ့သည့် နေရာများအနက် ထက်ဝက်နီးပါး သို့မဟုတ် (၄၈) ရာခိုင်နှုန်းမှာ အများပြည်သူဆိုင်ရာ နေရာများ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အများပြည်သူဆိုင်ရာ နေရာများတွင် ပြင်းထန်သော အကြမ်းဖက် ရာဇဝတ်မှုများ အဖြစ်အများဆုံးမှာ မြို့လယ်ခေါင် နေရာများ၌ ဖြစ်ပြီး သီတင်းပတ်ကုန်ရက်များနှင့် ညအချိန်တွင် ဖြစ်ကြောင်း သိရသည်။ "ရဲတပ်ဖွဲ့က ဒီလို ပြစ်မှုကျူးလွန်တဲ့ ပုံစံမျိုးတွေကို အလေးအနက် ကိုင်တွယ်နေပါတယ်" ဟု ဖင်လန်ရဲတပ်ဖွဲ့၏ Public Order and Security ဌာန အကြီးအကဲ လက်ထောက် ရဲမင်းကြီး Vesa Pihajoki က ပြောသည်။
ရဲတပ်ဖွဲ့က ပြင်းထန်သော ရာဇတ်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနေကြောင်း ဖင်လန်ရဲတပ်ဖွဲ့၏ ရာဇတ်မှုတိုက်ဖျက်ရေးဌာန အကြီးအကဲ လက်ထောက် ရဲမင်းကြီး Minna Ketola က ဆိုသည်။ ရဲတပ်ဖွဲ့က ရာဇတ်မှုများ ကိုင်တွယ်ဖြေရှင်းရာတွင်လည်း ပြင်းပြင်းထန်ထန် လုပ်ဆောင်သော အစီအမံများကို အသုံးပြုကြောင်းနှင့် ရဲအက်ဥပဒေအရလည်း ရာဇဝတ်မှုများကို တားဆီးကာကွယ်ရန် ထိုသို့ လုပ်ဆောင်ခွင့်ပြုထားကြောင်း သိရသည်။
ဖင်လန်နိုင်ငံကို လုံခြုံစိတ်ချရမှုရှိသော နိုင်ငံအဖြစ် ရှိနေစေရန် ရဲတပ်ဖွဲ့ အနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာအတွင်းကနေ အားလုံးကို လုပ်ဆောင်သွားမည်ဟု ဖင်လန်ရဲတပ်ဖွဲ့ ရဲမင်းကြီး Ilkka Koskimäki က ပြောသည်။ “ယေဘုယျအားဖြင့် ဖင်လန်နိုင်ငံရဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ သွားလာရန် စိတ်ချရသေးကြောင်း ပြည်သူများကို အာမခံချင်ပါတယ်။ လူတွေရှိတဲ့ နေရာတိုင်းမှာ ရဲတပ်ဖွဲ့က ရှိနေပါတယ်။ မှုခင်းတွေကို တားဆီးကာကွယ်ဖို့အတွက် နောက်ကွယ်ကနေ စဥ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်” ဟု ရဲမင်းကြီး Koskimäki က ပြောကြားခဲ့သည်။
No comments
Post a Comment