ဖင်လန်နိုင်ငံ Northern Savo ရှိ အထက်တန်းကျောင်း (၅) ကျောင်းတွင် နိုင်ငံခြားမှ ပညာသင်ကြားရန် လာရောက်ကြလာပြီး Peter Vesterbacka ၏ ကုမ္ပဏီ Finest Future (FF) အစီအစဉ်မှတစ်ဆင့် Savo နယ်မြေတွင် ရောက်ရှိနေသည့် လူငယ် (၄၀) ဦး ခန့်ရှိသည်။ လက်ရှိတွင် ကျောင်းသားဦးရေ အများဆုံးမှာ (၁၆) ဦးဖြစ်ပြီး Suonenjoki တွင် ရောက်ရှိနေသည်။ FF က ဗီယက်နမ်နှင့် မြန်မာကဲ့သို့ နိုင်ငံများမှ ကျောင်းသားများကို ခေါ်ယူခဲ့သည်။
၎င်းတို့အနက် ပထမဆုံး ကျောင်းသားများက ၂၀၂၂ ခုနှစ် ဆောင်းဦးတွင် ထိုမြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဖင်လန်သို့ ရောက်ရှိလာခဲ့သော ကျောင်းသားအများစုမှာ ကောင်းမွန်စွာ လိုက်လျောညီထွေ ဖြစ်သွားကြသော်လည်း အားလုံးမှာ ထိုသို့မဟုတ်ချေ။ ခရစ်စမတ်အတွက် ၎င်းတို့၏ နိုင်ငံသို့ ပြန်သွားခဲ့သည့် လူငယ် (၂) ဦးမှာ ပြန်မလာကြတော့ဟု ဆိုသည်။
နိုင်ငံရပ်ခြားတွင် လာရောက်ပညာသင်ခြင်းမှာ ဘဝ အတွေ့အကြုံတစ်ခုဟု Suonenjoki အထက်တန်းကျောင်းအုပ် Mikko Perttinä က ပြောသည်။ တစ်ဦးနှင့်တစ်ဦး တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုကို အမျိုးမျိုးသော နည်းလမ်းများနှင့် လေ့လာသင်ယူကြသည်ဟု Perttinä က သုံးသပ်သည်။ လူငယ်များ အားလုံးတွင် စိန်ခေါ်မှုများနှင့် ပျော်ရွှင်ဖွယ် အခိုက်အတန့်များရှိကြောင်း ၎င်းက ပြောသည်။
အရေးအကြီးဆုံး အချက်မှာ ဖင်လန်ဘာသာစကားကို လုံလောက်စွာ တတ်မြောက်ထားရန် ဖြစ်သည်။ အထက်တန်းကျောင်းတွင် ပညာသင်ကြားရန် လိုအပ်ချက်မှာ ဖင်လန်ဘာသာစကားကို လုံလောက်စွာ နားလည်တတ်ကျွမ်းရန် ဖြစ်သည်။ ကျောင်းသားတစ်ဦးကို ကျောင်းဝင်ခွင့် လက်ခံမည့် ဆုံးဖြတ်ချက်ကို အထက်တန်းကျောင်းက ချမှတ်ပြီး ထိုသို့ ဆုံးဖြတ်ရာတွင် ကျောင်းလျှောက်ထားသူကို အင်တာဗျူးခြင်း ပါဝင်ပါသည်။
ထိုအချိန်မတိုင်မီက လူငယ်များ အနေဖြင့် ဖင်လန်ဘာသာစကားကို လအနည်းငယ်ကြာ လေ့လာသင်ယူထားကြရသည်။ နိုင်ငံတကာ ကျောင်းသားများမှာ အခြားသူများနှင့် တူညီသော အရှိန်အဟုန်ဖြင့် ပညာသင်ကြားကြရသည်။ ၎င်းတို့အတွက် သင်ရိုးညွှန်းတမ်းများကို ပိုမိုလွယ်ကူစေရန်အတွက် ပြုပြင်ပြောင်းလဲထားခြင်း မရှိဟု ဆိုသည်။
ကျောင်းသူကျောင်းသား အသစ်များနှင့် လုပ်ကိုင်ရာတွင် ဆရာ/ဆရာမများနှင့် ကျောင်းအုပ်များ အနေဖြင့် အလွန်များပြားသော ကိစ္စများကို ဆောင်ရွက်ရန် လိုအပ်ကြောင်း Suonenjoki အထက်တန်းကျောင်းအုပ် Perttinä က ပြောသည်။ အထက်တန်းကျောင်း ဝန်ထမ်းများက လူငယ်များအတွက် နေထိုင်စရာအိမ်ရာ စီစဉ်ပေးခြင်း အပါအဝင် အခြားကိစ္စရပ်များတွင် ကူညီပေးသည်။
ထို့အပြင် လူငယ်များ၏ နေ့စဉ်ဘဝများ အဆင်ပြေချောမွေ့စေရန်လည်း စီစဉ်ဆောင်ရွက်ပေးထားသည်။ ထိုအချက်များအပြင် ကျောင်းလာတက်သည့် လူငယ်များအ နေဖြင့် ဖင်လန်နိုင်ငံသား သူငယ်ချင်းများနှင့် အုပ်စုများကို ရှာဖွေနိုင်မည်ဟု Perttinä က မျှော်လင့်ထားသည်။ ဖင်လန်နိုင်ငံသားများနှင့် သူငယ်ချင်းဖြစ်ခြင်းဖြင့် ဖင်လန်လူမျိုးတို့၏ နေထိုင်မှုပုံစံနှင့် ပတ်သက်၍ ပိုမိုသိရှိ နားလည်နိုင်မည် ဖြစ်သည်။
No comments
Post a Comment