ဖင်လန်နိုင်ငံတွင် ဆေးဝါးကုန်ကျစရိတ်များအတွက် ပြည်သူကိုယ်တိုင် အရင်ပေးရမည့် ပမာဏ (initial deductible) ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစတင်၍ (၅၀) ယူရိုမှ (၇၀) ယူရိုအထိ တိုးမြင့်သွားမည်ဟု လူမှုအာမခံအဖွဲ့အစည်း Kela က ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။ Kansallinen Kokoomus (National Coalition Party - NCP) ဦးဆောင်သော (၄) ပါတီ ညွန့်ပေါင်းအစိုးရက ဆေးဝါးအာမခံ အသုံးစရိတ်ကို ယူရို သန်း (၉၀) ခန့် လျှော့ချနိုင်ရန်အတွက် ပြည်သူကိုယ်တိုင် အရင်ပေးရမည့် ပမာဏကို တိုးမြင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်ကလည်း ထိုကိစ္စနှင့် ပတ်သက်၍ အစိုးရ အဆိုပြုချက်ကို အတည်ပြုထားပြီး ဖြစ်သည်။ ထို့အပြင် ပြည်သူကိုယ်တိုင် အရင်ပေးရမည့် ပမာဏ (initial deductible) ကို အမျိုးသားပင်စင် အညွှန်းကိန်း (National Pensions Index) နှင့် ချိတ်ဆက်သတ်မှတ်ပြီး နှစ်စဉ် ပြန်လည်သုံးသပ်သွားမည်ဟု ဆိုသည်။ နှစ်စဉ် ပြည်သူကိုယ်တိုင် အရင်ပေးရမည့် ပမာဏထက် ကျော်လွန်သော ကုန်ကျစရိတ်များကို ဆေးဝါးအာမခံကနေ ပြန်လည် ရရှိနိုင်သည်။
ဆေးဝါးကုန်ကျစရိတ်အတွက် ကနဦး ပြည်သူကိုယ်တိုင်ပေးရမည့် ပမာဏမှာ လူတစ်ဦး အသက် (၁၉ နှစ်) ပြည့်သည့်နှစ်မှစ၍ အကျုံးဝင်သည်။ ပြန်လည်ပေးအပ်မည့် ပမာဏသည် သတ်မှတ်ထားသော ဆေးဝါးနှင့် အာမခံပေးအပ်မှု အမျိုးအစားအပေါ် မူတည်သည်။ ပေးအပ်မှု အမျိုးအစားများမှာ basic, lower special, higher special ဟူ၍ (၃) မျိုးရှိသည်။
ဆေးဝါးကုန်ကျစရိတ်အတွက် ပြည်သူကိုယ်တိုင် အရင်ပေးရမည့် ပမာဏ တိုးမြင့်လာခြင်းကြောင့် ဆေးဝါးကုန်ကျစရိတ် ပြန်လည်ပေးအပ်မှု ခံစားခွင့်ရရှိသူ နည်းသွားမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင်မူ ဖင်လန်နိုင်ငံသား (၅၅) ရာခိုင်နှုန်းခန့်ဖြစ်သည့် လူဦးရေ (၃) သန်းကျော်ကျော်မှာ ဆေးဝါးကုန်ကျစရိတ်များအတွက် ပြန်လည်ပေးအပ်မှု ခံစားခွင့်ရှိခဲ့သည်။
No comments
Post a Comment