Slider

ဖင်လန်နိုင်ငံ လူမှုရေးအာမခံ အဖွဲ့အစည်းက လူငယ်များအတွက် ထောက်ပံ့ငွေ ရရှိခံစားနိုင်မည့် အသက်ကန့်သတ်ချက်ကို တိုးမြှင့်

 ဖင်လန်နိုင်ငံ လူမှုရေးအာမခံ အဖွဲ့အစည်း Kela က ၂၀၂၅ ခုနှစ်မှစ၍ လူငယ်များအတွက် ထောက်ပံ့ကြေးများကို ရရှိခံစားနိုင်သည့် အနည်းဆုံး အသက်အရွယ် ကန့်သတ်ချက်ကို တိုးမြှင့်သွားမည်ဟု ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည်။ ပြန်လည်ထူထောင်ရေး ထောက်ပံ့ငွေ၊ မသန်စွမ်း ထောက်ပံ့ငွေနှင့် ပြန်လည်ထူထောင်ရေး အသုံးစရိတ် ထောက်ပံ့မှုများအတွက် အသက်ကန့်သတ်ချက်ကို (၁၆) နှစ်မှ (၁၈) နှစ်သို့ တိုးမြှင့်မည် ဖြစ်သည်။

မဖြစ်မနေ သင်ကြားရမည့် ပညာရေးကို ရပ်ဆိုင်းထားသော အသက် (၁၇) နှစ်အရွယ်များမှာ အလုပ်လက်မဲ့ ထောက်ပံ့ငွေ ရရှိတော့မည်မဟုတ်ဟု ဆိုသည်။ ထို့အပြင် ကလေးများအတွက် မသန်းစွမ်း ထောက်ပံ့ငွေ ခံစားခွင့်ရရှိမည့် အများဆုံး အသက်ကန့်သတ်ချက်ကို (၁၈) နှစ်သို့ တိုးမြှင့်လိုက်ပြီး တစ်ချိန်တည်းမှာပင် အရွယ်ရောက်ပြီးသူများအတွက် မသန်စွမ်း ထောက်ပံ့ငွေနှင့် ပြုစုစောင့်ရှောက်မှု အသုံးစရိတ် ခံစားခွင့်ရရှိမည့် အနည်းဆုံး အသက်ကန့်သတ်ချက်ကို (၁၈) နှစ်အဖြစ် သတ်မှတ်လိုက်သည်။
ယခု ပြောင်းလဲမှုများက လက်ရှိ ထောက်ပံ့ငွေရရှိသူများကို သက်ရောက်မှု မရှိသော်လည်း အနာဂတ်တွင် ထောက်ပံ့ငွေ ရရှိမည့်သူများကို သက်ရောက်မှုရှိလိမ့်မည်ဟု ဆိုသည်။ လွှတ်တော်က အစိုးရ၏ အဆိုပြုချက်ကို အတည်ပြုခဲ့ပြီး Kela ၏ ထောက်ပံ့ငွေများအတွက် အနည်းဆုံး အသက်ကန့်သတ်ချက်ကို (၁၆) နှစ်မှ (၁၈) နှစ်သို့ တိုးမြှင့်သွားမည် ဖြစ်သည်။
“အသက်ကန့်သတ်ချက်တွေကို ပြောင်းလဲသတ်မှတ်တာကြောင့် ရှုပ်ထွေးတဲ့ လူမှုဖူလုံရေး စနစ်တစ်ခုလုံးကို ရိုးရှင်းသွားစေမှာပါ။ ဒီလိုလုပ်ခြင်းက တစ်ခုတည်းသော ယေဘုယျ လူမှုဖူလုံရေး ထောက်ပံ့ငွေ ပုံစံအတွက် ပြင်ဆင်မှု ရည်ရွယ်ချက်တွေနဲ့လည်း ကိုက်ညီပါတယ်" ဟု Kela ၏ ထောက်ပံ့ငွေဆိုင်ရာ မန်နေဂျာ Milla Kaitola က ပြောခဲ့သည်။
Kela ၏ အပြောင်းအလဲများမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့မှစ၍ အဓိကအားဖြင့် အသက်ဝင်မည် ဖြစ်သည်။ မသန်စွမ်း ထောက်ပံ့ငွေနှင့် ပတ်သက်သော ပြောင်းလဲမှုများမှာမူ ၂၀၂၇ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့တွင် စတင်အသက်ဝင်မည်ဟု ဆိုသည်။ ယခု အပြောင်းအလဲများကြောင့် ၂၀၂၅ ခုနှစ်တွင် အများပြည်သူ အသုံးစရိတ် ယူရို (၆.၉) သန်း၊ ၂၀၂၆ ခုနှစ်တွင် ယူရို (၃၅.၈) သန်း၊ ၂၀၂၇ ခုနှစ်မှစ၍ နှစ်စဉ် ယူရို (၄၈.၅) သန်း လျော့နည်းသွားမည်ဟု မျှော်မှန်းထားသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အသက် (၁၈) နှစ်အောက် အမျိုးသားပင်စင်နှင့် အာမခံပင်စင် ရရှိသူ (၆၇၃) ဦး၊ နာမကျန်း ထောက်ပံ့ငွေရရှိသူ (၇၈၆) ဦးနှင့် ပြန်လည်ထူထောင်ရေး ထောက်ပံ့ငွေရရှိသူ (၁၀,၀၀၀) ခန့် ရှိခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် အသက် (၁၈) နှစ်အောက် လူငယ် (၁၄၀) ကို အလုပ်လက်မဲ့ ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။
https://www.dailyfinland.fi/national/40614/Kela-raises-age-limit-for-several-youths%C2%B4-benefits



 

0

No comments

Post a Comment

blogger