ဖင်လန်နိုင်ငံက ၂၀၂၅ ခုနှစ်တွင် ဒုက္ခသည် (၅၀၀) ကို လက်ခံသွားမည်ဟု ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အတည်ပြု သတင်းထုတ်ပြန်ထားသည်။ ၂၀၂၅ ခုနှစ် ဒုက္ခသည် ခွဲတမ်းအရ အီရန်နိုင်ငံမှ အာဖဂန်ဒုက္ခသည် (၁၅၀)၊ ရဝမ်ဒါမှ ကွန်ဂိုဒုက္ခသည် (၁၂၀)၊ တူရကီမှ ဆီးရီးယား ဒုက္ခသည် (၁၀၀) နှင့် ပီရူးမှ ဗင်နီဇွဲလား ဒုက္ခသည် (၅၀) ကို လက်ခံသွားမည်ဟု ဖင်လန်အစိုးရက အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။
ထပ်တိုးအနေဖြင့် လစ်ဗျားနိုင်ငံမှ ရဝမ်ဒါနိုင်ငံသို့ ရွှေ့ပြောင်းခံရသည့် ဒုက္ခသည် (၅၀) ဦးနှင့် အရေးပေါ် အခြေအနေများကြောင့် မည်သည့် နိုင်ငံ သို့မဟုတ် နယ်မြေကနေ ရွှေ့ပြောင်းရန် လိုအပ်နေသူ (၅၀) ဦးကိုလည်း ဖင်လန်က လက်ခံသွားမည်ဟု ဆိုသည်။ ပြည်ထဲရေးဝန်ကြီး Mari Rantanen က ဒုက္ခသည် ခွဲတမ်းသတ်မှတ်ရာတွင် မွတ်စလင်မ်အများစုဖြစ်သော နိုင်ငံများမှ ဒုက္ခသည် အရေအတွက်ကို လျှော့ချပြီး ခရစ်ယာန်အများစုဖြစ်သော နိုင်ငံများမှ ဒုက္ခသည်များကို ပိုမိုလက်ခံရန် စီစဥ်နေကြောင်း ပြည်တွင်းမီဒီယာများက သတင်းဖော်ပြခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဖင်လန်နိုင်ငံကို တင်ပြထားသည့် ဒုက္ခသည် ခွဲတမ်း အဆိုပြုချက်အသစ်အပေါ် အခြေခံ၍ အရေအတွက် သတ်မှတ်မှုများကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ဖင်လန်တွင် ပုံမှန်အားဖြင့် ဒုက္ခသည် ခွဲတမ်းကို နိုင်ငံတော်အဆင့် စဥ်းစားသုံးသပ်ပြီး ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။
No comments
Post a Comment