Slider

အများဆုံး လစ်လပ်နေသော အလုပ်နေရာများမှာ သူနာပြုများ၊ ပြုစုစောင့်ရှောက်သူများ၊ အရောင်းသမားများနှင့် သန့်ရှင်းရေးဝန်ထမ်း နေရာများဖြစ်

ဖင်လန်နိုင်ငံတွင် အလုပ်နေရာလစ်လပ်နေမှု အများဆုံးမှာ သူနာပြုများ၊ ပြုစုစောင့်ရှောက်သူများ၊ အရောင်းသမားများနှင့် သန့်ရှင်းရေးဝန်ထမ်းများဖြစ်ကြောင်း စီးပွားရေးနှင့် အလုပ်အကိုင် ဝန်ကြီးဌာနက ဆိုသည်။ ဥပမာအားဖြင့် သူနာပြုများနှင့် အခြား ကျန်းမာရေးဝန်ထမ်းများအပြင် အိမ်တွင်း ပြုစုစောင့်ရှောက်သူများအတွက် လစ်လပ်နေသော အလုပ်နေရာ (၇,၀၀၀) ကျော်ရှိသည်။
အရောင်းသမား လစ်လပ်နေရာများ (၄,၀၀၀) ကျော်နှင့် သန့်ရှင်းရေးဝန်ထမ်းများအတွက် လစ်လပ်နေရာ (၂,၅၀၀) ခန့်ရှိသည်။ "သန့်ရှင်းရေးဝန်ထမ်းတွေက ဖင်လန်မှာ ကြီးမားသော ကျွမ်းကျင်အလုပ်သမား အုပ်စုတစ်ခုတာကြောင့် လစ်လပ်နေတဲ့ ရာထူးနေရာတွေကလည်း အများအပြား ရှိပါတယ်။ ဒါ့အပြင် ဒီအလုပ်မှာက အလုပ်သမား အဝင်အထွက်များတော့ လစ်လပ် ရာထူးနေရာတွေ ပိုများပါတယ်" ဟု စီးပွားရေးနှင့် အလုပ်အကိုင်ဝန်ကြီးဌာနမှ အကြီးတန်းကျွမ်းကျင်သူ Liisa Larja က ပြောသည်။
ဖင်လန် သန့်ရှင်းရေးလုပ်ငန်းအသင်း Association of the Finnish Cleaning Industry (Puhtausala) ၏ အဆိုအရ ယခုအခါတွင် ထိုလုပ်ငန်းတွင် လူပေါင်း (၇၄,၀၀၀) ခန့် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ အခြား တစ်ဖက်တွင်လည်း သန့်ရှင်းရေးသမား (၅,၅၀၀) ခန့်မှာ အလုပ်လက်မဲ့ ဖြစ်နေသည်ဟု ဆိုသည်။
"သန့်ရှင်းရေးလုပ်ငန်းက အချိန်ပိုင်းနဲ့ အချိန်သတ်မှတ်ထားတဲ့ အလုပ်တွေလို ပုံမှန်မဟုတ်တဲ့ အလုပ်အကိုင် ပုံစံမျိုးတွေ အများကြီးရှိတဲ့ နယ်ပယ်တစ်ခု ဖြစ်ပါတယ်။ အလုပ်ချိန်တွေကလည်း လူအတော်များများအတွက် ခက်ခဲနိုင်တယ်။ ဥပမာ ကလေးငယ်တွေ ရှိကြတဲ့ အလုပ်သမားတွေက ညဘက်အလုပ်တွေ လက်ခံဖို့ ခက်ပါတယ်။ ပြီးတော့ အချို့ ရာထူးနေရာတွေက ကိုယ်ပိုင်ကားရှိဖို့ လိုပါတယ်။ လစ်လပ်နေတဲ့ အလုပ်နေရာတွေက အလုပ်လုပ်လိုသူတွေ နေထိုင်တဲ့ နေရာတွေကနေ ဝေးကွာတဲ့ ကျေးလက်ဒေသတွေမှာလည်း ဖြစ်နေနိုင်တယ်" ဟု Larja က ပြောသည်။
စီးပွားရေးအခြေအနေ မကောင်းသောအချိန်တွင် သန့်ရှင်းရေးလုပ်ငန်းအတွက် လိုအပ်ချက်လည်း လျော့နည်းသွားတတ်သည်ဟု သူမက မှတ်ချက်ပြုသည်။ "အလုပ်အကိုင်များစွာ ရှိနေသေးပေမဲ့ အလုပ်တစ်ခု ရှာဖွေဖို့က သိပ်မလွယ်ကူသေးပါဘူး။ အခြားသူ အများအပြားကလည်း တူညီတဲ့ အလုပ်နေရာအတွက် ယှဥ်ပြိုင်နေကြသေးတယ်လေ" ဟု Larja ကပြောသည်။
လစ်လပ်နေသော အလုပ်နေရာများ စာရင်းတွင် ပါဝင်နေသည့် နောက်ထပ် အလုပ်အကိုင်များမှာ သူနာပြုများနှင့် သားဖွားဆရာမများ၊ စားသောက်ဆိုင်ဝန်ထမ်းများ (သို့မဟုတ် စားပွဲထိုးများ) နှင့် ဆောက်လုပ်ရေးလုပ်သားများ ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လကုန်အထိ အလုပ်လိုအပ်နေသူ အရေအတွက်မှာ (၂၈၀,၀၀၀) နီးပါးအထိ မြင့်တက်လာကြောင်း ၂၀၂၄ ခုနှစ် အောက်တိုဘာ (၃) ရက်နေ့တွင် စီးပွားရေးနှင့် အလုပ်အကိုင်ဝန်ကြီးဌာနက ပြောခဲ့သည်။
ထိုအတောအတွင်း လစ်လပ်နေသော အလုပ်အကိုင်ပေါင်း (၅၄,၀၀၀) ခန့်ရှိပြီး ယခင်နှစ်ကထက် ထက်ဝက်ကျော် လျော့နည်းသွားကြောင်း သိရသည်။
https://yle.fi/a/74-20113906

 

0

No comments

Post a Comment

blogger