ဖင်လန်နိုင်ငံရှိ သက်မွေးပညာသင်ကျောင်းများ သို့မဟုတ် အထက်တန်းကျောင်းများတွင် တက်ရောက်ရန် နိုင်ငံခြားသား အများအပြားမှာ ၎င်းတို့၏ မိခင်နိုင်ငံများတွင် ငွေကြေးအမြောက်အမြား ပေးခဲ့ကြရသည်။ ဖင်လန်တွင် နိုင်ငံခြားကျောင်းသားများ အရေအတွက် နှစ်စဉ် တိုးလာနေသော်လည်း အဓိကကျသည့် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများလည်း ရှိနေခဲ့ကြသည်။
ယခု ဆောင်းပါးတွင် North Karelia ပညာရေးဝန်ဆောင်မှု အဖွဲ့အစည်း Riveria က ၂၀၂၂ ခုနှစ်တွင် မြန်မာကျောင်းသား (၄၃) ဦး ဖင်လန်နိုင်ငံသို့ လာရောက်ရန် မည်သို့ စီစဥ်ခဲ့ကြောင်း အကျဥ်းချုပ် ဖော်ပြသွားမည်။ Riveria မှာ ဖင်လန်နိုင်ငံသို့ ကျောင်းသားများ ခေါ်ယူနေသည့် အဖွဲ့အစည်းများအနက် တစ်ခုမျှသာ ဖြစ်သည်။ သို့သော် ၎င်း၏ လုပ်ဆောင်မှုများက နိုင်ငံခြားသား ကျောင်းသားများကို ဆွဲဆောင်မှုနှင့် ဆက်စပ်နေသော ကျင့်ဝတ်ဆိုင်ရာ ပြဿနာများကို ထင်ဟပ်စေသည်။
ဖင်လန်နိုင်ငံသို့ ရောက်ရှိလာသူတစ်ဦးဖြစ်သူ အသက် (၃၅) နှစ်အရွယ် ညီညီအောင်မှာ ကနဦး သင်တန်းအတွက် အမေရိကန်ဒေါ်လာ (၁၀,၀၀၀) ပေးခဲ့ရသည်။ ထိုသင်တန်းတွင် ညနေပိုင်း အွန်လိုင်းသင်ခန်းစွာများ ပါဝင်ပြီး ဖင်လန်ဘာသာစကားနှင့် သူနာပြုပညာကို သင်ကြားပေးသည်။ သင်တန်းကြေးမှာ စျေးကြီးသည်ဟု ညီညီအောင်က ထင်မြင်ခဲ့သည်။ ၎င်းက ထိုသင်တန်းကြေးအတွက် စင်ကာပူနိုင်ငံတွင် သူနာပြုအဖြစ် အလုပ်လုပ်ကိုင်ပြီး ရရှိထားသော ငွေများဖြင့် ပေးချေခဲ့ကြောင်း ပြောကြားခဲ့သည်။
- ကျောင်းအုပ်တွေက အချင်းချင်း သိထားကြ
ကျောင်းသားများ၏ သင်တန်းကြေးများကို မြန်မာနိုင်ငံရှိ Shin Rai International Vocational Institute (SRIVI) တွင် ပေးသွင်းရသည်။ ထိုကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်သူ Kyösti Timonen မှာ ယခင်က Riveria ၏ ကျောင်းအုပ်ကြီး ဖြစ်သည်။ ဖင်လန်နိုင်ငံတွင် ပညာသင်ကြားခွင့်ရရှိရန် လမ်းညွှန်သင်တန်းတက်ရောက်ရန်မှာ လိုအပ်ချက်တစ်ခုလားဟု မေးမြန်းရာတွင် "ဘာသာစကားနှင့် ယဉ်ကျေးမှုကို နားလည်ရန်အတွက် လမ်းညွှန်သင်တန်းက အရေးကြီးကြောင်း" Timonen က အီးမေးလ်မှတစ်ဆင့် ရှင်းပြခဲ့သည်။
SRIVI သည် Riveria ၏ လက်အောက်ခံ အဖွဲ့အစည်းဖြစ်သော Riveria Educational Services သို့ အွန်လိုင်းပညာရေးအတွက် ငွေပေးခဲ့သည်။ Riveria ၏ လက်ရှိ ကျောင်းအုပ်ကြီး Esa Karvinen က SRIVI ကို မိတ်ဖက်အဖြစ် ရွေးချယ်ခဲ့ရာတွင် အကြောင်းတိုက်ဆိုင်မှုဟု ဆိုသည်။ ကျောင်းသားကိုပေးထားသော ဝန်ဆောင်မှုများနှင့် ဆက်စပ်၍ ၎င်းတို့ထံမှ တောင်းခံသော လမ်းညွှန်သင်တန်းကြေးမှာ မတန်တဆဟု မယူဆကြောင်း Karvinen က ဆိုသည်။ "ဒီခေတ်မှာ ပညာရေးဟာ အခမဲ့ မဟုတ်ပါဘူး။ ဒါဟာ လက်အောက်ခံအဖွဲ့အစည်းအတွက် ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။
- ဝန်ကြီးဌာနသည် ပညာရေးအဖွဲ့အစည်းများ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် တောင်းဆို
ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (OKM) က ထိုကိစ္စနှင့် ပတ်သက်၍ Riveria ထံမှ နောက်ထပ် ရှင်းလင်းချက်များ တောင်းခံခဲ့သည်။ ဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် ပညာရေးကိစ္စကို မည်သို့ စီစဉ်ခဲ့ကြောင်း၊ ကျောင်းသားများက မည်သည့်အတွက် ငွေပေးခဲ့ရကြောင်းနှင့် စီစဉ်သူများအကြား ငွေကြေးလွှဲပြောင်းမှုများအကြောင်းတို့ကို မေးမြန်းခဲ့သည်။
မေးခွန်းတစ်ခုမှာ Riveria အနေဖြင့် ကျောင်းသားများထံမှ သင်တန်းကြေးများ ကောက်ခံရာတွင် "မြန်မာနိုင်ငံရှိ ဝင်ငွေအခြေအနေနှင့် ဖင်လန်နိုင်ငံရှိ သူနာပြုများ၏ လုပ်ခလစာပမာဏကို ထည့်သွင်းစဉ်းစားလျက်" မျှတမှုရှိ မရှိ စဥ်းစားမိသလားဆိုသည့် အချက်ဖြစ်သည်။ "သင်တန်းတွေကို အခွန်ထမ်းတွေရဲ့ ငွေဖြင့် စီစဥ်ပေးတဲ့အခါ သင်တန်းစီစဉ်သူက နိုင်ငံခြား မိတ်ဖက်များကို ခေါင်းပုံမဖြတ်တာ သေချာစေရပါမယ်" ဟု ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Petri Lempinen က ပြောသည်။
ဝန်ကြီးဌာနက Riveria ၏ အစီရင်ခံစာကို စိစစ်နေဆဲ ဖြစ်သည်။ ဖင်လန်နိုင်ငံရှိ အဆင့်မြင့်ပညာရေး အဖွဲ့အစည်းများတွင် ကျောင်းသားများကို စုဆောင်းသည့် နိုင်ငံတကာ ပညာရေးအေဂျင်စီများအတွက် ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်များ ရှိသည်။ အထက်တန်းပညာရေး အဖွဲ့အစည်းများတွင်မူ ယခုအထိ ထိုကဲ့သို့သော လမ်းညွှန်ချက်များ မရှိသေးသော်လည်း ဝန်ကြီးဌာနက တာဝန်ယူမှုရှိသော ကျောင်းသားသစ် စုဆောင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ လမ်းညွှန်ချက်များ ထုတ်ပြန်ထားသည်။
- ကျောင်းသားများက ကြေငြာချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ရ
Riveria က စီစဉ်ပေးသော မြန်မာနိုင်ငံသားများအတွက် သူနာပြုသင်တန်းကို North Karelia Joint Municipal Authority for Social Affairs and Health ၏ ဌာနများတွင် စတင်ခဲ့သည်။ ထိုစဉ်က Finnish Joint Municipal Authority for Health, Welfare and Sport ၏ CEO ဖြစ်သူ Ilkka Pirskanen က အဖွဲ့အစည်း အနေဖြင့် Riveria နှင့်သာ ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး အလုပ်သင် သူနာပြုများအတွက် မည်သည့် ငွေပေးချေမှုမျှ မရှိခဲ့ကြောင်း ပြောသည်။
Riveria သည် မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။ Joint Municipal Authority for Social Affairs and Health သည် Riveria မှ ရောက်ရှိလာကြသော ကျောင်းသားများ၏ လက်မှတ်ရေးထိုးထားသော ကြေငြာချက်များကို ရရှိခဲ့သည်။ ထိုကြေငြာချက်များတွင် ၎င်းတို့သည် ၎င်းတို့၏ ပညာရေးကုန်ကျစရိတ်များကို “ကျွန်ုပ်သို့မဟုတ် ကျွန်ုပ်၏ မိသားစုအတွက် မမျှတသော ငွေကြေးဝန်ထုပ်ဝန်ပိုးများ မဖြစ်စေဘဲ အကုန်အကျခံနိုင်ပြီး ကျွန်ုပ်၏ မိခင်နိုင်ငံတွင် ကျောင်းသားချေးငွေ မယူထားပါ” ဟု ဖော်ပြထားသည်။ ယခု ဆောင်းပါးအတွက် နောက်ခံ အချက်အလက်များ ပေးခဲ့သူများအနက် အချို့က မြန်မာနိုင်ငံသားများထံမှ ကောက်ခံသည့် သင်တန်းကြေးများကို ခေါင်းပုံဖြတ်မှုဟု ယူဆကြသည်။
- လူမှုဖူလုံရေးဌာနက ကျောင်းသားများကို ငွေထောက်ပံ့ခြင်းမရှိ
Riveria မှ ဘွဲ့ရထားသော မြန်မာကျောင်းသားများသည် North Karelia လူမှုဖူလုံရေး နယ်ပယ်တွင် အလုပ်အကိုင် ရရှိခဲ့သည်။ လူမှုဖူလုံရေး နယ်ပယ်၏ လူ့စွမ်းအားအရင်းအမြစ် ဒါရိုက်တာ Pirjo Manninen က အသစ်ရောက်လာသော ကျောင်းသားများ၏ ဖင်လန်ဘာသာစကား အရည်အချင်း နိမ့်ကျမှုကသာ အခက်အခဲများ ဖြစ်စေခဲ့ကြောင်း ပြောသည်။
လူမှုဖူလုံရေး နယ်ပယ်က အနားယူသွားသော သူနာပြုများအစား နိုင်ငံခြားမှ ငှားရမ်းထားသော သူနာပြုများ လိုအပ်သော်လည်း လူ့စွမ်းအားအရင်းအမြစ် ဒါရိုက်တာက ကျင့်ဝတ်နှင့်ညီညွတ်သော ဝန်ထမ်းသစ်ခေါ်ယူမှုကို အလေးထား ပြောခဲ့သည်။ မြန်မာနိုင်ငံသားများမှာ ငွေကြေးအရ အသုံးချခံ ခေါင်းပုံဖြတ်ခံရခဲ့ရသည်ဟုလည်း Manninen က ယူဆသည်။
၂၀၂၄ ခုနှစ်တွင် လူမှုဖူလုံရေး နယ်ပယ်က နိုင်ငံခြားမှ အလုပ်သင်သူနာပြု (၁၀၀) ကျော်ကို ရရှိမည် ဖြစ်သည်။ Kosovo နိုင်ငံသားများအတွက် လူမှုဖူလုံရေး နယ်ပယ်က ကျောင်းသားတစ်ဦးလျှင် Riveria ကို ယူရို (၆,၀၀၀) ခန့် ပေးချေခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသားများမှာ အများပြည်သူဆိုင်ရာ ဝန်ထမ်းဝန်ဆောင်မှု ကုမ္ပဏီမှတစ်ဆင့် ရောက်ရှိလာပြီး ကျောင်းသားတစ်ဦးလျှင် ယူရို ထောင်နှင့်ချီ ပိုမိုကုန်ကျသည်။
- Riveria က နိုင်ငံတကာ ကျောင်းသားများ စုဆောင်းမှု ရပ်ဆိုင်း
Riveria ၏ လက်အောက်ခံ အဖွဲ့အစည်း အနေဖြင့် ဖင်လန်နိုင်ငံတွင် သူနာပြုကျောင်းသားများအတွက် စီစဉ်ပေးခြင်းကို ဆက်လက် လုပ်ဆောင်မည်မဟုတ်တော့ကြောင်းနှင့် ဘွဲ့ကြိုပညာရေးကို အာရုံစိုက်သွားမည်ဟု ပါမောက္ခချုပ် Esa Karvinen က ဆိုသည်။ "လက်ရှိအချိန်မှာ ကျွန်တော့်တို့ဆီ လာရောက်ကြတဲ့ နိုင်ငံတကာ ကျောင်းသားတွေက အခြား ကျောင်းသားတွေလိုပဲ တန်းတူအခွင့်အရေး ရှိပါတယ်။ သူတို့ဟာ ဥပမာအနေနဲ့ လူမှုရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလို ဘာသာရပ်တွေကို လေ့လာနိုင်မယ်ဆိုရင် သူတို့အတွက် ပညာရေးက အခမဲ့ ဖြစ်ပါတယ်" ဟု Karvinen က အာမခံ ပြောကြားခဲ့သည်။
ဖင်လန်နိုင်ငံတွင် အားလုံးက မြန်မာလူမျိုးများ၏ ပညာသင်ယူရန်အတွက် စိတ်အားထက်သန်မှုနှင့် ကြိုးစားအားထုတ်မှုကို ချီးကျူးကြသည်။ ညီညီအောင်မှာ ပြီးခဲ့သည့် နွေဦးတွင် လက်မှတ်ရ သူနာပြုအဖြစ် ဘွဲ့ရခဲ့ပြီး သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ဂေဟာတွင် အလုပ်လုပ်ကိုင်နေသည်။ "ကျွန်တော် Liperi မှာ ပျော်ပါတယ်။ အလုပ်မှာ ပျော်ပါတယ်" ဟု ဖင်လန်တွင် (၅) နှစ် သက်တမ်း နေထိုင်ခွင့် ရရှိထားသူ ညီညီအောင်က ပြောသည်။
https://yle.fi/a/74-20107310
No comments
Post a Comment