Slider

ဖင်လန်နိုင်ငံတွင် ကိုယ်ရေးကိုယ်တာ လုံခြုံမှုရှိစေရန် နည်းလမ်းများ

 ဖင်လန်နိုင်ငံမှာ ယေဘုယျအားဖြင့် လူတိုင်းအတွက် လုံခြုံမှုရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းအရ လမ်းများပေါ်တွင် သွားလာရန် လုံခြုံစိတ်ချရပြီး လူတစ်ဦးချင်းစီ အနေဖြင့် ချက်ချင်း အန္တရာယ် ကြုံတွေ့နိုင်ခြေ မရှိဟု ဆိုသည်။ လေ့လာမှုများအရ ဖင်လန်နိုင်ငံ၏ မြို့တော် ဟယ်ဆင်ကီးမြို့မှာ ကမ္ဘာပေါ်တွင် လုံခြုံစိတ်ချရမှု အရှိဆုံး မြို့တော်များအနက်မှ တစ်ခုဖြစ်သည်။

ယေဘုယျအားဖြင့် လုံခြုံစိတ်ချရမှုရှိသော်လည်း ဖင်လန်နိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အမြဲတစေ ပိုမိုသတိထားရမည်ဟု ဆိုသည်။ အွန်လိုင်းပေါ်တွင် ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး မကြာသေးမီ နှစ်များအတွင်း သိသာထင်ရှားသော အချက်အလက် ပေါက်ကြားမှုများ ရှိခဲ့သည်။

စမတ်ဖုန်းနှင့် အချက်ပေးစနစ်များ

ဖင်လန်နိုင်ငံတွင် အထူးသဖြင့် မြို့ပြဒေသများတွင် ဖောက်ထွင်းခိုးယူမှုများ ဖြစ်ပွားမှု ရှားပါးဆဲဖြစ်သည်။ သို့သော် နည်းပညာသုံး ဖြေရှင်းမှုများနှင့် အချက်ပေးစနစ်များကို နေအိမ်များတွင် ပိုမို အသုံးပြုလာကြသည်။ ထိုစနစ်များက ဖင်လန်နိုင်ငံသားများအတွက် ၎င်းတို့၏ အိမ်များကို အခြား တစ်နေရာကနေ စောင့်ကြည့်နိုင်စေသည်။
အချက်ပေးစနစ် အသုံးပြုခြင်းဖြင့် နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်နိုင်ခြေရှိသူများအကြောင်း သတင်းအချက်အလက်များကို ချက်ချင်း လက်ခံရရှိနိုင်သည်။ အချို့ အချက်ပေးစနစ်များမှာ အိမ်ပိုင်ရှင် မပါဝင်ဘဲ အကူအညီအတွက် အလိုအလျောက် ဖုန်းခေါ်ဆိုနိုင်သည်။ ဖင်လန်နိုင်ငံတွင် တိုက်ခန်းတွဲ၌ နေထိုင်မှု အခြေအနေမှာ အလွန် လုံခြုံမှုရှိပြီး တိုက်ခန်းတွဲများတွင် အချက်ပေးစနစ် တပ်ဆင်မှု သိသိသာသာ မြင့်တက်လာခြင်းမရှိဟု ဆိုသည်။

ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ခြင်း

ဖင်လန်တွင် အမှန်တကယ် ဓားပြတိုက်မှုများထက် ပိုမိုကြီးမားသော ခြိမ်းခြောက်မှုမှာ အွန်လိုင်းလိမ်လည်မှုနှင့် ကိုယ်ရေးကိုယ်တာ သို့မဟုတ် ငွေပေးချေမှုဆိုင်ရာ အချက်အလက် ခိုးယူမှုများကဲ့သို့ အွန်လိုင်းပေါ်တွင် ဖြစ်ပွားသော ရာဇဝတ်မှုများ ဖြစ်သည်။ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို နေရာမှား ပေးပိုပြီးနောက် ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခံရသည့် ဖင်လန်နိုင်ငံသား အရေအတွက် တိုးလာနေသည်။
ဖင်လန်နိုင်ငံတွင် အင်တာနက်၏ အန္တရာယ်ကို နိုင်ငံသားများအား ပညာပေးမှုများ အဓိကအားဖြင့် ဘဏ်များနှင့် ပတ်သက်၍ ပညာပေးမှုများ လုပ်ဆောင်ခဲ့သည်။ လက်ရှိ ညွှန်ကြားချက်မှာ ကိုယ်တိုင် မသိထားသော အဖွဲ့များထံသို့ မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ မည်သည့်အခါမှ မပေးရန် ဖြစ်သည်။

လုံခြုံရေး အက်ပလီကေးရှင်းများ

လတ်တလော နှစ်များတွင် လုံခြုံရေး အက်ပလီကေးရှင်း အများအပြားကို စမတ်ဖုန်းများအတွက် ထုတ်လုပ်လာသည်။ ယနေ့ခေတ်တွင် ဖင်လန်နိုင်ငံသား အားလုံးနီးပါးက စမတ်ဖုန်းတစ်လုံး ပိုင်ဆိုင်ထားပြီး ၎င်းတို့၏ အက်ပလီကေးရှင်းများမှာ လူတိုင်းနှင့် ရင်းနှီးသည်။ ဖင်လန်တွင် လူသိအများဆုံး လုံခြုံရေး အက်ပလီကေးရှင်းမှာ အစိုးရက ထုတ်လုပ်ထားသည့် 112 Suomi App ဖြစ်သည်။ ထိုအက်ပလီကေးရှင်းမှတစ်ဆင့် အရေးပေါ် ဖုန်းခေါ်ဆိုနိင်ပြီး တည်နေရာ အချက်အလက်ကို အရေးပေါ်ဌာနသို့ အလိုအလျောက် ထုတ်လွှင့်ပေးသည်။ ထိုစနစ်က အကူအညီ ရောက်ရှိမှုကို သိသာစွာ လျင်မြန်စေသည်။
ဖင်လန်တွင် အသုံးများသော နောက်ထပ် ပြည်တွင်းထုတ် လုံခြုံရေး အက်ပလီကေးရှင်းကို F-Secure က ထုတ်လုပ်ထားသည်။ ထိုအက်ပလီကေးရှင်းက စမတ်ဖုန်းများအတွက် ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်ခြင်း၊ ဝက်ဘ်ဆိုက်များ အသုံးပြုရာတွင် အကာအကွယ်ပေးခြင်း၊ ဘဏ်လုပ်ငန်းကို ကာကွယ်ပေးခြင်းနှင့် စကားဝှက်များကို စုစည်းသိမ်းဆည်းထားနိုင်သည်။

ယာဥ်အန္တရာယ်ကင်းမှု

နည်းပညာတိုးတက်မှုမှုများက ဖင်လန်နိုင်ငံသားများအတွက် ယာဥ်အန္တရာယ်ကင်းမှု အခြေအနေကိုလည်း တိုးတက်စေသည်။ နှိုင်းယှဥ်မှုအရ ဖင်လန်တွင် မော်တော်ယာဥ်အသစ်များ ပိုများရာ နည်းပညာအသစ်များကို လျင်မြန်စွာ အသုံးပြုနိုင်သည်။ နည်းပညာမြင့် မော်တော်ယာဥ်အသစ်များက ယာဥ်မောင်းသူက ယာဥ်ကို ပုံမှန်မဟုတ်သော အပြုအမူဖြင့် မောင်းနှင်နေပါက တုံ့ပြန်နိုင်သည်။ လက်ရှိ မော်တော်ယာဥ်များ တည်ဆောက်မှု၊ လေအိတ်များနှင့် ထိုင်ခုံခါးပတ်များက ယာဥ်တိုက်မှု ဖြစ်ပွားသည့် အခြေအနေများတွင် သေဆုံးမှုကို လျော့နည်းစေသော်လည်း ယာဥ်အန္တရာယ်ကင်းရန်မှာ ယာဥ်မောင်းများက အဓိကဖြစ်သည်။

ဖင်လန်နိုင်ငံ၏ ယေဘုယျ လုံခြုံမှုအဆင့်

ဖင်လန်နိုင်ငံသားများမှာ နေ့စဉ်ဘဝတွင် မတူညီသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရသော်လည်း ဖင်လန်နိုင်ငံ၏ လုံခြုံမှုအဆင့်မှာ အလွန်ကောင်းမွန်သည်။ ဖင်လန်နိုင်ငံတွင် နေ့အချိန်များတွင်သာမက ညသန်းခေါင်အချိန်များ၌ပင် မြို့လယ်ခေါင်များတွင် စိတ်ချလက်ချ လမ်းလျှောက်သွားလာနိုင်သည်။ ဖင်လန်တွင် အကြီးမားဆုံးသော လုံခြုံရေး ခြိမ်းခြောက်မှုများမှာ အွန်လိုင်းလုံခြုံရေးနှင့် ဆက်နွယ်နေသည်။ ယခုအခါ လိမ်လည်မှုများ အလွန်များပြားလာသောကြောင့် အထူးသဖြင့် အသက်ကြီးသူများအတွက် လိမ်လည်မှုများကို ရှောင်ရှားပြီး အင်တာနက်အသုံးပြုရန် ခက်ခဲနိုင်သည်။


0

No comments

Post a Comment

blogger