Slider

**၀၄.၀၆.၂၀၂၆ ** ဖင်လန်သတင်းစာများ၏ ခေါင်းစီးသတင်းများ

ဒီနေ့ (ကြာသပတေးနေ့) ထွက်ရှိလာတဲ့ ဖင်လန်သတင်းစာတွေထဲက ထူးခြားထင်ရှားတဲ့ သတင်းအကျဉ်းချုပ်တွေကို မြန်မာဘာသာဖြင့် အောက်ပါအတိုင်း တင်ပြပေးလိုက်ပါတယ်။

၁။ဝန်ကြီးချုပ်မှ ဆိုရှယ်မီဒီယာ Influencer များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ

ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် ပက်ထရီ အိုပို (Petteri Orpo) သည် ပြီးခဲ့သည့် အင်္ဂါနေ့က ဟယ်လ်စင်ကီမြို့ရှိ ၎င်း၏ တရားဝင်နေအိမ်၌ အမျိုးသမီး ဆိုရှယ်မီဒီယာ Influencer (၁၁) ဦးကို နေ့လယ်စာစားပွဲဖြင့် ဖိတ်ကြားဧည့်ခံခဲ့သည်။ သုတေသီများ၏ သုံးသပ်ချက်အရ ဝန်ကြီးချုပ်အနေဖြင့် ၎င်း၏ ညွန့်ပေါင်းအစိုးရအပေါ် အမျိုးသမီး မဲဆန္ဒရှင်များ၏ ထောက်ခံမှု လျော့နည်းလာခြင်းကို ပြန်လည်ကုစားရန်နှင့် လူငယ်ရေးရာ၊ စီးပွားရေးလုပ်ငန်းရှင် အခွင့်အလမ်း စသည့် အထွေထွေအကြောင်းအရာများကို ပွင့်လင်းစွာ ဆွေးနွေးနိုင်ရန် ရည်ရွယ်ပုံရသည်ဟု ဆိုသည်။

၂။ အသက် ၁၈ နှစ်အောက် လူငယ်များကို အားဖြည့်အဖျော်ယမကာ ရောင်းချမှု ပိတ်ပင်ရန် THL တောင်းဆို

ဖင်လန် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန (THL) က ကဖင်းဓာတ် အလွန်အကျွံပါဝင်သည့် အားဖြည့်အဖျော်ယမကာ (Energy Drinks) များကို အသက် ၁၈ နှစ်အောက် မည်သူ့ကိုမဆို ရောင်းချခြင်း မပြုရန် ဥပဒေဖြင့် ပိတ်ပင်တားမြစ်ရန် တောင်းဆိုလိုက်သည်။ လက်ရှိတွင် အသက် ၁၅ နှစ်အောက် လူငယ်များကို မရောင်းရန် တိုက်တွန်းချက်ရှိသော်လည်း လူငယ်များ (အထူးသဖြင့် ကျောင်းသူများနှင့် ကျောင်းသားများ) ကြားတွင် သောက်သုံးမှု ပိုမိုမြင့်တက်လာသောကြောင့် ဖြစ်သည်။ အဆိုပါ အဖျော်ယမကာများသည် သွေးတိုးခြင်း၊ နှလုံးတုန်ခြင်း၊ အိပ်စက်မှုဆိုင်ရာ ပြဿနာများနှင့် သွားဘက်ဆိုင်ရာ ရောဂါများကို ဖြစ်ပွားစေနိုင်ကြောင်း သတိပေးထားသည်။

၃။ နွေရာသီ အပန်းဖြေအိမ် (Cottage) များ၏ ကုန်ကျစရိတ် မြင့်တက်လာ

ဖင်လန်နိုင်ငံရှိ နွေရာသီ အပန်းဖြေအိမ်ပိုင်ရှင်များအနေဖြင့် ဒေသန္တရ အိမ်ခြံမြေခွန်၊ လျှပ်စစ်ခွဲတမ်းခနှင့် အမှိုက်သိမ်းခ ကဲ့သို့သော ကုန်ကျစရိတ်များကို ယခင်နှစ်ထက် ပိုမိုပေးဆောင်နေရသည်။ စစ်တမ်းများအရ "ဆာဗွန်လင်နာ" (Savonlinna) မြို့သည် တစ်နှစ်လျှင် ပျမ်းမျှ ယူရို ၁,၄၀၀ ကျော်ဖြင့် ကုန်ကျစရိတ်အမြင့်ဆုံးမြို့ ဖြစ်နေပြီး "အိုလူ" (Oulu) မြို့သည် တစ်နှစ်လျှင် ယူရို ၆၅၀ ဝန်းကျင်ဖြင့် ကုန်ကျစရိတ် အသက်သာဆုံးမြို့ ဖြစ်နေသည်။

၄။ နိုင်ငံရေးပါတီများ ထောက်ခံမှုနှုန်း - အတိုက်အခံ SDP နှင့် အစိုးရခေါင်းဆောင် NCP တို့ ကြားဟဟ ပိုကျဉ်းလာ

နောက်ဆုံးကောက်ယူခဲ့သော လူထုသဘောထားစစ်တမ်းများအရ အတိုက်အခံ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SDP) သည် ထောက်ခံမှုနှုန်း ၂၃ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးက ဆက်လက်ဦးဆောင်နေဆဲ ဖြစ်သည်။ သို့သော်လည်း ဝန်ကြီးချုပ် အိုပို၏ အမျိုးသား ညွန့်ပေါင်းပါတီ (NCP) သည် ထောက်ခံမှုနှုန်း ၁၈ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာပြီး ပါတီနှစ်ခုကြား ကွာဟချက် ကျဉ်းမြောင်းလာသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဂရင်းပါတီ (Green Party) ကမူ ထောက်ခံမှု လျော့ကျလျက်ရှိသည်။

၅။ ဝရန်တာ အကာအရံများ ဘေးကင်းလုံခြုံမှုရှိမရှိ စစ်ဆေးရန် အိမ်ရာကော်မတီများကို တိုက်တွန်း

ပြီးခဲ့သည့် ဆောင်းဦးရာသီက ဟယ်လ်စင်ကီမြို့ရှိ ၅ ထပ်တိုက် ဝရန်တာ (Balcony) အကာအရံ ပြိုကျပြီး အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးခဲ့သည်။ ထို့ကြောင့် အထူးသဖြင့် ၁၉၆၀ ပြည့်နှစ်မှ ၁၉၈၀ ပြည့်နှစ်များအတွင်း ဘိလပ်မြေဖိုင်ဘာပြားများဖြင့် ဆောက်လုပ်ထားသော တိုက်ခန်းများ၏ ဝရန်တာများကို ဘေးကင်းမှု မသေချာမချင်း အသုံးမပြုရန်နှင့် အမြန်ဆုံး စစ်ဆေးပြင်ဆင်ရန် အိမ်ရာစီမံခန့်ခွဲရေးအဖွဲ့များအား တိုက်တွန်းထားသည်။

၆။ ပြင်သစ်နိုင်ငံက ၎င်း၏ နျူကလီးယား ဟန့်တားမှု အစီအစဉ်တွင် ပူးပေါင်းရန် ဖင်လန်ကို ဖိတ်ခေါ်

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် က ဖင်လန်နိုင်ငံအား ၎င်းတို့၏ နျူကလီးယား ဟန့်တားမှုဆိုင်ရာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ဝန်ကြီးချုပ် အိုပိုက ဖင်လန်အနေဖြင့် ၎င်းအစီအစဉ်ကို အထူးစိတ်ဝင်စားပြီး အသေးစိတ် အချက်အလက်များ ရရှိပြီးပါက ပူးပေါင်းဆောင်ရွက်ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်သွားမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးကာလအတွင်း ဖင်လန်မြေပေါ်တွင် နျူကလီးယားလက်နက်များ လာရောက်ချထားမည့် အစီအစဉ်မျိုး မဟုတ်ဟု ဆိုသည်။

၇။ နိုင်ငံခြားသားများအတွက် 'ပေါင်းစည်းရေး ကူညီထောက်ပံ့ကြေး' အသစ်ကို အစိုးရ စတင်မိတ်ဆက်

ဖင်လန်နိုင်ငံသို့ အသစ်ပြောင်းရွှေ့လာပြီး အလုပ်အကိုင် မရရှိသေးသော နိုင်ငံခြားသားများအတွက် သီးသန့် လူမှုဖူလုံရေး ထောက်ပံ့ကြေး (Integration Assistance) အသစ်တစ်ရပ်ကို အစိုးရက လွှတ်တော်သို့ တင်ပြလိုက်သည်။ ယင်းစနစ်သစ်အရ အသစ်ရောက်ရှိလာသူများသည် သာမန်အလုပ်လက်မဲ့များရရှိသည့် ထောက်ပံ့ကြေး၏ ၉၀ ရာခိုင်နှုန်း (တစ်ရက်လျှင် ၃၃.၆၄ ယူရို) သာ ရရှိတော့မည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့အနေဖြင့် ဖင်လန်ဘာသာစကား သို့မဟုတ် ဆွီဒင်ဘာသာစကားကို တတ်မြောက်ကြောင်း သက်သေပြနိုင်မှသာ အပြည့်အဝ ခံစားခွင့်ရရှိမည် ဖြစ်သောကြောင့် တန်းတူညီမျှမှုဆိုင်ရာ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

၈။ ရှားပါး အဆုတ်ကင်ဆာ ဝေဒနာရှင်များအတွက် စမ်းသပ်ကင်ဆာဆေးဝါးများ အခမဲ့ ပေးအပ်မည့် သုတေသနလုပ်ငန်း စတင်

ဟယ်လ်စင်ကီ တက္ကသိုလ်ဆေးရုံ (HUS) က ဦးဆောင်၍ FINACCESS ဟုခေါ်သော အမျိုးသားအဆင့် ကင်ဆာဆေးဝါး သုတေသနအစီအစဉ်သစ်ကို စတင်လိုက်သည်။ ယင်းအစီအစဉ်ကြောင့် ဆေးဝါးကုမ္ပဏီများမှ လှူဒါန်းသော စမ်းသပ်ဆဲ အဆင့်မြင့် ကင်ဆာဆေးဝါးသစ်များကို ဖင်လန်နိုင်ငံရှိ ရှားပါးအဆုတ်ကင်ဆာဝေဒနာရှင်များ (အထူးသဖြင့် ဆေးလိပ်မသောက်ဘဲ ကင်ဆာဖြစ်သူများ) အနေဖြင့် ပုံမှန်ထက် ၂ နှစ်ခွဲခန့် စောစီးစွာ အခမဲ့ ရယူကုသခွင့် ရရှိတော့မည် ဖြစ်သည်။



0

No comments

Post a Comment

blogger