Slider

တင်းကျပ်သတ်မှတ်သည့်လူမှုဖူလုံရေးထောက်ပံ့ကြေး အချက်များ ဖေဖော်ဝါရီ ၁ ရက်မှ စတင်မည်။

လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး လူမှုဖူလုံရေးထောက်ပံ့ကြေး (Social Assistance) လျှောက်ထားရာမှာ စည်းကမ်းချက်တွေ အတော်လေး တင်းကျပ်သွားတော့မှာဖြစ်ပါတယ်။ လက်ရှိအမျိုးသားညွန့်ပေါင်းပါတီ (NCP) ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတော်စရိတ်ထဲမှ ယူရို သန်း ၇၀ လောက် လျှော့ချချွေတာနိုင်ဖို့အတွက် အခုလို ပြင်ဆင်လိုက်တာဖြစ်ပြီး၊ လူမှုရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ကြာသပတေးနေ့မှာ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဓိက အပြောင်းအလဲတွေက ဘာတွေလဲဆိုတာ လေ့လာကြည့်မယ်ဆိုရင်၊

၁။ အခြေခံခံစားခွင့်တွေကို အရင်လျှောက်ထားရမယ်။

အရင်တုန်းကလို လူမှုဖူလုံရေးထောက်ပံ့ကြေး (Social Assistance) ကို တန်းပြီး လျှောက်လို့ မရတော့ပါဘူး။ လျှောက်ထားသူတွေဟာ မိမိရသင့်ရထိုက်တဲ့ အောက်ပါ အခြေခံခံစားခွင့် (Primary Benefits) တွေကို အရင်ဆုံး မဖြစ်မနေ လျှောက်ထားရမှာ ဖြစ်ပါတယ်-

  • အလုပ်လက်မဲ့ ခံစားခွင့် (Unemployment security benefits)
  • ကျောင်းသားထောက်ပံ့ကြေး (Student financial aid)

အကယ်၍ လူတစ်ယောက်ဟာ ကျောင်းတက်နေသူ၊ အလုပ်လက်မဲ့ဖြစ်နေသူ ဒါမှမဟုတ် ကျန်းမာရေးမကောင်းသူ ဖြစ်ပါလျက်နဲ့ သက်ဆိုင်ရာ အခြေခံခံစားခွင့်တွေကို မလျှောက်ထားဘဲ Social Assistance ကို လာလျှောက်မယ်ဆိုရင် Kela (ဖင်လန် လူမှုဖူလုံရေးအဖွဲ့) က စိစစ်သွားမှာပါ။

၂။ စည်းကမ်းမလိုက်နာရင် ထောက်ပံ့ကြေး ၅၀% အဖြတ်ခံရနိုင်တယ်။

ဒါက အရေးကြီးဆုံး အချက်ပါပဲ။ Kela က သင့်ကို "အခြေခံခံစားခွင့်တွေကို အရင်လျှောက်ပါ" လို့ အကြောင်းကြားပြီး တစ်လအတွင်း လိုက်မလျှောက်ဘူးဆိုရင်၊ သင်ရမယ့် လူမှုဖူလုံရေးထောက်ပံ့ကြေး ပမာဏကို ၅၀ ရာခိုင်နှုန်း (တစ်ဝက်တိတိ) လျှော့ချပစ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်လုပ်နိုင်စွမ်းရှိသူတွေအနေနဲ့ -

  • အချိန်ပြည့်အလုပ် (Full-time work) မလုပ်တာ၊
  • စီးပွားရေးလုပ်ငန်း လုပ်ပေမယ့် အမြတ်မရတာ၊
  • ကျောင်းသားထောက်ပံ့ကြေး မရရှိတာမျိုးတွေ ဖြစ်နေပြီး၊ Kela က ညွှန်ကြားတာကို သတ်မှတ်ရက်အတွင်း မလုပ်ဆောင်ရင်လည်း ထောက်ပံ့ကြေး ၅၀% အဖြတ်ခံရမှာပါ။

၃။ အလုပ်လက်မဲ့ ခံစားခွင့် ဆိုင်းငံ့ခံထားရသူများ၊

အကယ်၍ တစ်စုံတစ်ယောက်ဟာ စည်းကမ်းဖောက်ဖျက်လို့ အလုပ်လက်မဲ့ ခံစားခွင့် (Unemployment benefit) ယာယီပိတ်သိမ်းခံထားရရင် Social Assistance ကိုပါ လျှော့ချခံရမှာ ဖြစ်ပါတယ်။

  • ပထမလမှာ ၂၀% လျှော့ချခံရမှာဖြစ်ပြီး၊
  • နောက်လတွေမှာတော့ ၄၀% အထိ လျှော့ချခံရနိုင်ပါတယ်။

ဒါပေမဲ့ ဒီလိုလျှော့ချမှုက ၆ လထက်တော့ မကျော်လွန်ရဘူးလို့သတ်မှတ်ပေးထားပါတယ်။

၄။ ဝင်ငွေထည့်သွင်းတွက်ချက်မှုနဲ့ အခြားလျှော့ချခြင်းများ၊

အရင်က အသက် ၁၈ နှစ်အထက်တွေအတွက် ခွင့်ပြုထားတဲ့ အလုပ်ကရတဲ့ အခြေခံဝင်ငွေ (Earned income allowance) ယူရို ၁၅၀ ကင်းလွတ်ခွင့်ကို ပယ်ဖျက်လိုက်ပြီးဖြစ်မှာပါ။ အခြေခံဝင်ငွေအနည်းငယ်ရှိရင်တောင် အခြေခံဝင်ငွေကို ဝင်ငွေအဖြစ် အပြည့်အဝ ထည့်သွင်းတွက်ချက်ပြီးမှ ထောက်ပံ့ကြေးပေးတော့မှာပါ။ (မိသားစု ပြုစုစောင့်ရှောက်သူတွေအတွက်တော့ ၂၀၂၇ အထိ ကင်းလွတ်ခွင့် ဆက်ရပါဦးမယ်)။

အားလုံးခြုံငုံလေ့လာကြည့်မည်ဆိုပါက ငွေကြေးချွေတာတဲ့ အစီအစဉ်တွင်

  • တစ်ကိုယ်တည်းနေထိုင်သူ (၁၈ နှစ်အထက်) တွေအတွက် အခြေခံထောက်ပံ့ကြေး ၃% လျော့မယ်။
  • မိဘနဲ့အတူနေသူ (၁၈ နှစ်အထက်) တွေအတွက် ၃% လျော့မယ်။
  • တခြားသူတွေအတွက်တော့ ၂% လောက် လျော့သွားပါမယ်။

အတိုချုပ်ပြောရရင်တော့ အစိုးရရဲ့ ရည်ရွယ်ချက်က ပြည်သူတွေကို အစိုးရထောက်ပံ့ကြေးတစ်ခုတည်းကိုပဲ အားမကိုးစေဘဲ အလုပ်အကိုင်ရရှိအောင်၊ ဒါမှမဟုတ် တခြားသင့်လျော်တဲ့ ခံစားခွင့်တွေကို ဦးစားပေး လျှောက်ထားစေချင်တဲ့ သဘောပါပဲ။ မနှစ်က ၂၀၂၄ ခုနှစ်တုန်းက Kela ဟာ ဒီကဏ္ဍအတွက် ယူရို ၈၂၅ သန်းတောင် သုံးစွဲခဲ့ရတာမို့ အခုလို စည်းကမ်းတွေ တင်းကျပ်လိုက်ရခြင်း ဖြစ်တယ်လို့သိရှိရပါတယ်။






0

No comments

Post a Comment

blogger