Slider

၂၀၂၇ မှစ၍ နိုင်ငံသားဖြစ်ခွင့် စစ်ဆေးရေးစာမေးပွဲကို စတင်မိတ်ဆက်မည်။

ဖင်လန်နိုင်ငံ၏ နိုင်ငံသားဥပဒေများ ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ စစ်ဆေးရေးစာမေးပွဲတစ်ခုကို မိတ်ဆက်ရန် စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 
အဆိုပါ အဆိုပြုချက်သည် ဖင်လန်လူ့အဖွဲ့အစည်းနှင့် ပြည်သူ့နီတိဆိုင်ရာ မူဝါဒများအကြောင်း ဗဟုသုတရှိခြင်းကို နိုင်ငံသားဖြစ်ခွင့်အတွက် တရားဝင် လိုအပ်ချက်တစ်ခု ဖြစ်လာစေမည်ဖြစ်သည်။ ဥပဒေမူကြမ်းကို ပြည်သူလူထု၏ သဘောထားအမြင် ရယူရန် ပေးပို့ထားပြီး အကြံပြုချက်များပေးပို့ရန် နောက်ဆုံးရက်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့အဖြစ် သတ်မှတ်ထားသည်။ 
ရည်ရွယ်ချက်မှာ လူ့အဖွဲ့အစည်းအတွင်း ဝင်ဆံ့ပေါင်းစည်းမှု စံနှုန်းများကို မြှင့်တင်ရန်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Mari Rantanen က ပြောကြားခဲ့သည်။ "လက်ရှိအချိန်မှာ နိုင်ငံသားဖြစ်ဖို့အတွက် လုံလောက်တဲ့ နေထိုင်မှုကာလ၊ ကိုယ်ပိုင် ဝင်ငွေရှိမှုနဲ့ ပြစ်မှုကင်းရှင်းတဲ့ မှတ်တမ်းကောင်းတွေ လိုအပ်ပါတယ်" ဟု Rantanen က ဆိုသည်။ 
"ဒီစာမေးပွဲအသစ်က လူ့အဖွဲ့အစည်းနဲ့ အောင်မြင်စွာ ပေါင်းစည်းနိုင်ပြီး ဖင်လန်လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးထားမှုတွေကို နားလည်တဲ့သူတွေကိုသာ နိုင်ငံသားအဖြစ် ပေးအပ်သင့်တယ်ဆိုတဲ့ မူဝါဒကို ပိုမိုခိုင်မာစေမှာပါ" 
စာမေးပွဲတွင် လျှောက်ထားသူများ၏ ဖင်လန်နိုင်ငံ ဥပဒေများ၊ ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ဗဟုသုတများကို စစ်ဆေးအကဲဖြတ်မည်ဖြစ်သည်။ ၎င်းကို ဖင်လန် သို့မဟုတ် ဆွီဒင်ဘာသာစကားဖြင့် အီလက်ထရွန်နစ်စနစ်ဖြင့် ဖြေဆိုရမည်ဖြစ်သည်။ 
ဖင်လန် သို့မဟုတ် ဆွီဒင်ဘာသာစကားဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ထားသူများ သို့မဟုတ် ထိုဘာသာစကားနှစ်ခုအနက် တစ်ခုခုဖြင့် အဆင့်မြင့်ပညာဘွဲ့ ရရှိပြီးသူများဖြစ်ပါက ဖြေဆိုရန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ 
စာမေးပွဲ အကောင်အထည်ဖော်ခြင်းနှင့် စီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်များကို ဖင်လန် လူဝင်မှုကြီးကြပ်ရေးဌာန (Migri) က တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ Migri အနေဖြင့် တက္ကသိုလ်တစ်ခုနှင့် ပူးပေါင်း၍ စာမေးပွဲကို ရေးဆွဲရန် မျှော်မှန်းထားပြီး မည်သည့် တက္ကသိုလ်ဖြစ်ကြောင်းကို ဝန်ကြီးဌာနက အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ 
စာမေးပွဲ အကြောင်းအရာများသည် အများပြည်သူ လေ့လာနိုင်သော စာရွက်စာတမ်းများအပေါ် အခြေခံမည်ဖြစ်သည်။ ၎င်းသည် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိစေရန် ရည်ရွယ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 
ပါဝင်မည့် ဘာသာရပ်များတွင် ပြည်သူ့အဖွဲ့အစည်းများ လည်ပတ်ပုံ၊ တစ်သီးပုဂ္ဂလ အခွင့်အရေးနှင့် တာဝန်များ၊ တန်းတူညီမျှမှုနှင့် ဖင်လန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တန်ဖိုးထားမှုများ ပါဝင်မည်ဖြစ်သည်။ ဒစ်ဂျစ်တယ် စာမေးပွဲတွင် အဖြေမှန် ရွေးချယ်ခြင်း (Multiple-choice) နှင့် အမှား/အမှန် ဖြေဆိုခြင်း ပုံစံများ ပါဝင်မည်ဖြစ်သည်။ 
နိုင်ငံသားဥပဒေ ပြောင်းလဲမှုအစီအစဉ်များနှင့်အညီ စာမေးပွဲကို ၂၀၂၇ ခုနှစ် အစောပိုင်းမှစ၍ စတင်ကျင့်သုံးရန် စီစဉ်ထားသည်။ နိုင်ငံသားဖြစ်ခွင့် စစ်ဆေးရေးစာမေးပွဲသည် အရည်အချင်းသတ်မှတ်ချက်များကို တင်းကျပ်မှု (၃) ရပ်အနက် တစ်ခုအပါအဝင်ဖြစ်သည်။ ယခင် ပြုပြင်ပြောင်းလဲမှုများတွင် အနည်းဆုံး နေထိုင်ရမည့်ကာလကို တိုးမြှင့်ခြင်း၊ ဝင်ငွေနှင့် အကျင့်စာရိတ္တ စစ်ဆေးမှုများကို ပိုမိုတင်းကျပ်ခြင်းတို့ ပါဝင်ခဲ့သည်။


0

No comments

Post a Comment

blogger