Slider

စိုစွတ်နေသော ရေကူးဝတ်စုံကြောင့် ခန္ဒာကိုယ်အောက်ပိုင်းအင်္ဂါများတွင် ပိုးဝင်စေနိုင်။

ရေကူးပြီးနောက် ကမ်းခြေမှာ အနားယူပြီး ခြေဖဝါးကို သဲနုနုထဲ နစ်မြှုပ်ထားရတာ ဘယ်လောက် ကောင်းလိုက်မလဲ။ သဲနဲ့ အညစ်အကြေးလေးတွေဟာ ရေကူးပြီး စိုစွတ်နေတဲ့ ရေကူးဝတ်စုံ ဒါမှမဟုတ် ဘီကီနီအောက်ပိုင်းမှာ ဒိုးနပ်ကို သကြားကပ်သလို ကပ်နေတတ်ပါတယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာ အဝတ်က မြန်မြန်ခြောက်ပေမယ့် စိုစွတ်နေတဲ့ ရေကူးဝတ်စုံကို အကြာကြီး ဝတ်ထားသင့်ပါသလား။

အနည်းဆုံးတော့ ဆရာဝန်တွေကို မေးကြည့်မယ်ဆိုရင် မဝတ်သင့်ပါဘူး။ အရေပြားဆေးရုံမှ အရေပြားအထူးကုဆရာဝန် Carl Kyrklund က စိုစွတ်နေတဲ့ ရေကူးဝတ်စုံဟာ အထူးသဖြင့် အသားအရေ ထိခိုက်လွယ်သူတွေအတွက် အနီစက်ထွက်ပြီး ယားယံတဲ့ အဖုအပိမ့်တွေ ဖြစ်စေနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားတွေ ပေါက်ပွားဖို့အတွက်လည်း ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သူက ရေကူးပြီးတာနဲ့ ရေကူးဝတ်စုံကို ချက်ချင်းချွတ်ဖို့ ဒါမှမဟုတ် သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောဖို့ အကြံပြုထားပါတယ်။ ရေကူးတဲ့ရေက ဘယ်လိုပဲဖြစ်ဖြစ် ညစ်ညမ်းမှု နည်းပါးတာမျိုး မရှိသလောက်ပါပဲ။ ဒါပေမဲ့ ရေထဲမှာ အပြာစိမ်းရေမှော် (blue-green algae) တွေ ပါဝင်နေမယ်ဆိုရင် အရေပြားယားယံမှု ဖြစ်နိုင်ခြေ ပိုများတယ်လို့ Kyrlund က ပြောပါတယ်။

Terveystalo မှ မီးယပ်အထူးကုဆရာဝန် Satu Wedenoja က အထူးသဖြင့် အမျိုးသမီးတွေအတွက် စိုစွတ်နေတဲ့ ရေကူးဝတ်စုံ ဝတ်ဆင်ထားခြင်းဟာ လိင်အင်္ဂါနှုတ်ခမ်းသား ယားယံခြင်းနှင့် ရောင်ရမ်းခြင်း ကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ရေကူးဝတ်စုံမှာ ကပ်ညှိနေတဲ့ သဲတွေ ဒါမှမဟုတ် တခြားအညစ်အကြေးတွေဟာ အရေပြားပေါ်ရော၊ မိန်းမကိုယ်ထဲမှာပါ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

"လိင်အင်္ဂါနှုတ်ခမ်းသားရဲ့ အရေပြား ဒါမှမဟုတ် အချွဲအမြှေးပါးတွေ ပွတ်တိုက်မိမယ်ဆိုရင် နာကျင်တဲ့ အနာတွေ ဖြစ်လာနိုင်ပြီး တစ်ခါတစ်ရံမှာဆိုရင် ဘက်တီးရီးယားပိုးမွှား မျက်နှာပြင်ပိုးဝင်ခြင်း ဒါမှမဟုတ် မိန်းမကိုယ်ရောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်" လို့ Wedenoja က ပြောပါတယ်။

Aava Medical Center မှ မီးယပ်နှင့် သားဖွားအထူးကုဆရာဝန် Sara Veleva က Ilta-Sanomat သတင်းစာရဲ့ ယခင်ဆောင်းပါးတစ်ပုဒ်မှာ မိန်းမကိုယ်ရောင်ရမ်းခြင်းရဲ့ လက္ခဏာတွေဟာ အမျိုးမျိုး ကွဲပြားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ၎င်းတို့မှာ မိန်းမကိုယ်မှ အရည်ဆင်းခြင်း တိုးများလာခြင်း၊ မိန်းမကိုယ်နှင့် လိင်အင်္ဂါနှုတ်ခမ်းသား ယားယံခြင်းနှင့် မသက်မသာဖြစ်ခြင်းတို့ ပါဝင်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ လိင်ဆက်ဆံစဉ် ပွတ်တိုက်မှုနှင့် နာကျင်မှု ခံစားရနိုင်ခြင်း သို့မဟုတ် အနံ့ဆိုးထွက်သော မိန်းမကိုယ်မှ အရည်ဆင်းခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။

ညစ်ပတ်ပြီး စိုစွတ်နေတဲ့ ရေကူးဝတ်စုံကြောင့် လက္ခဏာတွေ ခံစားရခြင်း ရှိမရှိဆိုတာကတော့ တစ်ဦးချင်းစီရဲ့ ကိုယ်ခန္ဓာအပေါ် မူတည်ပါတယ်။ Veleva ရဲ့ အဆိုအရ သွေးဆုံးခြင်းကြောင့် မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ ကိုယ်ဝန်တားဆေး ဒါမှမဟုတ် IUD အသုံးပြုခြင်းတို့လို အကြောင်းအချက်တွေက မိန်းမကိုယ်ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

"ပြင်ပဘက်တီးရီးယားပိုးမွှားတွေနဲ့ ထိတွေ့မှုတိုင်းက မိန်းမကိုယ်ကို ယာယီပြောင်းလဲမှုတွေ ဖြစ်စေပေမယ့် ကျန်းမာတဲ့ အမျိုးသမီးရဲ့ မိန်းမကိုယ်ကတော့ အခြေအနေကို သူ့ဘာသာသူ ပြန်လည်ပြင်ဆင်နိုင်ပါတယ်" ဟု သူမက ပြောကြားခဲ့သည်။



0

No comments

Post a Comment

blogger