Slider

ဖင်လန်နိုင်ငံ၌ နှစ်များအတွင်း ရေနစ်သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်

 ဟယ်လ်စင်ကီ၊ မေ ၉၊ ၂၀၂၅။  ။ ဖင်လန်နိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ရေနစ်သေဆုံးသူဦးရေမှာ ၂၉ ဦးအထိရှိခဲ့ပြီး၊ ယင်းပမာဏမှာ လွန်ခဲ့သောနှစ်များအတွင်း အမြင့်ဆုံးဖြစ်ကြောင်း ဖင်လန်ရေကူးသင်ကြားရေးနှင့် အသက်ကယ်အဖွဲ့ချုပ် (SUH) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ရေနစ်သေဆုံးသူဦးရေမှာ နှစ်ဆကျော် မြင့်တက်လာခြင်းဖြစ်သည်။

SUH မှ ရေဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူ အန်း ဟေလ်တူနန်က ယခုအရေအတွက်ကို "အလွန်စိတ်မကောင်းဖွယ်ရာ များပြားခြင်း" ဟု မှတ်ချက်ပြုခဲ့သည်။ "ရေခဲပြင်ကျိုးကျမှုများ သို့မဟုတ် အသက်အန္တရာယ်နှင့် နီးကပ်သည့် အခြေအနေများမှာ ယခင်နှစ်များထက် သိသိသာသာ ပိုမိုများပြားခဲ့ပါတယ်။ ဖြစ်စဉ်အများအပြားမှာ လူတစ်ဦးထက်ပိုပြီး ပါဝင်ခဲ့ကြပြီး အရွယ်မရောက်သေးသူတွေတောင်မှ ပြင်းထန်တဲ့အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ရေနစ်သေဆုံးမှုများအနက် ၁၇ ဦးမှာ ရေခဲပြင်ပေါ်မှ ပြုတ်ကျခြင်းကြောင့်ဖြစ်ပြီး၊ တစ်ဦးမှာ ရေကူးနေစဉ်၊ နှစ်ဦးမှာ ရေထဲသို့ ချော်ကျခြင်းကြောင့် သေဆုံးခဲ့သည်။ ကျန် ၉ ဦး၏ သေဆုံးမှုအခြေအနေကိုမူ တိတိကျကျ မသိရှိရသေးပေ။

ဟေလ်တူနန်က ပြောင်းလဲလာသော ရာသီဥတုနှင့် အပူချိန်အတက်အကျ မတည်ငြိမ်မှုများကြောင့် ရေခဲပြင်၏ ဘေးကင်းမှုကို အကဲဖြတ်ရန် ပိုမိုခက်ခဲလာသည်ဟု ဆိုသည်။ ပြည်သူများအနေဖြင့် သတိပေးချက်များကို အလေးအနက်ထားမှု အားနည်းနေကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။ "ပြည်သူတွေဟာ သင့်လျော်တဲ့ အကာအကွယ်ပစ္စည်းတွေမပါဘဲ ဒါမှမဟုတ် ကိုယ်ခန္ဓာကြံ့ခိုင်မှုမရှိဘဲ ရေခဲပြင်ပေါ်ထွက်နေကြတယ်" ဟု ဟေလ်တူနန်က ပြောသည်။

၂၀၂၅ ခုနှစ်အစောပိုင်း ရေနစ်သေဆုံးမှုများ၏ ဒေသအလိုက်ခွဲဝေမှုကို ကြည့်လျှင် ဖင်လန်အနောက်နှင့် ဖင်လန်အတွင်းပိုင်းဒေသတွင် ၁၁ ဦး၊ ဖင်လန်တောင်ပိုင်းတွင် ၈ ဦး၊ ဖင်လန်အရှေ့တွင် ၄ ဦး၊ဖင်လန် မြောက်ပိုင်းတွင် ၃ ဦး၊ ဖင်လန်အနောက်တောင်ပိုင်းတွင် ၂ ဦးနှင့် လက်ပ်လန်ဒေသတွင် ၁ ဦး အသီးသီး သေဆုံးခဲ့ကြောင်း သိရသည်။

SUH အဖွဲ့ချုပ်အနေဖြင့် ရေခဲဆူးချွန်များ ဝတ်ဆင်ခြင်း၊ ရေပေါ်အသက်ကယ်ပစ္စည်းများ အသုံးပြုခြင်းနှင့် ရေခဲပြင်ပေါ်တွင် တစ်ဦးတည်း ခရီးသွားလာခြင်းကို ရှောင်ကြဉ်ခြင်းကဲ့သို့သော အခြေခံဘေးကင်းရေး ကြိုတင်ကာကွယ်မှုများ၏ အရေးကြီးပုံကို ဆက်လက်အလေးထား တိုက်တွန်းလျက်ရှိသည်။ အဖွဲ့ချုပ်က ဆောင်းရာသီများသည် ပိုမိုခန့်မှန်းရခက်လာသည်နှင့်အမျှ တည်မြဲနေသော မှားယွင်းသည့် လုံခြုံစိတ်ချရမှု အသိအပေါ်တွင်လည်း သတိပေးထားသည်။



0

No comments

Post a Comment

blogger