ဖင်လန်နိုင်ငံက ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် (၈) နှစ် ဆက်တိုက် ရပ်တည်ခဲ့ကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဥ်တစ်ခုဖြစ်သော Sustainalbe Development Solutions Network ၏ နောက်ဆုံး အစီရင်ခံစာက ဖော်ပြသည်။ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်ကဲ့သိုပင် ဖင်လန်က ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ပျော်ရွှင်မှုနေ့ (International Day of Happiness) အထိမ်းအမှတ် ထုတ်ပြန်သည့် အစီရင်ခံစာက ပြောသည်။
နေက်ထပ် နော်ဒစ် (Nordic) နိုင်ငံ ဒိန်းမတ်က ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံများ စာရင်း၏ ဒုတိယနေရာတွင် ရပ်တည်ခဲ့ပြီး ၎င်း၏နောက်တွင် အိုက်စလန်၊ ဆွီဒင်၊ နယ်သာလန်နှင့် ကော်စတာရီကာ နိုင်ငံတို့က အစဥ်လိုက် ရပ်တည်ခဲ့သည်။ တာလီဘန်စစ်သွေးကြွအုပ်စု တစ်ကျော့ပြန် အာဏာရလာသည့် အာဖဂန်နစ္စတန်နိုင်ငံမှာ (၁၄၇) နိုင်ငံ ပါဝင်သော ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံများ စာရင်း၏ အောက်ခြေတွင် ရောက်နေပြီး ၎င်း၏နောက်တွင် ဆီရာလီယွန်၊ လက်ဘနွန်၊ မာလာဝီနှင့် ဇင်ဘာဘွေ နိုင်ငံတို့ ဖြစ်သည်။ မြန်မာနိုင်ငံမှာ ထိုစာရင်းတွင် အဆင့် (၁၁၈) နေရာ၌ ရပ်တည်ခဲ့သည်။
နိုင်ငံများ၏ အဆင့်သတ်မှတ်ချက်များကို နိုင်ငံတစ်ခုစီရှိ လူဦးရေ အားလုံး၏ ဘဝအရည်အသွေးဆိုင်ရာ (၃) နှစ်အတွင်း ပျမ်းမျှ အကဲဖြတ်ချက်ကို အခြေခံကြောင်း Sustainalbe Development Solutions Network က သတင်းထုတ်ပြန်ချက်တွင် ပြောထားသည်။ စီးပွားရေး၊ စိတ်ပညာ၊ လူမှုဗေဒနှင့် အခြားနယ်ပယ်များမှ ကျွမ်းကျင်သူများက နိုင်ငံအလိုက်နှင့် အချိန်ကာလအလိုက် ကွဲပြားမှုများကို လူတစ်ဦးချင်းစီ၏ GDP၊ ကျန်းမာသော လူ့သက်တမ်း၊ အားထားရသူရှိခြင်း၊ လွတ်လပ်မှုရှိကြောင်း ခံစားမှု၊ ရက်ရောမှုနှင့် အဂတိလိုက်စားမှုဆိုင်ရာ အမြင်များကဲ့သို့သော အချက်များကို အသုံးပြုသည်။
“လူသားတွေရဲ့ ပျော်ရွှင်မှုက အခြားသူတွေနဲ့ ဆက်ဆံရေးပေါ် မူတည်ပါတယ်။ အပြုသဘောဆောင်တဲ့ လူမှုဆက်ဆံရေးများကို ရင်းနှီးမြှုပ်နှံခြင်းနဲ့ ကြင်နာသော လုပ်ရပ်တွေမှာ ပါဝင်ခြင်းတို့က ပိုမိုမြင့်မားသော ပျော်ရွှင်မှုနဲ့ လိုက်ဖက်ညီပါတယ်" ဟု Simon Fraser University မှ လူမှုစိတ်ပညာ ပါမောက္ခနှင့် World Happiness Report ၏ တည်းဖြတ်သူ Lara B. Aknin က ပြောသည်။
No comments
Post a Comment